ကာလရှည်ကြာ စစ်တပ်အုပ်ချုပ်မှုအောက် ရောက်ခဲ့တဲ့ မြန်မာနိုင်ငံမှာ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြခွင့်ကို ပထမဆုံးအကြိမ်အဖြစ် ခွင့်ပြုလိုက်ပါပြီ။ ဒီလို ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့် ဥပဒေကို မနေ့က သမ္မတ ဦးသိန်းစိန်က လက်မှတ်ထိုး ထုတ်ပြန်လိုက်ပါတယ်။ ဒီဥပဒေကို လက်တွေ့ကျင့်သုံးဖို့ ဘယ်လို အခြေအနေရှိပါသလဲ။ ကိုဝင်းမင်းက မေးမြန်းတင်ပြထားပါတယ်။
ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့် ဥပဒေကို ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ (၃၅၄) ပုဒ်မခွဲ (ခ) မှာပါတဲ့ နိုင်ငံတော် ဥပဒေစိုးမိုးရေးနဲ့ အေးချမ်းသာယာရေးကို မဆန့်ကျင်ရင် ဆန္ဒပြခွင့်ရှိတယ်ဆိုတဲ့ အချက်အရ ဒီဥပဒေကို ထုတ်ပြန်လိုက်တာပါ။ ပါလီမန်လွှတ်တော် နှစ်ခုလုံးဘက်ကလည်း ပြီးခဲ့တဲ့ နိုဝင်ဘာလကပဲ ဆွေးနွေးဆုံးဖြတ်ချက် ချပေးခဲ့ပြီး အခုတော့ သမ္မတက လက်မှတ်ထိုးအတည်ပြု ပေးလိုက်တာပါ။
ဒီဥပဒေဖြစ်မြောက်ရေး ပါလီမန်ထဲမှာ ဆွေးနွေးစဉ်က ပြည်ထဲရေးဝန်ကြီးနဲ့ လွှတ်တော်အမတ် တချို့အကြား လုပ်ပိုင်ခွင့်တွေကို အပြန်အလှန် ငြင်းခုန်ဆွေးနွေးပြီး အကြီးအကျယ် အပေးအယူ လုပ်ခဲ့ကြရပါတယ်။ အဲဒီတော့ အခုပြဌာန်းလိုက်တဲ့ ဥပဒေကြောင့် ဆန္ဒပြရင်အဖမ်းခံရမယ့် မြန်မာနိုင်ငံမှာ အခုတော့ ဒီခွင့်ပြုချက်ရရင် ဆန္ဒပြခွင့်ရတော့မယ်လို့ လွှတ်တော်ထဲမှာ အဓိက ဆွေးနွေးခဲ့သူတစ်ဦးဖြစ်တဲ့ သင်္ကန်းကျွန်းက လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွှန့်က ဆိုပြီး ဒီဥပဒေထဲမှာ အားနည်းချက်တွေ ရှိနေသေးပေမဲ့လည်း တကယ် လက်တွေ့ အသုံးချနိုင်မယ့် အနေအထားနဲ့ အကျိုးရှိနိုင်ပုံကို အခုလို ရှင်းပြပါတယ်။
“ကျနော်တို့ မဲဆန္ဒနယ် လူထုရဲ့ နစ်နာမှု အခွင့်အရေးတွေကို သုံးဖို့ လက်နက်တစ်ခု ရလာပြီပေါ့ဗျာ။ ကျနော်တို့နိုင်ငံရဲ့ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး တစုံတရာ တိုးတက်လာပြီလို့ ကျနော် ပြောပါရစေ။ ကျနော့် အနေနဲ့ကတော့ အခု သင်္ကန်းကျွန်း ဈေးသူဈေးသားတွေကို မတော်မတရားပေါ့ဗျာ မီးလောင်ပြီးတဲ့နောက် ဆိုင်ခန်းနေရာ ပြန်မပေးဘူးဆိုရင် ကျနော် မနက်ဖြန်ကို စည်ပင်သာယာရေးက တာဝန်ရှိသူတွေနဲ့ ကျနော်တို့ဒီက သင်္ကန်းကျွန်း လွှတ်တော်ကိုယ်စားလှယ်သုံးယောက် ကျနော်တို့ ဆွေးနွေးမယ်။ ဆွေးနွေးလို့ မပြေလည်ရင် လွှတ်တော်လမ်းကြောင်းနဲ့ ကျနော်တို့ တင်မယ်။ လွှတ်တော်လမ်းကြောင်းတင်လို့မှ အဆင်မပြေရင် မတင်ခင်မှာသော်လည်းကောင်း၊ တင်ပြီးရင်သော်လည်းကောင်း ကျနော်ကိုယ်တိုင် ဒီဥပဒေကို သင်္ကန်းကျွန်းမှာ လက်တွေ့ကျင့်သုံးဖို့ ပြင်ဆင်ထားပါတယ်။ ဥပဒေအတိုင်း ကျနော် စမ်းသပ်မယ်လေ။ ကျနော်ကိုယ်တိုင် လျှောက်လွှာတင်မယ်။ သူတို့သတ်မှတ်ထားတဲ့ ကိုယ်ရေးရာဇဝင်တွေ ဖြည့်မယ်။ ဥပမာ ဆိုပါတော့။ သင်္ကန်းကျွန်းဈေး ဆိုရင် သင်္ကန်းကျွန်းဈေးရှေ့မှာ ကျနော်တို့ ပိုစတာတွေ ထူပြီးတော့ အလံတွေ ထူပြီးတော့ ကျနော်တို့ ဆန္ဒပြဖို့နေရာအတွက် တောင်းမယ်။ ၅ ရက်ကြိုပြီးတင်မယ်။ သူတို့က ၄၈ နာရီ ကြိုတင် အကြောင်းကြားရမယ်တဲ့။”
ဒီအားနည်းချက်တွေ ရှိနေသေးပေမဲ့ တဖြည်းဖြည်း ပြုပြင်သွားရင် ရနိုင်မယ့်ဒီဥပဒေကြောင့် အခြား လုပ်နိုင်တဲ့ကိစ္စတစ်ခုကလည်း သူကိုယ်စားပြုတဲ့ သင်္ကန်းကျွန်းမြို့နယ် ဇ မြောက်ရပ်ကွက်က ဆင်းရဲသား ၂၀၀ ခန့်ကို မတရားမောင်းထုတ်ခံထားရတဲ့ကိစ္စအတွက် လိုအပ်ရင် ဆန္ဒပြတာလည်း လုပ်နိုင်မယ်လို့ ဆိုပါတယ်။ ဦးသိန်းညွှန့်ကပဲ ဒီဥပဒေထဲမှာရှိတဲ့ အားနည်းချက်တချို့ကို သူ ပါလီမန်ထဲမှာ ပြင်ဆင်ဖို့အတွက် ကြိုးစားဆွေးနွေးခဲ့သေးတယ်။ ဒါပေမဲ့ ပြည်ထဲရေးဝန်ကြီးနဲ့ အတိုက်အခံ ဆွေးနွေးခဲ့ရပြီး အောင်မြင်မှုတော့ မရခဲ့ဘူးလို့ ဆိုပါတယ်။ အဲဒီအားနည်းချက်တွေထဲက တစ်ချက်ကတော့ ဒေသဆိုင်ရာ စည်းကမ်းနဲ့အညီလို့ သတ်မှတ်ထားတာနဲ့ အယူခံကို ခန့်အပ်တဲ့ ဗျူရိုကရေစီအရာရှိက ဆုံးဖြတ်မှာဖြစ်ပြီး ပါလီမန်လွှတ်တော်က တဆင့် ရွေးချယ်တဲ့သဘောရှိတဲ့ လူထုကို ပို ကိုယ်စားပြုနိုင်တဲ့ ကိုယ်စားလှယ်တွေဘက်က မဆုံးဖြတ်နိုင်တဲ့ အချက် ဖြစ်တယ်လို့ ဆိုပါတယ်။
“ဒေသခံစည်းကမ်းချက်များဆိုတာ ကျနော်တို့ လက်မခံနိုင်ဘူး။ ဒါက ဥပဒေမဟုတ်ဘူး။ လိုသလို အဓိပ္ပါယ်ဖွင့်နိုင်တဲ့အတွက် ဥပဒေသမားတစ်ယောက်အနေနဲ့ပြောရင် အဲဒီလို တိတိကျကျမရှိတဲ့ အဓိပ္ပါယ်ဖွင့်ဆိုမှုမျိုးကို ကျနော် မလိုချင်ဘူး။ အားလုံးသိတဲ့အတိုင်းပဲလေ တော်တော်များများ အောက်ခြေလဝန်ထမ်းတွေက လာဘ်မပေးရင် ဘာမှလုပ်ခွင့် ပေးချင်တာမဟုတ်ဘူး။ ကျနော် စိုးရိမ်တာ အဲဒါတွေ။ ဆန္ဒပြဖို့ပါ လာဘ်ပေးရမယ်ဆိုရင် ကျနော်တို့ ဒုက္ခရောက်ပြီ။”
ဦးသိန်းညွှန့်ကပဲ အခုလို အခက်အခဲတွေ ရှိနေပေမဲ့လည်း အိမ်တစ်ခု ရလိုက်သလိုပဲ ဒီအိမ်ထဲက တချို့ အားနည်းချက်တွေကို တဖြည်းဖြည်း ပြင်သွားနိုင်မယ်လို့ မျှော်လင့်ကြောင်း ဆိုပါတယ်။