သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံတွင်း လွတ်လပ်ခွင့်ပိုရလာဟု Freedom House ထုတ်ပြန်


မြန်မာနိုင်ငံဟာ နိုင်ငံရေးအရအခွင့်အရေးတွေနဲ့ လူမှုလွတ်လပ်ခွင့်တွေမှာ အခြေအနေတွေ တိုးတက်လာတယ်လို့ ၂၀၁၃ ခုနှစ် ကမ္ဘာတဝှမ်း နိုင်ငံတွေရဲ့ လွတ်လပ်မှုကိုဖော်ပြတဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီအခြေစိုက် Freedom House လို့ခေါ်တဲ့ ကမ္ဘာတဝှမ်းနိုင်ငံတွေရဲ့ လွတ်လပ်မှုနဲ့ ပတ်သက်ပြီး စောင့်ကြည့်နေတဲ့ ဒီအဖွဲ့ ရဲ့ အစီရင်ခံစာက ဆိုထားပါတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးလွတ်လပ်မှုဟာ အဆိုးဆုံး အဆင့် သတ်မှတ်ချက် ၇ ရှိခဲ့ရာကနေ အခုအခါမှာ ၆ အထိတက်လာခဲ့ပြီး လူမှု လွတ်လပ်ခွင့် မှာတော့ အဆင့် ၆ ကနေ ၅ အထိ တက်လာခဲ့တာဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ အဖိနှိပ်ဆုံးအစိုးရအောက်မှာ ရှိလာခဲ့တဲ့ မြန်မာနိုင်ငံဟာ ၂၀၁၀ ရွေးကောက်ပွဲ အလွန် အစိုးရသစ်လက်ထက် ပြုပြင် ပြောင်းလဲရေးလုပ်ငန်းတွေ စတင်လုပ်ဆောင်ခဲ့ရာကနေ အဓိကအတိုက်အခံ နိုင်ငံရေးပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကို ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ အတိုင်းအတာတခုအထိ လွတ်လပ်စွာစည်းရုံးလှုပ်ရှားခွင့်ပေးပြီး ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပေးခဲ့သလို မြန်မာနိုင်ငံအတွင်းမှာ နှစ်ပေါင်းများစွာ သတင်း မီဒီယာတွေ အပေါ် ကန့်သတ်ပိတ်ပင်ထားတာတွေကိုလည်း လျှော့ချပေးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပုဂ္ဂလိကဆွေးနွေးမှုခန်း၊ လူထုစုဝေးပွဲတွေ၊ လူထုအခြေပြုလူမှုအဖွဲ့အစည်းတွေ၊ ပုဂ္ဂလိ က စီးပွားရေးလုပ်ငန်းတွေနဲ့ တခြား လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီးတော့ ကန့်သတ်ပိတ်ပင်ထား တာတွေက လျှော့ချလာခဲ့သလို လွန်ခဲ့တဲ့ ၂ နှစ်အတွင်း လွတ်လပ်စွာ ဆန္ဒဖော်ပြခွင့်နဲ့ လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းပိုင်ခွင့်တွေမှာလည်း တိုးတက်မှုတွေ ရှိလာခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့လည်း မြန်မာနိုင်ငံရဲ့ အနေအထားဟာ လွတ်လပ်တဲ့အနေအထားမရှိသေးဘူးဆိုထားပြီး အစိုးရအာဏာပိုင်တွေထဲမှာ အာဏာသုံး ဖိနှိပ်တာတွေနဲ့ မြေယာသိမ်းဆည်းတာတွေ၊ တရား စီရင်ရေးလွတ်လပ်ခွင့်မရှိတာ စတဲ့အခွင့်အရေးချိုးဖောက်တာတွေ ရှိနေတုန်းပဲ လို့ ထောက်ပြ ထားပါတယ်။ နိုင်ငံရေးအရအခွင့်အရေးတွေနဲ့ လူမှုလွတ်လပ်ခွင့်တွေမှာ အခြေအနေတွေ တိုးတက်လာတာကြောင့် မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံထက် သာသွားပြီဖြစ်တယ်လို့ ပြော ထားပါတယ်။

အာရှနိုင်ငံတွေထဲမှာ မြန်မာအပြင် တခြားတိုးတက်မှုတွေရှိလာတာတွေကတော့ ဘူတန်၊ အိန္ဒိယ ကက်ရှ်မီးယားဒေသ၊ မွန်ဂိုးလီးယား တို့ပါဝင်ပြီး အီရတ်၊ ကူဝိတ်၊ မော်လ်ဒိုက်ဗ်နဲ့ သီရိ လင်္ကာနိုင်ငံတို့ကတော့ အခြေအနေ ကျဆင်းသွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
XS
SM
MD
LG