မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ ရောင်းချနေတဲ့ ဓာတ်ဆီဈေးနှုန်းကို နှစ်ဆန်း ၁ ရက်နေ့မှာပဲ ၃၀% ကျော် တိုးမြှင့်လိုက်ပါတယ်။ ဓာတ်ဆီ တစ်ဂါလံကို မူလက ၂,၅၀၀ ကျပ်နှုန်းနဲ့ ရောင်းချနေရာက တနင်္ဂနွေနေ့ကစလို့ ၃,၃၅၀ ကျပ်နှုန်းနဲ့ အစိုးရပိုင် ဆိုင်တွေမှာ စတင် ရောင်းချတာကို ယာဉ်ပိုင်ရှင်တွေ ရုတ်တရက် သိခဲ့ကြရတာပါ။ သဘာဝဓာတ်ငွေ့ (CNG) နဲ့ ဒီဇယ်ဈေးနှုန်းတွေကတော့ အပြောင်းအလဲ မရှိခဲ့ပါဘူး။
လွန်ခဲ့တဲ့ ၂ နှစ်ကစလို့ အစိုးရက ဓာတ်ဆီဆိုင်တွေကို ပုဂ္ဂလိက လုပ်ငန်းရှင်တွေကိုပါ စတင် လုပ်ကိုင်ခွင့် ပြုခဲ့ပေမဲ့ ဈေးနှုန်းနဲ့ ဖြန့်ဖြူးမှုတွေကိုတော့ ဆက်လက် ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။ ယာဉ်တစ်စင်းအတွက် တစ်နေ့ကို ဓာတ်ဆီ ၂ ဂါလံနှုန်းသာ ဖြည့်ခွင့် ပြုထားတာ ဖြစ်တဲ့အတွက် ပြင်ပမှောင်ခို ဓာတ်ဆီဈေးကွက်လည်း ဆက်လက်ရှိနေခဲ့တာပါ။
လောင်စာဆီဈေးနှုန်း ရုတ်တရက် တိုးမြှင့်တဲ့အတွက် ကုန်ဈေးနှုန်းတွေ တက်ခဲ့ရာက ဈေးနှုန်းတွေ ပြန်ချပေးဖို့ တောင်းဆိုဆန္ဒပြ လှုပ်ရှားမှုတွေလည်း ၂၀၀၇ ခုနှစ်မှာတုန်းက ပေါ်ပေါက်ခဲ့ဖူးပါတယ်။ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ် မတ်လကုန်ကစလို့ အစိုးရသစ် တက်လာပြီးတဲ့နောက် နိုင်ငံရေးနဲ့ စီးပွားရေး အပြောင်းအလဲတွေ လုပ်ဆောင်လာတာနဲ့အတူ အစိုးရက သတ်မှတ်ထားတဲ့ အခွန်အခတွေ၊ နှုန်းထားတွေကိုလည်း ပြင်ဆင်မှုတွေ လုပ်လာခဲ့တာပါ။
ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းမှာပဲ လျှပ်စစ်မီတာခတွေကို နှစ်ဆတိုး ကောက်ခံမယ်လို့ အစိုးရ တာဝန်ရှိသူတွေ ပြောခဲ့ကြတာဖြစ်ပေမဲ့ လူတွေရဲ့ မကျေမနပ်သံတွေ ထွက်ပေါ်လာပြီးတဲ့ နောက်မှာတော့ ဒီအစီအစဉ်ကို ချက်ချင်းလက်ငင်း စတင်မှာ မဟုတ်သေးဘူးလို့ နောက်ပိုင်းမှာ ပြောဆိုလာကြတာလည်း ဖြစ်ပါတယ်။