သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာဆေးရုံနှစ်ခုအတွက် GE လျှပ်စစ်ကုမ္ပဏီ ဓာတ်မှန်စက်များ ရောင်း


မြန်မာနိုင်ငံအပေါ် စီးပွားရေးဆိုင်ရာ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို အမေရိကန်အစိုးရက တရားဝင်ဖယ်ရှားပေးလိုက်ပြီး ရက်ပိုင်း အတွင်းမှာပဲ General Electric – GE ကုမ္ပဏီက ရန်ကုန်က ပုဂ္ဂလိက ဆေးရုံနှစ်ရုံကို ဓာတ်မှန်ရိုက်ကူးစက်တွေ ရောင်းချဖို့ လက်မှတ်ရေးထိုးလိုက်ပြီ ဖြစ်ပါတယ်။ Sea Lion ဆိုတဲ့ မြန်မာကုမ္ပဏီကတဆင့် ဒေါ်လာ ၂ သန်းဖိုး အဲဒီ စက်ကိရိယာတွေကို ရောင်းချမှာဖြစ်တယ်လို့ GE ကုမ္ပဏီက ပြောပါတယ်။ အခုဆို စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုလည်း မရှိတော့ဘူးဆိုတော့ တခြား စီးပွားရေးလုပ်ငန်းတွေ ဘက်ကိုလည်း ချဲ့ထွင်လုပ်ဆောင်သွားဖို့ ကြည့်နေတယ်လို့ GE ကုမ္ပဏီ အာရှဌာနခွဲရဲ့ အကြီးအကဲ Stuart Dean က ပြောပါတယ်။

အမေရိကန်အစိုးရဟာ မြန်မာနိုင်ငံအပေါ် စီးပွားရေးဆိုင်ရာ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ဗုဒ္ဓဟူးနေ့ကပဲ တရားဝင် ရုတ်သိမ်း ပေးလိုက်တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ ထပ်ပြီး လုပ်ဆောင်နိုင်ရေးနဲ့ ပတ်သတ်ပြီး ဆွေးနွေးဖို့အတွက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် (Hillary Clinton) ဟာ မြန်မာ သမ္မတဦးသိန်းစိန်နဲ့ ကမ္ဘောဒီးယားနိုင်ငံမှာ သောကြာနေ့က တွေ့ဆုံခဲ့ပါတယ်။ မြန်မာအရာရှိတွေဟာ ကုမ္ပဏီကြီးတွေက ကိုယ်စားလှယ် (၇၀) လောက်ကို ဖိတ်ကြားပြီး တွေ့ဆုံနေပေမဲ့ အရင်က စစ်အစိုးရကြောင့် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြူလုပ်ခံရပြီး နှစ်ပေါင်းများစွာ အထီးကျန်ဖြစ်ခဲ့တာကြောင့် နိုင်ငံခြားက ရင်းနှီးမြှုပ်နှံသူတွေကို ဆွဲဆောင်တဲ့နေရာမှာ အခက်အခဲ အများကြီးနဲ့ ကြုံတွေ့နေရပါတယ်။

အခက်အခဲတွေထဲက အဆိုးဆုံးကတော့ ခေတ်မမှီတော့တဲ့ အခြေခံ အဆောက်အအုံတွေပဲ ဖြစ်ပြီး အဲဒီထဲမှာ လျှပ်စစ်ပေးဝေရေး စနစ်က အမြဲတမ်း ပြဿနာပေါ်နေတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးဝင်းအောင်ကတော့ ခုလို စက်မှုအင်အားကြီး နိုင်ငံတွေက စီးပွားရေးလုပ်ငန်းရှင်တွေ လာရောက်တာကနေ မြန်မာနိုင်ငံအတွက် စီးပွားရေး အခွင့်အလမ်းတွေ ပွင့်လာဖို့ မျှော်လင့်ရတယ်လို့ ဗွီအိုအေ မြန်မာပိုင်းကို ပြောပြပါတယ်။

XS
SM
MD
LG