သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ခေါင်းဆောင်များ ရာထူးမှ နုတ်ထွက်


မြန်မာနိုင်ငံရဲ့ စစ်တပ် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ စစ်ရာထူးက နုတ်ထွက်လိုက်ပြီ ဖြစ်ပါတယ်။ သူနဲ့အတူ ထိပ်တန်း အရာရှိကြီး ၂၀ လောက် စစ်ရာထူးတွေကို စွန်လွှတ်ခဲ့ကြပါတယ်။ နိုဝင်ဘာလ ၇ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ အရပ်သား အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် အခုလို နုတ်ထွက်ကြတာဖြစ်တယ်လို့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ ဒီအကြောင်း အပြည့်စုံကို မခင်ဖြူထွေးက တင်ပြထားပါတယ်။

မြန်မာနိုင်ငံ စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးဆောင်တဲ့ ထိပ်တန်း ခေါင်းဆောင်တွေဟာ စစ်ရာထူး အသီးသီးက နုတ်ထွက်လိုက်ကြပြီ ဖြစ်ပါတယ်။ စစ်ရာထူးကို စွန့်လွှတ်ကြတဲ့ အရာရှိကြီး ၂၀ နီးပါး အနက် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့ကတော့ နိုင်ငံတော်အကြီးအကဲ နဲ့ ဒုတိယ အကြီးအကဲတွေ အဖြစ် ဆက်လက်ရှိနေကြဦးမယ်လို့ သိရပါတယ်။

ဗိုလ်ချုပ်ကြီး သူရရွှေမန်း အပါအဝင် ကျန် ဗိုလ်ချုပ်ကြီးတွေကတော့ အရပ်သားတွေအဖြစ်နဲ့ နိုဝင်ဘာ ၇ ရက်နေ့ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်တယ်လို့ နေပြည်တော် အသိုင်းအဝိုင်း သတင်းရပ်ကွက်က ဆိုပါတယ်။

ဦးသန်းရွှေနဲ့ ဦးမောင်အေး တို့ ရွေးကောက်ပွဲဝင်မယ် မဝင်ဘူးဆိုတာတော့ မသိရသေးပါဘူး။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ အသက် ၇၈ နှစ် ရှိပြီဖြစ်ပြီး အခု နုတ်ထွက်ကြရတဲ့ အရာရှိကြီး အားလုံးဟာ ၆၀ ကျော်အရွယ်နဲ့ အများအားဖြင့် စစ်တက္ကသိုလ် ဗိုလ်သင်တန်း အမှတ်စဉ် (၁၇) မှာ တက်ရောက်ခဲ့ကြသူတွေ ဖြစ်ကြပါတယ်။ ဒီရာထူးနေရာ အတော်များများကို ဗိုလ်သင်တန်း အမှတ်စဉ် (၁၈)၊ (၁၉) က အရာရှိ တွေနဲ့ အစားထိုးတယ်လို့လည်း သိရပါတယ်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေနေရာမှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အဖြစ် ယခင် စစ်ရေးချုပ် သူရမြင့်အောင်၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး နေရာမှာ တပ်မတော် ဒုတိယ ကာကွယ်ရေး ဦးစီးချုပ်အဖြစ် ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကို တို့ကို အစားထိုးခန့်အပ်ပြီး ဗိုလ်ချုပ်ကြီး သူရရွှေမန်းရဲ့ ပူးတွဲ ညှိနှိုင်းကွပ်ကဲရေးမှူး ကြည်း ရေ လေ အဖြစ် ယခင် စစ်ဆင်ရေး အထူးအဖွဲ့ (၂) ဒုတိယ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကို အစားထိုး ခန့်အပ်လိုက်တယ်လို့ သိရပါတယ်။

တပ်မတော် လုံခြုံရေး အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်နေရာကို အနောက်တောင်တိုင်း တိုင်းမှူး ဗိုလ်ချုပ် ကျော်ဆွေနဲ့ အစားထိုး ခန့်အပ်လိုက်တယ်လို့ သိရပါတယ်။ ရေတပ်နဲ့ လေတပ်ရာထူးတွေမှာတော့ အပြောင်းအလဲရှိတယ်လို့ မကြားရပါဘူး။

လာမယ့် တနင်္ဂလာနေ့ သြဂုတ်လ (၃၀) ရက်နေ့ဟာ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းရမယ့် နောက်ဆုံးနေ့ဖြစ်ပါတယ်။ အဲဒီနေ့အမီ စာရင်းတင်နိုင်ဖို့အတွက် အခုလို ရာထူးက နုတ်ထွက်ကြတာ ဖြစ်လိမ့်မယ်လို့ သုံးသပ်သူတွေက ဆိုကြပါတယ်။ ဒီလို အချိန်မီ စာရင်းတင်သွင်းနိုင်ဖို့ သက်ဆိုင်ရာ ရုံးတွေ၊ ဘဏ်တွေကို အခု စနေနဲ့ တနင်္ဂနွေနေ့ တွေမှာပါ ဖွင့်ထားပေးမယ်လို့ ရွေးကောက်ပွဲကော်မရှင်က ကြေညာထားပါတယ်။ ဒီလို စစ်ဗိုလ်ဘဝက အရပ်ဝတ်လဲပြီး ရွေးကောက်ပွဲ ဝင်မယ့်သူတွေဟာ အခု ရွေးကောက်ပွဲအပြီး အာဏာပိုင်အဖွဲ့အစည်းတွေမှာ စစ်တပ်က ရယူမယ့် ၂၅ % မှာ အကျုံးမဝင်တဲ့ စစ်အရာရှိ တဖြစ်လဲတွေလည်း ဖြစ်ကြပါတယ်။

XS
SM
MD
LG