သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂီရိမုန်တိုင်း အားပျော့ပြီး မြန်မာနိုင်ငံအလယ်ပိုင်း ဝင်ရောက်


ဂီရိမုန်တိုင်း အားပျော့ပြီး မြန်မာနိုင်ငံအလယ်ပိုင်း ဝင်ရောက်
ဂီရိမုန်တိုင်း အားပျော့ပြီး မြန်မာနိုင်ငံအလယ်ပိုင်း ဝင်ရောက်

ဂီရိ ဆိုင်ကလုံးမုန်တိုင်းဟာ ရခိုင်ကမ်းရိုးတန်းကို ဖြတ်ကျော်ပြီး ကုန်တွင်ပိုင်း မြန်မာနိုင်ငံ အလယ်ပိုင်းကို မုန်တိုင်းငယ်အဖြစ် ဝင်ရောက်ချိန်မှာတော့ အားပျော့သွားပြီ ဖြစ်ပါတယ်။ မုန်တိုင်း ပြင်းပြင်းထန်ထန် သင့်ခဲ့တဲ့ ရခိုင်ဘက်မှာ ကယ်ဆယ်ရေး လုပ်ငန်းတွေ စတင်နေပါပြီ။ မုန်တိုင်းငယ်ဖြတ်သွားတဲ့ မြန်မာနိုင်ငံအလယ်ပိုင်း မြို့အချို့မှာ ပျက်စီးမှုတွေလည်း ရှိခဲ့ပါတယ်။ ကိုသားညွန့်ဦးက စုံစမ်းမေးမြန်းထားပါတယ်။

ဂီရိ ဆိုင်ကလုံးမုန်တိုင်းဟာ ရခိုင်ကမ်းရိုးတန်းဒေသကို ဖြတ်ပြီး မြန်မာနိုင်ငံအလယ်ပိုင်း ကုန်တွင်း မုန်တိုင်းငယ်အဖြစ် ဝင်ရောက် လာချိန်မှာတော့ လေတိုက်နှုန်းဟာ တစ်နာရီကို မိုင် ၃၀ ကနေ အများဆုံး ၄၅ မိုင် အဆင့်အထိ အားပျော့သွားပြီလို့ သိရပါတယ်။ ရခိုင်ပြည်နယ်အတွင်း ကျောက်ဖြူမြို့အနီး ဖြတ်ဝင်ချိန်မှာတော့ လေတိုက်နှုန်း တနာရီကို မိုင် ၁၀၀ ဝန်းကျင်ရှိပြီး အချို့နေရာတွေမှာ မုန်တိုင်းကြောင့် ဒီရေဟာ ၁၂ ပေအထိ မြင့်တက်ခဲ့ပါတယ်။ ဒါကြောင့် ကျောက်ဖြူမြို့နယ် မြေပုံမြို့နယ်တွေမှာ ပြင်းပြင်းထန်ထန် အပျက်အစီးတွေ ရှိခဲ့တယ်လို့သိရပါတယ်။ လူအသေအပျောက် အချို့ရှိပေမဲ့ အတိအကျကို မသိရသေးပါဘူး။ ကျောက်ဖြူနယ်ခံ တစ်ဦးကို ဗွီအိုအေ သတင်းထောက် ကိုကျော်ထင်က ဆက်သွယ်မေးမြန်းတော့ ကျောက်ဖြူမှာ ကယ်ဆယ်ရေးစခန်းတွေ စတင်ဖွင့်လှစ်နေပြီလို့ သိရပါတယ်။

“မြေပုံမြို့နယ် ကျွန်းသာယာဘက်မှာ တကျွန်းလုံးနီးပါး ပျောက်သွားတယ်လို့ပြောတယ်။ ကယ်ဆယ်ရေးကတော့ ကျောက်ဖြူက ကြက်ခြေနီကယ်ဆယ်ရေးတောင် အဲဒီကို ရောက်သွားပြီ။ အဲဒီကိုပဲ သွားနေပြီ။”

ကျောက်ဖြူမြို့နယ်ရဲ့ အပျက်အစီး အခြေအနေက ဘယ်လိုတွေ့ရသလဲ ခင်ဗျ။ -

“ကျနော်တို့ မှန်းထားတာကတော့ သစ်ပင် ၇၀ ရာခိုင်နှုန်း၊ အိမ်ခြေကတော့ ၄၀ ရာခိုင်နှုန်းလောက် ပျက်စီးမယ်။”

ဒုက္ခသည်တွေကျတော့ရော။ -

“နီးစပ်ရာ စာသင်ကျောင်းမှာပဲခင်ဗျ။ လောလောဆယ် ကျနော်တို့ ဒုက္ခသည်စခန်းတစ်ခုမှာ ၁,၀၀၀ ကျော်လောက် ရှိတယ်။”

သူတို့ရဲ့ စားဝတ်နေရေး၊ ဆေးဝါးကုသမှု အခြေအနေက ဘယ်လိုရှိလဲခင်ဗျ။ -

“လောလောဆယ်တော့ မနက်ကတော့ ဆန်အိတ် ၇၈ အိတ် လာလှူထားကြတယ်။ အခု ကျနော်တို့ ၁ နာရီမှာ ရန်ကုန်က ဝန်ကြီးရောက်တယ်။ ကယ်ဆယ်ရေးဝန်ကြီးလို့ပဲ ကြားတယ်။ ဘယ်သူလဲတော့ ကျနော်လည်း အတိအကျ မသိသေးဘူး။ ကယ်ဆယ်ရေးပစ္စည်းတွေ ပါလာတယ်လို့တော့ ပြောတယ်။”

မနေ့က ရေ တော်တော်များများ တက်သွားလားခင်ဗျ။ -

“မနေ့က ၁ နာရီလောက်က ကျောက်ဖြူမြို့ရဲ့ မြေနိမ့်ပိုင်း ရပ်ကွက်တွေမှာ ၁၂ ပေ ၁၃ ပေအထိ တက်တယ်။”

အသေအပျောက်ရော ကြားမိလားခင်ဗျ။ -

“လောလောဆယ်တော့ မြို့ပေါ်မှာတော့ တစ်ယောက်ပဲ ကြားသေးတယ်။ အပင်ထိပြီးသေတာ။”

အစိုးရအာဏာပိုင်တွေအပါအဝင် အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေ ကုလသမဂ္ဂ အေဂျင်စီတွေကလည်း မုန်တိုင်းသင့် ရခိုင်ဒေသမှာ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ စတင်နိုင်ဖို့ ကြိုးပမ်းနေပါတယ်။ ဒါပေမဲ့လည်း အာဏာပိုင်တွေက ခွင့်ပြုချက်ကို စောင့်ဆိုင်းနေ ရပါတယ်။ မင်္ဂလာမြန်မာ အဖွဲ့က တာဝန်ရှိသူ ဒေါက်တာ ဖုန်းဝင်းကတော့ ကယ်ဆယ်ကူညီရေး လုပ်ငန်းတွေကိုတော့ ဒီကနေ့မှာပဲ စတင်နေပြီလို့ ပြောပါတယ်။

“ဒီကနေ့ ညနေတော့ လေယာဉ်ပျံတစီးနဲ့ ခေါက်ဆွဲခြောက်တွေ၊ ရေတွေတော့ ပို့နေပြီ။ ကယ်ဆယ်ရေးက အစိုးရဌာနက ပို့တာပေါ့နော်။ ကျနော်တို့တွေက အဖွဲ့တွေလွှတ်ဖို့ အဆင်သင့် လုပ်ထားတယ်။ MSF ရယ်၊ ACF ရယ် အဲဒါကလည်း ကျနော်တို့နဲ့ ညှိပြီးတော့ မေတ္တာဆိုတဲ့ ကချင်အဖွဲ့ရယ်၊ ညှိပြီးတော့ စစ်တွေကနေ ထွက်မယ်။ ရောက်သလောက်ပေါ့။ စစ်တွေနားမှာရှိတဲ့ မင်းပြားတို့၊ ပေါက်တောတို့ပေါ့။”

အထိအခိုက် အပျက်အစီးတွေ ဘယ်လောက်ကြားလဲ။ -

အိမ်တွေတော့ တော်တော်ပျက်တယ်ကြားတယ်။ လူ အသေအပျောက်နဲ့ လူ အထိအခိုက် ဒဏ်ရာရတဲ့ သတင်းကတော့ မရသေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ စစ်တွေတမြို့လုံးက ဖုန်းတွေ ပျက်ကျနေတော့ မရဘူး။ အခုတော့ ပို့ဆောင်ရေး ဝန်ကြီးနဲ့ ကယ်ဆယ်ရေး ဝန်ကြီးက လေယာဉ်ပျံနဲ့ တပတ်သွားမယ်ပြောတယ်။ ဒါပေမဲ့ သူတို့နှစ်ယောက်ပဲ လိုက်လို့ရတယ်။ ကျနော်တို့ လိုက်လို့မရဘူး။”

တခြား ကုလသမဂ္ဂကရော အကူအညီတွေ စနေပြီးလား။ -

“သူတို့က ထုံးစံအတိုင်း ဒီနေ့မနက် ကျနော်တို့နဲ့လည်း အစည်းအဝေး လုပ်တယ်လေ။ ၁၀ နာရီမှာ။ သူတို့က အစိုးရကို စောင့်တာပေါ့။ အစိုးရကို သူတို့ request လုပ်နေတယ်။ သူတို့ သွားခွင့်ရဖို့အတွက်။”

မုန်တိုင်းဟာ ရခိုင်ကမ်းရိုးတန်းအလွန် မြန်မာနိုင်ငံအလယ်ပိုင်းကို ဝင်ရောက်ချိန်မှာ အားပျော့သွားပြီဆိုပေမဲ့ မုန်တိုင်းဖြတ်တဲ့ ဒေသအချို့မှာ ပျက်စီးဆုံးရှုံးမှုတွေ ရှိနေတယ်လို့ ကြားရပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံ အလယ်ပိုင်း ညောင်ဦးမြို့နဲ့ ကျောက်ပန်းတောင်မြို့ ဝန်းကျင်တွေမှာ ဖြစ်ပါတယ်။ အဲဒီဖက်ကိုတော့ ဆက်သွယ်ဖို့ ခက်နေပါတယ်။ နေရာအတော်များများမှာ အပင်ကြီးတွေ ပြိုလဲကုန်တယ်လို့ ရေနံချောင်း နယ်ခံတစ်ဦးက ပြောပါတယ်။

“သစ်ပင်ကိုင်းတွေ တော်တော်လေး လဲတယ်၊ သစ်ပင်ကြီးတွေကိုပဲ လဲတယ်။ ကျနော်တို့မြို့လည်း တစ်ခုတော့ရှိတယ်။ ကုန်းပေါ်ပိုင်းတွေကျတော့ သစ်ပင်တွေပြိုလဲ၊ တယ်လီဖုန်းတိုင်တွေ လဲတာတွေဖြစ်တယ်။ ညောင်ဦးဘက်ကတော့ တယ်လီဖုန်းခေါ်မရဘူး။ အဆက်အသွယ်တွေ ပြတ်နေတယ်။”

ပထမဖြစ်တဲ့ မုန်တိုင်းအရှိန်နဲ့ မိုးသည်းပြီး ရေကြီးတာခံခဲ့ရတဲ့ မန္တလေးဘက်မှာတော့ အခုတကြိမ် မုန်တိုင်းအရှိန်ကြောင့် ဆိုးဆိုးရွားရွား ခံရတာမရှိသေးဘူးလို့ ပြောရမှာပါ။ မုန်တိုင်းအရှိန်နဲ့ မိုးအနည်းငယ်တော့ ရွာနေတယ်လို့ မြို့ခံတဦးက ပြောပါတယ်။

“မန္တလေးမှာတော့ နေ့လည်း ၂ နာရီခွဲလောက်ကစပြီး လေ ခပ်ပြေပြေပဲ တိုက်ပါသေးတယ်။ ခုထိလည်း ပြေပြေပဲ တိုက်တယ်။ မိုးလည်း သည်းကြီးမဲကြီးမဟုတ်ဘူး။ ခပ်ဖွဲဖွဲပဲ ရွာနေတာပါ။ မန္တလေးဘက်နား ဝန်းကျင်တော့ မကြားဘူး။ မြောင်ဘက်မှာ နည်းနည်းလည်း လေပြင်းတယ်ကြားတယ်။ မြောက်တို့၊ စစ်ကိုင်တိုင်းဘက်က ဘုတလင် ကြားတယ်။ မုန်တိုင်းက ညောင်ဦးဘက်မှာ မနက်ခင်းက ဗဟိုပြုနေတယ်ပြောတယ်။ အဲဒါကြောင့် ညောင်ဦး၊ ကျောက်ပန်းတောင်း ဆိုးတာဖြစ်မယ်။”

မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာနကို ဆက်သွယ်မေးမြန်းတော့ မုန်တိုင်းဟာ အတော်လေး အားပျော့သွားပြီ ဖြစ်သလို နောက်ဆုံး အခြေအနေတွေကိုတော့ မကြာခင် အစိုးရမီဒီယာတွေကနေ တရားဝင် ထုတ်ပြန်မယ်လို့ပဲ ဖြေကြားပါတယ်။ မကြာခင်မှာလည်း ကယ်ဆယ်ရေး ဦးစီးဌာနဖက်ကနေ အပျက်အစီး အဆုံးအရှုံးစာရင်းတွေ ထုတ်ပြန်ပေးမယ်လို့ မျှော်လင့်ရပါတယ်။ ဒါပေမဲ့လည်း အချို့ကတော့ ရွေးကောက်ပွဲ ကျင်းပမယ့်ရက် နီးနေတာမို့ ရွေးကောက်ပွဲရက် ရွှေ့ပေးရမှာ စိုးတာကြောင့် အစိုးရဖက်က ဒီစာရင်းတွေကို အမှန်အတိုင်း ထုတ်ပြန်ပါ့မလား သံသယဖြစ်သူတွေလည်း ရှိပါတယ်။

XS
SM
MD
LG