သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နာမည်ပျက်စာရင်းဝင် အရေအတွက် မြန်မာအစိုးရ လျှော့ချ


တိုကျိုသံရုံးရှေ့မှ ဆန္ဒပြမြင်ကွင်း။ (ကမ္ဘာအနှံ့မှ ဤသို့ မြန်မာ့အရေးတက်ကြွလှုပ်ရှားသူများအပေါ် ကန့်သတ်ထားသည့် နာမည်ပျက်စာရင်းထဲက တချို့ကို ပယ်ဖျက်ပေးလိုက်ခြင်းဖြစ်သည်။)
တိုကျိုသံရုံးရှေ့မှ ဆန္ဒပြမြင်ကွင်း။ (ကမ္ဘာအနှံ့မှ ဤသို့ မြန်မာ့အရေးတက်ကြွလှုပ်ရှားသူများအပေါ် ကန့်သတ်ထားသည့် နာမည်ပျက်စာရင်းထဲက တချို့ကို ပယ်ဖျက်ပေးလိုက်ခြင်းဖြစ်သည်။)
အရင်စစ်အစိုးရလက်ထက်က အမည်မည်းစာရင်း Black List အဖြစ် သတ်မှတ်ထားသူ ၆,၀၀၀ ကျော် ထဲက ၂,၀၀၀ ကျော်ရဲ့ အမည်စာရင်းကို လက်ရှိအစိုးရက ပယ်ဖျက်လိုက်တဲ့အကြောင်း အင်္ဂါနေ့ မှာ ကြေငြာချက် ထုတ်ပြန်ပါတယ်။ ဒီ အမည်မည်း စာရင်းက ပယ်ဖျက်ခံရသူတွေ အနေနဲ့ မြန်မာနိုင်ငံ ကို ပြန်လာခွင့်ပြုမယ်လို့ အဲဒီ ကြေညာချက်မှာ ဖော်ပြထားပေမယ့် ဘယ်သူတွေ ပါတယ်ဆိုတဲ့ စာရင်း အတိအကျတော့ မသိရသေးပါဘူး။ အပြည့်အစုံကိုတော့ ဘန်ကောက်ရုံးကနေ ဆက်သွယ် စုံစမ်း ထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

အမည်မည်းစာရင်းလို့ခေါ်တဲ့ ဒီ Black List ထဲမှာပါတဲ့ လူတွေနဲ့ပတ်သက်လို့ ပြန်လည်စစ်ဆေးပြီး မလိုအပ်တဲ့သူတွေကို ဒီ အမည်မည်းစာရင်းထဲက ထုတ်ပစ်ဖို့ နိုင်ငံတော်သမ္မတရုံးရဲ့ ညွန်ကြားချက်နဲ့ လုပ်ဆောင်ခဲ့တာပါ။

အရင် စစ်အစိုးရလက်ထက်တုန်းက ပြုစုထားခဲ့တဲ့ အဲဒီ အမည်မည်းစာရင်းဟာ လက်ရှိ သမ္မတ ဦးသိန်းစိန်အစိုးရက သွားနေတဲ့ ဒီမိုကရေစီ ပြုပြင်ရေး လမ်းကြောင်းတွေနဲ့ ကိုက်ညီခြင်းမရှိတဲ့ အတွက် အဲဒီစာရင်းကို ပြုစုပြီး ပထမအဆင့်အနေနဲ့ လက်ရှိ ရှိနေတဲ့ ၆,၁၆၅ ဦးထဲကနေ ၂,၀၈၂ ဦးရဲ့ အမည်စာရင်းကို ပယ်ဖျက်ပေးလိုက်တာလို့ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောပါတယ်။

“Black List က အရင် နဝတ၊ နအဖခေတ်မှာ- နောက်ဆုံးနအဖခေတ်အထိပေါ့နော်။ ရှိခဲ့တဲ့ black list တွေ ရှိတယ်။ အားလုံးပြန်ပြီး စိစစ်လိုက်တဲ့အချိန်မှာ ၆,၁၆၅ ယောက်ရှိတယ်။ အဲဒီတုန်းက black list ဆွဲထားတဲ့ အကြောင်းရင်းတွေက ကျနော်တို့ ခေတ်သစ်၊ စံနစ်သစ်ပေါ့နော်-ဒီမိုကရေစီသွားနေတဲ့ အချိန်မှာ constitution အရ black list ဆွဲဖို့ မသင့်တော့တာတွေကို ပြန်လည်စိစစ်ပြီးတော့ black list စာရင်းကနေ ပယ်ပေးလိုက်တာ။”

အဲဒီ စာရင်းထဲမှာတော့ ဖောက်ခွဲရေး၊ နိုင်ငံရေး စတဲ့ အကြောင်းကိစ္စအမျိုးမျိုးကြောင့် စာရင်းသွင်း ခံထားရသူတွေလည်း ပါတယ်လို့ ဦးဇော်ဌေးက ဆက်ပြောပါတယ်။

“အရင် အကြမ်းဖက် ကိစ္စတွေ လုပ်တာတွေ ရှိတယ်လေ။ အဲဒါတွေရှိတယ်။ အမျိုးမျိုးပေါ့နော်။ အဲဒီ အမျိုးမျိုးကို ပြန်ပြီးတော့ စိစစ်လိုက်တာပါ။ အရင်တုန်းက ဘာမှ မဟုတ်ဘဲနဲ့ လုပ်ထားတဲ့ဟာတွေ - အဲဒါတွေကို ပြန်ပြီးတော့ ဖယ်ပေးလိုက်တာ။

ဒီစာရင်းထဲမှာ ပါတဲ့သူတွေဟာ မြန်မာနိုင်ငံသားတွေ၊ မြန်မာနိုင်ငံသားဖြစ်ပြီး ပြည်ပနိုင်ငံတွေမှာ သွားရောက်နေထိုင်နေသူတွေနဲ့ ပြည်ပနိုင်ငံသား ခံယူထားသူတွေဖြစ်တယ်လို့ ပြောပါတယ်။ ဒီ အမည်မည်းစာရင်းမှာ ပါသူတွေရဲ့ အမည်စာရင်းနဲ့ပတ်သက်လို့ နိုင်ငံတော် သမ္မတရုံး အင်တာနက် ဝက်ဘ်ဆိုက်မှာ ထုတ်ပြန်သွားဖို့ ရှိတယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။

ဒါပေမယ့် နာမည်စာရင်းက များလွန်းနေတဲ့အတွက် ကျန်နေတဲ့သူတွေရဲ့ စာရင်းကိုပဲ ရွေးထုတ်ပြီး ထုတ်ပြန်ရမလား၊ ဒါမှမဟုတ် အမည်စာရင်းမှာပါသူ အားလုံးရဲ့ နံမည်တွေအားလုံးကိုပဲ ထုတ်ပြန် ရမလားဆိုတာနဲ့ ပတ်သက်လို့တော့ ဆုံးဖြတ်ချက် မကျသေးဘူးလို့ ပြောပါတယ်။

ဒီအမည်မည်းစာရင်း ရှိတယ်ဆိုတဲ့ကိစ္စဟာ အစိုးရက တရားဝင် မထုတ်ပြန်ပေမယ့်လည်း မြန်မာနိုင်ငံ သားတွေကြားမှာ သိရှိထားပြီးသားကိစ္စပါ။ အရင် အာဏာရှင်ဟောင်း ဦးနေဝင်းလက်ထက်ကတည်း က အမည်မည်းစာရင်းဆိုတာ တည်ရှိခဲ့တာ ဖြစ်ပေမယ့် ၁၉၈၈ ခုနှစ်နောက်ပိုင်း စစ်တပ်က အာဏာ သိမ်းပြီး ဗိုလ်ချုပ်ကြီး ခင်ညွန့် ဦးဆောင်တဲ့ တပ်မတော် ထောက်လှမ်းရေး တန်ခိုးအရှိန်အဝါ ကြီးထွား ခဲ့တဲ့အချိန်မှာ ဒီ အမည်မည်းစာရင်း Black List ဟာ ပိုပြီး ကျယ်ပြန့် များပြားလာပြီး ဒီ အမည်မည်း စာရင်းကြောင့် ဘဝပျက်ခဲ့ကြတဲ့သူတွေ၊ မိတကွဲ ဖတကွဲ ဖြစ်ခဲ့ကြသူတွေ၊ ပြည်ပနိုင်ငံတွေရောက်ပြီး မိခင်တိုင်းပြည်ကို ပြန်မရကြတော့တဲ့သူတွေ မရေမတွက်နိုင်အောင် ရှိတယ်လို့ နိုင်ငံရေး အသိုင်းဝိုင်း က ပြောကြပါတယ် ခင်ဗျား။
XS
SM
MD
LG