သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတော်ရသုံးစရိတ် ပြန်လည်ပြင်ဆင်နိုင်ရေး နေပြည်တော်မှာဆွေးနွေး


ဘဏ္ဍာရေးကော်မရှင်ရဲ့ အစည်းအဝေး နေပြည်တော်သမ္မတ အိမ်တော်မှာကျင်းပ။ (Photo Credit: Myanmar President Office)
ဘဏ္ဍာရေးကော်မရှင်ရဲ့ အစည်းအဝေး နေပြည်တော်သမ္မတ အိမ်တော်မှာကျင်းပ။ (Photo Credit: Myanmar President Office)

၂၀၁၆ ခုနှစ် ပြည်ထောင်စုဘဏ္ဍာငွေ အသုံးစရိတ်ဆိုင်ရာ ဥပဒေကြမ်းပြင်ဆင်ဖို့ အတွက် ဘဏ္ဍာရေးကော်မရှင်ရဲ့ အစည်းအဝေးကို နေပြည်တော်သမ္မတ အိမ်တော်မှာ မနေ့က ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့ပါတယ်။ အစိုးရက ပညာရေး၊ ကျန်းမာရေး စတဲ့ ကဏ္ဍတွေမှာ အသုံးစရိတ်တွေ ပိုမို သုံးစွဲဖို့ ပြင်ဆင်မှုတွေ လုပ်ဆောင်ပေမဲ့ ဒီထက်မက လုပ်ဆောင်သွားဖို့ လိုတယ်လို့လည်း နိုင်ငံရေး အကဲခတ်တချို့ မြင်ကြပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ကိုရန်နိုင်က တင်ပြထားပါတယ်။

သမ္မတဦးထင်ကျော်ဦးဆောင်တဲ့ အစိုးရသစ်လက်ထက် ဘဏ္ဍာရေးကော်မရှင် အစည်းအဝေးကို နေပြည်တော်က သမ္မတအိမ်တော်မှာ ဗုဒ္ဓဟူးနေ့က ပထမဆုံး အကြိမ် ကျင်းပခဲ့ပါတယ်။ ၂၀၁၆-၂၀၁၇ နိုင်ငံတော်ရဲ့ အသုံးစရိတ်ဥပဒေကို ပြီးခဲ့တဲ့အစိုးရလက်ထက်မှာ ရေးဆွဲအတည်ပြုခဲ့တာဖြစ်ပြီးတော့ အစိုးရသစ် လက်ထက် အပြောင်းအလဲတွေကြောင့် လက်ရှိ အခြေအနေနဲ့ အညီ ပြင်ဆင်နိုင်အောင် ဆွေးနွေးဖို့ ဒီအစည်းအဝေးကို ကျင်းပခဲ့တာဖြစ်တယ်လို့ သမ္မတရုံးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောပါတယ်။

“နံပါတ်တစ်က ကျနော်တို့ ဒီဘက် အစိုးရသစ်လက်ထက်မှာ ဝန်ကြီးဌာနတွေ ပေါင်းတာတွေ၊ နောက် အသစ်တိုးလာတဲ့ ဝန်ကြီးဌာန ၂ ခု တိုင်းရင်းသားရေးရာနဲ့ အတိုင်ပင်ခံ ဝန်ကြီးဌာန ၂ ခုရှိတယ်။ အဲအခါကျတော့ ကျနော်တို့ ဘတ်ဂျက်ရဲ့ ဆွဲထားတဲ့အနေအထားက လက်ရှိ အနေအထားနဲ့ မကိုက်တော့ဘူးပေါ့နော်။ မကိုက်တော့ အဲဒါက ပြန်ပြင်ဖို့လိုတယ်။ ဒုတိယတချက် တိုင်းဒေသကြီးပြည်နယ် အစိုးရတွေမှာ ဝန်ကြီးဌာနတွေ ဆွဲခန့်ထားတာရှိတယ်။ အဲဒီနှစ်ခုနဲ့ ကျနော်တို့က ပြန်ပြီးတော့ လုပ်တာပေါ့။ တချို့ ကြီးကြီးမားမားဟာတွေ ဆိုရင် ရန်ကုန်မှာ ကုန်းကျော်စီမံကိန်းတွေ မလုပ်တော့ဘဲနဲ့ တခြားနေရာမှာ သုံးတာမျိုးပေါ့နော်။ အဲ့လိုမျိုး ပြန်ပြီးတော့ ညှိယူနေတာမျိုးတွေ ရှိတယ်။ အဲဒါကြောင့်မို့ ကျနော်တို့ ဆွေးနွေးဖို့အတွက် ခေါ်တာဖြစ်တယ်။”

အစိုးရသစ်တက်လာတဲ့အချိန်မှာ နိုင်ငံတော်ရဲ့အသုံးစရိတ်ကို လျှော့ချနိုင်ဖို့အတွက် အရင်အစိုးရလက်ထက်မှာရှိခဲ့တဲ့ ဝန်ကြီးဌာနတချို့ ကို ပေါင်းစပ်လျှော့ချခဲ့ သလို၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး ဝန်ကြီးဌာနနဲ့ တိုင်းရင်းသားဝန်ကြီးဌာနလို အသစ်ဖွဲ့စည်းလိုက်တဲ့ ဝန်ကြီးဌာနတွေလည်း ရှိပါတယ်။ ဒါပေမဲ့လည်း ဘတ်ဂျက် အချိုးအစားကတော့ အပြောင်းအလဲမရှိဘဲ ပြီးခဲ့တဲ့အစိုးရလက်ထက် ရေးဆွဲခဲ့တဲ့ အချိုးအစားအတိုင်း ဝင်အောင် ပြင်ဆင်ခဲ့တာဖြစ်တယ်လို့ သူက ပြောပါတယ်။

ဒါ့အပြင် နိုင်ငံတော်ရဲ့ ပညာရေး၊ ကျန်းမာရေး၊ လူမှု ကာကွယ် စောင့်ရှောက်ရေး ကဏ္ဍတွေမှာ တိုးမြှင့်သုံးစွဲဖို့အပြင် လျှပ်စစ်မီးရရှိရေး၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ တခြားအခြေခံအဆောက်အဦး ဖွံ့ဖြိုးတိုးတက်ရေး စတဲ့ ကိစ္စရပ်တွေကိုလည်း ဒီအစည်းအဝေးအတွင်းမှာ ဆွေးနွေးခဲ့တယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် ခွဲဝေရရှိတဲ့ ဘဏ္ဍာငွေတွေကို ဘယ်နေရာမှာ ဘယ်လိုအသုံးပြုနေတယ် ဆိုတာကို ပြည်သူတွေ ပွင့်လင်းမြင်သာစွာ သိရှိနိုင်ဖို့အတွက် မူဝါဒတရပ်ကို ချမှတ်ခဲ့တယ်လို့လည်း ဦးဇော်ဌေးက အခုလို ပြောပါတယ်။

“ဘတ်ဂျက်ဆိုတာ ပြည်သူ့ဘဏ္ဍာငွေဖြစ်တယ်။ အဲဒါကို အလေအလွင့် အနည်းဆုံးဖြစ်အောင် အဆင့်ဆင့်က ကြပ်မတ်ရမယ်။ နောက်တခုက ဒီပြည်သူ့ဘဏ္ဍာတွေကို သုံးတဲ့အခါ ပြည်သူတွေက သိပိုင်ခွင့်ရှိတယ်။ ရှိတော့ကျ ပြည်သူလူထုကို လက်လှမ်းမီအောင်၊ ဒါတွေသိအောင် ဘာလုပ်မလဲဆိုတော့ citizen budget ဆိုတာ ပြည်သူ့ဘတ်ဂျက်ပေါ့နော် အဲဒါကို လူထုနားလည်လွယ်အောင် ပုံလေးတွေနဲ့ အဲ့လိုမျိုး ပြန်ဆွဲမယ်။ ဆွဲပြီးတာနဲ့ အဲ့ကောင်တွေကို ကျနော်တို့က ဖြန့်ဝေမယ်။”

ဒါပေမဲ့လည်း သမ္မတမှာကြားတဲ့အတိုင်း ဝန်ကြီးဌာနတွေအားလုံးက တကယ်ပဲ ပွင့်လင်းမြင်သာမှုရှိရှိ လုပ်နိုင်ပါ့မလား ဆိုတဲ့အပေါ်မှာတော့ သူ့အနေနဲ့ စိုးရိမ်မိတယ် လို့ မြန်မာနိုင်ငံရေးအကဲခတ် ဒေါက်တာ ရန်မျိုးသိမ်းက ပြောပါတယ်။ အစိုးရသစ်က ပညာရေး၊ ကျန်းမာရေး စတဲ့ ကဏ္ဍတွေမှာ အသုံးစရိတ်တွေ တိုးမြှင့်သွား ဖို့ ပြောနေပေမဲ့လည်း ဒီကဏ္ဍတွေမှာ တိုးတက်လာဖို့ အတွက်က ပြည်ထောင်စု လွှတ်တော်မှာလည်း အများကြီး မူတည်တယ် လို့ ဒေါက်တာရန်မျိုးသိမ်း ဆက်ပြောပါတယ်။

“ကျနော့်အမြင်ကတော့ဗျာ နှစ်ပေါင်း ၆၀ လောက်ကို ပညာရေးနဲ့ ကျန်းမာရေးက အနှိမ်ခံခဲ့ရတာလို့ ကျနော်က မြင်တယ်။ အဓိက ဘတ်ဂျက်နဲ့ ပတ်သက်လို့ရှိရင် ဘတ်ဂျက်ကို ဆုံးဖြတ်ရတာက ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်တွေ ဒီကိုယ်စားလှယ်တွေကိုက ပညာရေးနဲ့ ကျန်းမာရေးရဲ့ အရေးကြီးမှုကို အလေးအနက် အသိအမှတ်ပြုမှု အရင် လိုအပ်တယ်လို့ ကျနော်က မြင်တယ်။ အဲဒါမှသာလျှင် လာမယ့်နှစ် ဘဏ္ဍာငွေခွဲဝေမှုမှာ ပညာရေးနဲ့ကျန်းမာရေးမှာ ပိုသိသိသာသာ တိုးတက်လာနိုင်တယ်လို့ မြင်တယ်။”

ပြီးခဲ့တဲ့နှစ်တွေအတွင်း နိုင်ငံတော်ရဲ့အသုံးစရိတ်တွေထဲက ကာကွယ်ရေး အသုံးစရိတ်ဟာ ၁၂ ကနေ ၁၃ ရာခိုင်နှုန်းကြားမှာရှိပြီးတော့ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်အတွင်းက ကာကွယ်ရေးအသုံးစရိတ်ဟာ အမေရိကန်ဒေါ်လာ ၂.၃ ဘီလီယံ၊ မြန်မာကျပ်ငွေအားဖြင့် ၂၃၆၅ ဘီလီယံ ရှိခဲ့ပါတယ်။ တိုင်းပြည်ရဲ့ ဝင်ငွေနဲ့ယှဉ်ရင် ကာကွယ်ရေးအသုံးစရိတ်က များလွန်းတယ်လို့ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ စစ်ရေးလေ့လာသူတွေက အရင်က ထောက်ပြခဲ့ဖူးပြီးတော့ အခုချိန်မှာလည်း ကာကွယ်ရေးအသုံးစရိတ်ကို ထိန်းညှိနိုင်ဖို့ လိုအပ်တယ် လို့ ဒေါက်တာ ရန်မျိုးသိမ်းက ပြောပါတယ်။

“ကျနော်တို့ဆီမှာ ခက်နေတာက တပ်မတော်ရဲ့ဘတ်ဂျက်ကို ပြောလို့ရှိရင် ဖွဲ့စည်းပုံအခြေခံဥပဒေ အကျပ်အတည်းနဲ့ သွားပြီးတော့ ဆက်စပ်နေတယ်လို့ ကျနော်က မြင်တယ်။ ကျနော့်အမြင်အားဖြင့်တော့ သမ္မတရယ်၊ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ရယ်၊ ကာကွယ်ရေးဦးစီးချုပ်ရယ် ညှိနှိုင်းပြီးတော့ တိုင်းပြည် နဲ့ ပြည်သူလူထုရဲ့ အချိုးအတွက် ကျနော်တို့တိုင်းပြည်က လက်ရှိ အာဆီယံ ၁၀ နိုင်ငံမှာ အဆင်းရဲဆုံး ဘဝကို ရောက်နေတဲ့ အခြေအနေကနေ ရုန်းထွက်နိုင်ဖု့ိ အတွက် ဆွေးနွေးညှိနှိုင်းပြီးတော့ လာမယ့် ဘဏ္ဍာရေးနှစ်တွေမှာ ကာကွယ်ရေး ဘတ်ဂျက်ကိုလည်းပဲ တဖြေးဖြေးချင်း ထိန်းကျောင်းနိုင်ဖို့ လိုအပ်တယ်လို့ ကျနော်က မြင်ပါတယ်။”

သမ္မတအိမ်တော်မှာ မနေ့ကကျင်းပခဲ့တဲ့ ဘဏ္ဍာရေးကော်မရှင်ရဲ့ အစည်းအဝေးကို ဒုသမ္မတနှစ်ဦး အပါအဝင် သမ္မတရဲ့ အထူးဖိတ်ကြားချက် နဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်ခဲ့တဲ့ အပြင် ကော်မရှင်မှာပါဝင်တဲ့ ပြည်ထောင်စုဝန်ကြီးတွေနဲ့ ပြည်နယ်တိုင်းဒေသကြီး ဝန်ကြီးချုပ်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG