သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခြင်းလုံး ကျား-မ မြန်မာ ရွှေ ၂ ခုရ


(ဓာတ်ပုံ - http://www.mmseagames2013.com/)
(ဓာတ်ပုံ - http://www.mmseagames2013.com/)
၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲရဲ့ ပထမဆုံးရွှေတံဆိပ်ကို အိမ်ရှင် မြန်မာနိုင်ငံက ရရှိသွားပြီဖြစ်ပါတယ်။ နေပြည်တော်မှာ ဒီကနေ့ စတင်လိုက်တဲ့ ရိုးရာခြင်းလုံးပြိုင်ပွဲတွေမှာ မြန်မာအမျိုးသားနဲ့ အမျိုးသမီး ခြင်းလုံးအသင်းက အနိုင်ရပြီး ရွှေတံဆိပ်တွေ ရသွားခဲ့တာဖြစ်ပါတယ်။ ဒီအခြေအနေ အပြည့်အစုံ အပါအဝင် ဒီနှစ် Sea Games ပြိုင်ပွဲမှာ မြန်မာနိုင်ငံအတွက် ရွှေတံဆိပ်တွေ ဆွတ်ခူးပေးနိုင်ဖို့ မျှော်မှန်းထားတဲ့ မြန်မာမြှားပစ်အဖွဲ့ရဲ့ပြင်ဆင်မှု အခြေအနေတွေကို ကိုရန်နိုင်က ပြောပြပေးမှာ ဖြစ်ပါတယ်။

မြန်မာရိုးရာ ခြင်းလုံးပြိုင်ပွဲကတော့ ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲရဲ့ ပထမဆုံး ပြိုင်ပွဲလည်း ဖြစ်ပါတယ်။ လာမယ့် ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ Sea Games ပြိုင်ပွဲကို ဖွင့်မှာဆိုပေမဲ့လည်း၊ ဖွင့်ပွဲမတိုင်ခင်ကတည်းက တချို့ပြိုင်ပွဲတွေကို ကစားသွားမှာဖြစ်ပြီး၊ ဒီကနေ့ကတော့ ပြိုင်ပွဲတွေ ပထမဆုံး စတဲ့နေ့ ဖြစ်ပါတယ်။

နေပြည်တော် ဝဏ္ဏသိဒ္ဓိ မိုးလုံလေလုံ အားကစားကွင်းသစ်ကြီးမှာ ခြင်းလုံးပြိုင်ပွဲ ကစားခဲ့တာမှာ မြန်မာအမျိုးသမီးအသင်းက ၅၃၅ မှတ်နဲ့ အနိုင်ရပြီးတော့ ဗွေဆော်ဦး ရွှေတံဆိပ်ကို ရရှိသွားခဲ့တာ ဖြစ်တယ်လို့ Sea Games ပြိုင်ပွဲမီဒီယာ တာဝန်ရှိသူ မစောရွှေလေးက ပြောပါတယ်။

“အမျိုးသမီးပွဲကတော့ နိုင်သွားတယ်။ မြန်မာနိုင်သွားတယ်။ မြန်မာရွှေတံဆိပ်ရသွားတယ်။”

မြန်မာအမျိုးသမီးအသင်းဟာ ဒီကနေ့ နောက်ဆုံးဖိုင်နယ်မှာ ထိုင်းအမျိုးသမီးအသင်းကို အနိုင်ရပြီး ရွှေတံဆိပ်ရခဲ့တာဖြစ်ပြီး၊ ထိုင်းအသင်းက ဒုတိယရနဲ့ ကမ္ဘောဒီးယားက တတိယနဲ့ မလေးရှားက ပူးတွဲ တတိယ ရခဲ့ပါတယ်။

အမျိုးသားပြိုင်ပွဲကို မြန်မာ၊ ထိုင်း၊ မလေးရှား နဲ့ စင်ကာပူအသင်း ၄ သင်း ကစားခဲ့ကြပါတယ်။ အဲဒီမှာ အိမ်ရှင် မြန်မာက ၆၃၆ မှတ်၊ ထိုင်းက ၄၀၇ မှတ်၊ မလေးရှားက ၂၄၆ မှတ်နဲ့ စင်္ကာပူက ၁၅၃ မှတ်ရခဲ့ပါတယ်။ အမှတ်အများဆုံး အသင်း ၂ သင်းဖြစ်တဲ့ မြန်မာနဲ့ ထိုင်းအသင်းတို့ ဗိုလ်လုခဲ့ကြတာမှာ မြန်မာအမျိုးသားအသင်းက အမှတ် ၆၆၀ ရပြီး၊ ထိုင်းအသင်းက ၄၀၄ မှတ် ရခဲ့တဲ့အတွက် မြန်မာအသင်းဟာ ဒုတိယ ရွှေတံဆိပ် ထပ်ပြီးတော့ ရသွားခဲ့ပါတယ်။ မလေးရှားနဲ့ စင်္ကာပူနိုင်ငံတွေက ပူးတွဲတတိယဆုကိုရရှိသွားခဲ့ပါတယ်။

“၂၀၁၃ ခုနှစ် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကြီးမှာ မြန်မာနိုင်ငံအတွက် ဒုတိယမြောက် ရွှေတံဆိပ်ဆုကိုတော့ မြန်မာ့လက်ရွေးစင် အမျိုးသားခြင်းလုံးအသင်းမှ ထပ်မံ ဆွတ်ခူးလိုက်ပြီ ဖြစ်ပါတယ်ခင်ဗျာ။”

Sea Games ပြိုင်ပွဲတွေမှာ မြန်မာ့ရိုးရာခြင်းလုံးပြိုင်ပွဲကို ထည့်သွင်းကျင်းပတာဟာ ဒါ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ ၁၉၆၁ နဲ့ ၁၉၆၉ ခုနှစ် ဒုတိယနဲ့ ပဉ္စမအကြိမ် အရှေ့တောင်အာရှ ကျွန်းဆွယ်ပြိုင်ပွဲတွေကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပေမဲ့၊ အဲဒီအကြိမ်တွေတုန်းကတော့ မြန်မာ့ရိုးရာ အားကစားနည်းဖြစ်တဲ့ ခြင်းလုံးပြိုင်ပွဲကို ထည့်သွင်းကစားခဲ့ခြင်း မရှိခဲ့ဘဲ၊ အခုတကြိမ် ၄၄ နှစ်ကြာမှာ မြန်မာနိုင်ငံမှာ ပြန်ကျင်းပတဲ့ ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာ ထည့်သွင်းကစားခဲ့တာ ဖြစ်ပါတယ်။

မြန်မာအားကစားအဖွဲ့အနေနဲ့ ရိုးရာခြင်းလုံးပြိုင်ပွဲကနေ ရွှေတံဆိပ်တွေ ထပ်ပြီးတော့ ရဖို့ မျှော်မှန်းထားတယ်လို့ ဆိုပါတယ်။ Sea Games ပြိုင်ပွဲမှာ ရိုးရာခြင်းလုံးပြိုင်ပွဲကို ပထမဆုံး ကျင်းပတာ အိမ်ရှင်မြန်မာအနေနဲ့ ပြိုင်ပွဲရဲ့ ပထမဆုံး ရွှေတံဆိပ်ကို လိုချင်လို့ ဖြစ်တယ်လို့ ဝေဖန်ပြောဆိုသံတွေလည်း ရှိခဲ့ပါတယ်။

နေပြည်တော်မှာ ဒီကနေ့ စတင်ကျင်းပတဲ့ ခြင်းလုံးပြိုင်ပွဲကို မြန်မာနိုင်ငံ ဒုသမ္မတ ဦးဉာဏ်ထွန်းနဲ့ အားကစားဝန်ကြီး ဦးတင့်ဆန်း တို့လည်း တက်ရောက် ကြည့်ရှု အားပေးခဲ့ပါတယ်။

ရိုးရာခြင်းလုံးပြိုင်ပွဲနဲ့အတူ၊ Sea Games ပြိုင်ပွဲတွေမှာရော၊ မြန်မာအားကစား ဝါဿနာရှင်တွေကြားမှာပါ လူကြိုက်များ ရေပန်းစားတဲ့ ပိုက်ကျော်ခြင်းပြိုင်ပွဲကိုတော့ လာမယ့် ၉ ရက်နေ့ကနေ ပြိုင်ပွဲ နောက်ဆုံး ၂၂ ရက်နေ့အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။ ရိုးရာခြင်းလုံးပြိုင်ပွဲတွေမှာ မြန်မာအားကစားအဖွဲ့အနေနဲ့ ရွှေတံဆိပ်တွေရဖို့ မျှော်မှန်းထားသလို၊ ပိုက်ကျော်ခြင်းပြိုင်ပွဲမှာလည်း ရွှေတံဆိပ်တွေ ရမယ်လို့ မျှော်လင့်ထားကြောင်း မြန်မာနိုင်ငံ ခြင်းလုံးအဖွဲ့ချုပ် အတွင်းရေးမှူး ဦးကျော်ဇင်မိုးက ပြောပါတယ်။

ဒီဇင်ဘာလ ၆ ရက်နေ့မှာတော့ ဝါတာပိုလိုပြိုင်ပွဲတွေကို စတင်မှာဖြစ်ပြီး၊ ၇ ရက်နေ့မှာတော ဘောလုံးနဲ့ ဝူရှုး၊ ၈ ရက်နေ့မှာတော့ ဘတ်စကတ်ဘော၊ လက်ဝှေ့နဲ့ ၉ ရက်နေ့မှာ ပန်ဆက်စီလက်နဲ့ နပန်း စတာတွေကို ကစားသွားမှာ ဖြစ်ပါတယ်ခင်ဗျာ။
XS
SM
MD
LG