သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမိုင်းဝင်တရားရုံးများ ပုဂ္ဂလိကမလွှဲရေးဆန္ဒပြ


နှစ်ပေါင်းတစ်ရာဝန်းကျင်သက်တမ်းရှိ တရားလွှတ်တော်ချုပ်ရုံးးကို ယဉ်ကျေးမှုအမွေအနှစ်အဖြစ် ထိန်းသိမ်းရေး မြန်မာနိုင်ငံရှေ့နေများ ဆန္ဒပြနေစဉ်
နှစ်ပေါင်းတစ်ရာဝန်းကျင်သက်တမ်းရှိ တရားလွှတ်တော်ချုပ်ရုံးးကို ယဉ်ကျေးမှုအမွေအနှစ်အဖြစ် ထိန်းသိမ်းရေး မြန်မာနိုင်ငံရှေ့နေများ ဆန္ဒပြနေစဉ်
ရှေးဟောင်းအဆောက်အဦးတွေဖြစ်တဲ့ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်ရုံးနဲ့ ရန်ကုန်တိုင်း တရားရုံးတွေကို ပြတိုက်နဲ့ ဟိုတယ်အဖြစ်ဆောက်လုပ်တော့မဲ့ စီမံကိန်းတွေကို ရပ်ဆိုင်းပေးဖို့ ဒီကနေ့ ရန်ကုန်မှာ ရှိတဲ့ ရှေ့နေကွန်ယက်ကနေ ဆန္ဒ ထုတ်ဖော်ပြခဲ့ကြပါတယ်။

ဒီစီမံကိန်းတွေ စတင်ဆောင်ရွက်ခဲ့စဉ်က နိုင်ငံတော်သမ္မတနဲ့ လွှတ်တော်သုံးရပ်က အာဏာပိုင်တွေကို တင်ပြပြီး ရပ်ဆိုင်းပေးဖို့ ပြောထားပေမဲ့ တစ်စုံတစ်ရာ အကြောင်းမထူးတာကြောင့် အခုလို ဆန္ဒပြ ရတာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ၊ ရှေ့နေကွန်ယက် တာဝန်ရှိသူတွေက ပြောပါတယ်။ ခုလို သူတို့ ဆန္ဒ အတိုင်း သက်ဆိုင်ရာက ဆောင်ရွက်မပေးရင် ဘာဆက်လုပ်ကြမှာပါလဲ၊

ဆန္ဒထုတ်ဖော်ပွဲကို ကိုယ်တိုင် သတင်းရယူခဲ့တဲ့ ရန်ကုန်အခြေစိုက် ဗွီအိုအေသတင်းထောက် ကိုအောင်ရဲမောင်မောင် က တင်ပြပေးထားပါတယ်။

ပုဂ္ဂလိပိုင်ပေးစဉ်က ပါဝင်သွားခဲ့တဲ့ နိုင်ငံ့ဂုဏ်ဆောင် အထင်ကရ High Court လို့ သိကြတဲ့ တရား လွှတ်တော်ချုပ်ရုံးနဲ့ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်ရုံးလို့ ခေါ်တဲ့ စုပေါင်းရုံးတွေကို မူလအတိုင်း ရှေးမူမပျက် ထိန်းသိမ်းပေးဖို့ အာဏာပိုင်တွေကို တောင်းဆိုတဲ့အပေါ် တစ်စုံတစ်ရာ လိုက်လျှောပေးတာတွေ မရှိတာကြောင့် မြန်မာနိုင်ငံရှေ့နေများကွန်ယက်က ရှေ့နေအင်အား ၁၀၀ ကျော်နဲ့ ဒီကနေ့ မှာ ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။

နှစ်ပေါင်းတစ်ရာကျော် အမျိုးသား ယဉ်ကျေးမှုအမွေအနှစ်တွေဖြစ်ခဲ့တဲ့ တရားလွှတ်တော်ကြီးနဲ့ ရန်ကုန်တိုင်းတရားရုံးတွေဟာ ပုဂ္ဂလိပိုင်လုပ်ငန်းရှင်တွေလက်ထဲမှာ အသွင်ပြောင်းသွားမှာကို မလိုလားဘူးလို့ ရှေ့နေကွန်ယက်မှ တရားလွှတ်တော် ရှေ့နေတစ်ဦးဖြစ်တဲ့ ဦးကိုနီက VOA ကို ပြောပါတယ်။

“မြန်မာနိုင်ငံရဲ့သမိုင်းဝင် အဆောက်အအုံနှစ်ခုဖြစ်တဲ့ ရန်ကုန် High Court လို့ခေါ်တဲ့ တရား လွှတ်တော်ချုပ် အဆောက်အအုံနဲ့ စုပေါင်းတိုင်း တရားရုံးကြီး- အမျိုးသားယဉ်ကျေးမှု အမွေအနှစ် အဖြစ် သတ်မှတ်ထားတဲ့ ဒီ အဆောက်အအုံကြီးနှစ်ခုကို ပုဂ္ဂလိကလုပ်ငန်းရှင်ကို လွဲှပေးတဲ့အပေါ်မှာ မကျေနပ်လို့ ဆန္ဒထုတ်ဖော်ရတာပါ။ ပထမတချက်က မဟာဗန္ဓုလပန်းခြံနားမှာရှိတဲ့ တရား လွှတ်တော် အဆောက်အအုံရဲ့ အပေါ်ဆုံးထပ်ကို ပြတိုက်ဖွင့်ဖို့ လုပ်ငန်းရှင်တယောက်ကို လွဲှပေးတယ်။ အဲဒါလည်းပဲ လက်မခံနိုင်ပါဘူး။ နှစ်ပေါင်းတစ်ရာကျော် တရားရုံးအဖြစ် သုံးခဲ့တဲ့ အဆောက်အအုံရဲ့အပေါ်ဆုံးထပ်ကို ပုဂ္ဂလိက လုပ်ငန်းရှင်တစ်ယောက်က ရယူသွားစရာအကြောင်း မရှိဘူးဗျ။

နောက် ဒီဘက်ကရုံးကလည်း စဆောက်ကတည်းက တရားရုံး၊ တရားရုံးအဖြစ် နှစ်ပေါင်း တစ်ရာလောက် ဆက်တိုက်သုံးခဲ့တယ်။ ကြားထဲမှာ မဆလခေတ် တစ်ခေတ်ပဲ သူတို့ပါတီ ဌာနချုပ် အနေနဲ့သုံးတယ်။ ပြီးတော့ ၁၉၈၈ ကနေစ၊ ဒီကနေ့အထိ တရားရုံးအဖြစ် သုံးနေတယ်။ အဲဒီတော့ ဒီမှာ ကျနော်တို့ အရှေ့ပိုင်းခရိုင် တရားရုံးရှိတယ်။ အနောက်ပိုင်းခရိုင် တရားရုံးရှိတယ်။ ရန်ကုန်ထဲမှာရှိတဲ့ မြို့နယ် တော်တော်များများက တရားရုံးတွေ ရှိတယ်။ အဲဒီတရားရုံးတွေ အားလုံးကို အပြင်ထုတ်လိုက်တယ်။

ဥပမာ- အရှေ့ပိုင်းခရိုင်တရားရုံးဆို သင်္ကန်းကျွန်းအထိ ရောက်သွားတယ်။ အဝေးကြီးသွားရတယ်။ လူတွေ အများကြီး ဒုက္ခဖြစ်ကုန်တယ်။ တရားသူကြီးလည်း ဒုက္ခဖြစ်တယ်။ ဝန်ထမ်းတွေလည်း တော်တော် ဒုက္ခဖြစ်တယ်။ အဲဒီတော့ လူတွေအားလုံးကို ဒီလို ဒုက္ခဖြစ်စေတဲ့ကိစ္စ အကျိုးရှိတဲ့အခါကျတော့ စီးပွားရေး ပုဂ္ဂလိကလုပ်ငန်းရှင်တွေပဲ အကျိုးဖြစ်ထွန်းတယ်။ ဒီလို လုပ်ရပ်မျိုးကို ကျနော်တို့က သဘောမကျဘူး။

ဒါ့အပြင် ဒီအဆောက်အအုံနှစ်ခုဟာ အမျိုးသားယဉ်ကျေးမှု အမွေအနှစ် ပစ္စည်းတွေဖြစ်တယ်။ အမျိုးသားယဉ်ကျေးမှု အမွေအနှစ်ပစ္စည်းကို ထိန်းသိမ်းဖို့က နိုင်ငံသားအားလုံးရဲ့တာဝန်ဖြစ်တယ်။ အထူးသဖြင့် ကျနော်တို့လို ရှေ့နေ ရှေ့ရပ်တွေ၊ ဥပဒေသမားတွေက ဒါကို ပိုပြီးတော့ ထိန်းသိမ်းဖို့ တာဝန်ရှိတယ်။ ဒါကြောင့်မို့လို့လည်း သက်ဆိုင်ရာ တာဝန်ရှိတဲ့သူတွေက မထိန်းသိမ်းရင်တောင် ကျနော်တို့ ဥပဒေပညာရှင်တွေဖြစ်တဲ့ ကျနော်တို့ရှေ့နေများ ကွန်ယက်အနေနဲ့တော့ ဒီအမျိုးသား ယဉ်ကျေးမှု အမွေအနှစ် ပစ္စည်းတွေကို ဆက်ပြီးတော့ တည်တံ့ခိုင်မြဲအောင် တတ်စွမ်းသမျှလုပ်ဖို့ သင့်တယ်လို့ ကျနော်တို့က ယုံကြည်ယူဆလို့ အခုလိုမျိုး ဆန္ဒထုတ်ဖော်ရတာ ဖြစ်တယ်။”

ရှေ့နေတွေ ဆန္ဒထုတ်ဖော်မှုမလုပ်ခင်က အုပ်ချုပ်ရေးနဲ့ ဥပဒေပြုရေးပိုင်းက တာဝန်ရှိ အာဏာပိုင်တွေဆီ တရားရုံးတွေကို အသွင်မပြောင်းဖြစ်ဖို့ ပြောကြားခဲ့ပေမဲ့လည်း သုံးလကြာတဲ့အထိ တစ်စုံတစ်ရာ ပြေကြားလာတာတွေမရှိလို့ အခုလို ဆန္ဒထုတ်ဖော်ရတာလို့ ဦးကိုနီက ပြောပါတယ်။ ဒီနေ့ ဆန္ဒဖော် ထုတ်တဲ့ ရှေ့နေကွန်ယက်ရဲ့လုပ်ရပ်အပေါ် အာဏာပိုင်တွေဘက်က တစ်စုံတစ်ခု အကြောင်းပြန် လာခြင်း၊ သဘောထား ပြင်ဆင်ပေးတာတွေမရှိခဲ့ရင်လည်း ရှေ့နေကွန်ယက်က အခြားဥပဒေလမ်း ကြောင်းတွေကနေ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဦးကိုနီက ဆိုပါတယ်။

နိုင်ငံတကာမှာလည်း ရှေးဟောင်းအမွေအနှစ်တွေကို ထိန်းသိန်းစောင့်ရှောက်မှုတွေ ဆောင်ရွက်နေ ချိန်မှာ နိုင်ငံတော်ပိုင်းက ထိန်းသိမ်းဆောင်ရွက်နိုင်တာမျိုးတွေ မပြုလုပ်နိုင်ခဲ့ ရင်တောင် တရား လွှတ်တော်နဲ့ တရားရုံးတွေကို ဟိုတယ်အသွင် ပြောင်းလဲပစ်မယ့် လုပ်ရပ်တွေကတော့ လုံး၀ မသင့်လျော်ဘူးလို့ တရားလွှတ်တော် ရှေ့နေတစ်ဦးဖြစ်တဲ့ ဦးမျိုးသန့်(ရန်ကင်း) က ပြောပါတယ်။

အရင် အစိုးရလက်ထက်က တရားရုံးအဖြစ် အသုံးပြုလာခဲ့တဲ့ ရန်ကုန်တိုင်း၊ စုပေါင်းရုံးအတွင်းက ခရိုင်ရုံးပေါင်းများစွာကို မြို့စွန်မြို့ဖျားဆီကို ရွှေ့ပြောင်းစေခဲ့ပြီး ရန်ကုန်တိုင်းတရားရုံးကြီးကို ရပ်နားထားခဲ့တာလည်း ကာလအားဖြင့် ခုနစ်လ တိတိ ရှိလာပြီလို့ တရားလွှတ်တော်ရှေ့နေတစ်ဦး က ထောက်ပြ ပြောခဲ့ပါတယ်။

ခေတ်အဆက်ဆက် တရားစီရင်ရေးရဲ့ အမွေအနှစ်လို့ ပြောလို့ ရတဲ့ တရားရုံးတွေကို ထိန်းသိမ်း တာမျိုး မလုပ်ဘဲ လုံး၀ အသွင်ပြောင်းတာဟာ မူလကရှိနေတဲ့ ယဉ်ကျေးမှုတွေကို ဖျက်ဆီး လိုက် တာနဲ့ တူတယ်လို့လည်း ရှေ့နေကွန်ယက်က ဥပဒေအတိုင်ပင်ခံ ဦးဖိုးဖြူက ပြောပါတယ်။

“သမိုင်းအမွေအနှစ်၊ ယဉ်ကျေးမှုအမွေအနှစ် ဖြစ်တယ်၊ တရားစီရင်ရေးရဲ့ အမွေအနှစ် လို့တောင် ပြောလို့ ရတဲ့ ဒီတရားရုံးအဆောက်အဦးကို ပုဂ္ဂလိကပိုင် လွဲှပြောင်းမယ်ဆိုတာကတော့ အကြီးအကျယ် ကန့်ကွက်သင့်တဲ့ကိစ္စပါ။ ကျနော်တို့ သားတွေ သမီးတွေ၊ ရှေ့နေ ရှေ့ရပ်တွေ၊ ဥပဒေပညာရှင်တွေ ဖြစ်လာခဲ့မယ်ဆိုရင်တောင် တို့ဘိုးတွေ၊ ဘွားတွေ၊ ဘေးတွေ လက်ထက်တုန်းက တရားစီရင်ခဲ့တဲ့၊ ဆုံးဖြတ်ခဲ့တဲ့ သမိုင်းဝင် စီရင်ချက်ကြီးတွေ ချမှတ်ခဲ့တဲ့ရုံးက ဒီရုံးပဲလို့ ကျနော်တို့ ပြစရာမရှိတဲ့နေ့တနေ့ကို ရောက်သွားမှာ အလွန်စိုးရိမ်ပါတယ်။”

ဒီကနေ့မှာ မြန်မာနိုင်ငံရှေ့နေကွန်ယက်က တရားရုံးကြီးနှစ်ခုကို ဟိုတယ်နဲ့ပြတိုက်တွေမဖြစ်ဖို့ ဆန္ဒ ထုတ်ဖော်မှုတွေ ပြုလုပ်ခဲ့သလို မြင့်မားလာတဲ့ ရုံးခွန်တံဆိပ်ခေါင်းကိစ္စတွေကို အာဏာပိုင်တွေဘက် က ပြန်စဉ်းစားတာတွေ ပြုလုပ်ဖို့လည်း တောင်းဆိုခဲ့ကြပါတယ်ခင်ဗျာ။
XS
SM
MD
LG