သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံ HIV/AIDS ကုသမှု အလားအလာကောင်း


ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် HIV/AIDS ဝေဒနာရှင်တွေကို နှစ်သိမ့်နေစဉ်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် HIV/AIDS ဝေဒနာရှင်တွေကို နှစ်သိမ့်နေစဉ်။
မြန်မာနိုင်ငံတွင်း HIV/AIDS ရောဂါဝေဒနာ တိုက်ဖျက်ရေးလုပ်ငန်းတွေ အတွက် နိုင်ငံတကာ အကူအညီတွေ ဒီနှစ်အတွင်း ပိုမို ရရှိလာနေတာကြောင့်
ရောဂါတိုက်ဖျက်ရေး လုပ်ငန်းတွေကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်မယ် ဆိုရင်တော့ သိပ်မကြာခင် အနာဂတ်မှာ မြန်မာနိုင်ငံတွင်း ဒီရောဂါ ဖြစ်ပွားမှုတွေ သိသိသာသာ လျော့ကျသွားနိုင်တယ်လို့ ကျွမ်းကျင်သူတဦးက ပြောပါတယ်။ HIV ရောဂါ ပျံ့နှံ့ဖြစ်ပွားမှုတွေ လျော့ကျအောင် ဆောင်ရွက်တဲ့နေရာမှာ အစိုးရအနေနဲ့ အဓိက အခန်းကဏ္ဍကနေ ပံ့ပိုးပါဝင်ဖို့ အရေးကြီးတယ်လို့လည်း ဆိုပါတယ်။ အသေးစိတ်ကို ဆက်သွယ်မေးမြန်းထားတဲ့ မခင်ဖြူထွေးက တင်ပြထားပါတယ်။

သိပ်မကြာခင်က ပြုလုပ်ခဲ့တဲ့ နိုင်ငံတကာ စစ်တမ်းတခုမှာတော့ မြန်မာ အပါအဝင် အရှေ့တောင်အာရှ နိုင်ငံတချို့မှာ HIV ရောဂါ ဖြစ်ပွားမှုတွေ သိသိသာသာ လျော့ကျလာခဲ့တယ်လို့ ဆိုပါတယ်။ ဒီလို လျော့ကျလာတယ် ဆိုတဲ့တိုင်အောင် ဒီရောဂါကြောင့် သေဆုံးမှုတွေဟာ မြန်မာနိုင်ငံတွင်း သေဆုံးမှု စုစုပေါင်းရဲ့ ၅ ရာခိုင်နှုန်း ရှိနေတုန်းပဲလို့ အမေရိကန် ပြည်ထောင်စု ဝါရှင်တန်တက္ကသိုလ်က ကျန်းမာရေးသုတေသနအဖွဲ့ Health Metrics and Evaluation က အင်္ဂါနေ့မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာတော့ဖော်ပြ ထားတာပါ။

လက်ရှိ မြန်မာနိုင်ငံတွင်း HIV ရောဂါ ဖြစ်ပွားမှု အခြေအနေတွေနဲ့ ပတ်သက်လို့ အမေရိကန် ပြည်ထောင်စု Johns Hopkins တက္ကသိုလ် လူထုကျန်းမာရေးဌာန ညွှန်ကြားရေးမှူး Chris Beyrer က အခုလို ပြောပါတယ်။

“လက်ရှိ အခြေအနေမှာတော့ HIV/AIDS ရောဂါ ခံစားနေရပြီး ရောဂါကုသမှု ခံယူဖို့ လိုအပ်နေသူတွေ၊ ကုသမှု လုံး၀ မရကြတဲ့သူတွေ မြန်မာနိုင်ငံထဲမှာ အများအပြား ရှိနေတုန်းပါပဲ။ ပြီးခဲ့တဲ့ နှစ်ပေါင်းများစွာအတွင်း HIV ရောဂါသည်တွေအတွက် ARV ဆေးနဲ့ တခြား လိုအပ်တဲ့ ဆေးဝါး ငွေကြေးအကူအညီ လုံလုံလောက်လောက် မရှိတာ၊ နောက် လူနာတွေအနေနဲ့ အများပြည်သူသုံး ဆေးပေးခန်းတွေကိုပဲ အားကိုးရတဲ့အခါ ရောဂါ အတော်ကျွမ်းတဲ့ အဆင့်ကိုရောက်မှပဲ အရေးပေါ် ကုသမှုလိုတဲ့ အခြေအနေလို့ သတ်မှတ်ပြီး ဆေးဝါးကုသမှု ရကြတာမျိုးတွေ ရှိနေတုန်းပါ။ ဆိုတော့ ဒီရောဂါ ခံစားနေရပြီး ဆေးဝါးကုသမှု မရကြသူတွေ အများအပြား ရှိနေတုန်းဖြစ်ပါတယ်။”

ဒီလိုအခြေအနေမှာ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာက အကူအညီတွေ ပိုပြီးတော့ ရလာနေတာကတော့ အားတက်စရာ ဖြစ်တယ်လို့ Chris Beyrer က ပြောပါတယ်။

“မြန်မာနိုင်ငံအတွက် ကြီးမားတဲ့ အပြောင်းအလဲကတော့ မြန်မာနိုင်ငံကို ကျန်းမာရေးဆိုင်ရာ အကူအညီတွေ ပေးနေတဲ့ အမေရိကန်နဲ့ ဥရောပနိုင်ငံတွေ၊ ကနေဒါ အကူအညီပေးရေးအဖွဲ့တွေ ပါဝင်တဲ့ ထောင်စုနှစ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက် သုံးမျိုး ရန်ပုံငွေ Three MDG Fund တွေ မြန်မာနိုင်ငံကို အကူအညီတွေ ပိုပေးဖို့ ကတိပြု ပြောလာတာတွေ ရှိပါတယ်။ ကျနော်တို့ သိထားသလောက် လာမယ့် ၅ နှစ်တွင်း ဒေါ်လာ သန်း ၃၅၀ လောက် မြန်မာနိုင်ငံကို ပေးဖို့ရှိနေပါတယ်။”

“ဒီ အကူအညီတွေကြောင့် HIV၊ တီဘီ နဲ့ ငှက်ဖျားရောဂါ ကုသမှုတွေ ပိုပြီးတော့ ရှိလာမှာပါ။ ဒါ့အပြင် Global Fund အဖွဲ့ဟာလည်း မြန်မာနိုင်ငံထဲကို ပြန်လည် ဝင်ရောက်လာနေပါပြီ။ ဒေါ်လာ သန်း ၁၆၀ လောက် အကူအညီတွေ ပေးဖို့ရှိပါတယ်။ ဒီလို နိုင်ငံတကာ အကူအညီတွေ အားလုံးပေါင်းလိုက်ရင် ရောဂါသည် သိန်းနဲ့ချီအတွက် ကုသမှုတွေ ပေးလာနိုင်မှာပါ။ ဒါက တကယ့်ကို ဝမ်းသာစရာပါ။ ခုချိန်မှာ ဆေးဝါးကုသမှု မရကြတဲ့ HIV ဝေဒနာသည်တွေအတွက် ကုသမှုတွေ ရှိလာတော့မှာ ဖြစ်ပါတယ်။”

နိုင်ငံတကာ အကူအညီတွေ အများအပြား ဝင်ရောက်လာတာကြောင့်
မြန်မာနိုင်ငံအနေနဲ့ HIV ရောဂါကြောင့် သေဆုံးမှုတွေ
လျော့ကျအောင် ဆောင်ရွက်နိုင်တဲ့ မျှော်လင့်ချက်တွေ ရှိပေမဲ့လို့၊ ဒီရောဂါ တိုက်ဖျက်ရေး လုပ်ငန်းတွေ အောင်မြင်ဖို့မှာ အစိုးရပိုင်းက ထိရောက်တဲ့ ပံ့ပိုးကူညီမှုတွေ လုပ်ဆောင်ဖို့ လိုအပ်တယ်လို့လည်း Chris Beyrer က ပြောပါတယ်။ ကျန်းမာရေးကဏ္ဍမှာ ပြုပြင် ပြောင်းလဲမှုတွေ
ဆောင်ရွက်လာဖို့ကတော့ အဓိက အရေးကြီးဆုံး ဖြစ်လိမ့်မယ်လို့ သူက ဆိုပါတယ်။

“ကျန်းမာရေးကဏ္ဍမှာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ အရေးကြီးပါတယ်။
မြန်မာနိုင်ငံထဲက ဝေဒနာရှင်တွေ အများအပြားဟာ နိုင်ငံတကာ NGO အဖွဲ့အစည်းတွေရဲ့ အကူအညီနဲ့ ဆေးဝါးကုသမှု ခံယူနေကြတာ ဖြစ်ပါတယ်။ ဒါက ရေရှည်အတွက်တော့ အာမခံချက် မရှိပါဘူး။ အများပြည်သူ အသုံးပြုနိုင်တဲ့ ကျန်းမာရေး ပြုစု စောင့်ရှောက်မှုတွေကို ပိုပြီးတော့ အားကောင်းလာအောင် အစိုးရအနေနဲ့ လုပ်ဆောင်ဖို့ အရေးကြီးပါတယ်။ ဆင်းရဲနွမ်းပါးသူတွေအနေ နဲ့ ပြည်သူပိုင် ဆေးရုံဆေးခန်းတွေကနေ တဆင့် ဆေးဝါးကုသမှု ခံယူနိုင်ဖို့ လိုပါတယ်။ HIV ရောဂါသည် အများစုဟာ ဆင်းရဲနွမ်းပါးကြပါတယ်။ ဒါကြောင့် ARV ဆေးဝါးကို အလကား ဒါမှမဟုတ် ဈေးသက်သက်သာသာနဲ့ ရရှိနိုင်ဖို့က အရေးကြီးပါတယ်။”

ပြီးခဲ့တဲ့နှစ်တွေအတွင်း မြန်မာနိုင်ငံမှာ နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်
ပြောင်းလဲမှုတချို့ ရှိလာခဲ့ချိန်ကစလို့ နိုင်ငံတကာနဲ့ ထိတွေ့ဆက်ဆံမှုတွေ နဲ့အတူ နိုင်ငံတကာက ကူညီထောက်ပံ့မှုတွေကိုလည်း မြန်မာနိုင်ငံ ပိုပြီး ရရှိလာနေတာ ဖြစ်ပါတယ်။

ဒါပေမဲ့လို့ တကယ့် လက်တွေ့ လုပ်ငန်းတွေ အကောင်အထည်ဖော်
ဆောင်ရွက်တဲ့နေရာမှာ အာဏာပိုင်တွေရဲ့ ပိတ်ပင်တားဆီးမှုတွေ၊ ကန့်သတ်ချက်တွေကြောင့် အကူအညီ ပေးရေးလုပ်ငန်းတွေ မလိုအပ်ဘဲ နှောင့်နှေးရတာတွေတော့ ရှိနေတုန်းပဲလို့လည်း Chris Beyrer က ပြောသွားပါတယ်။

မြန်မာနိုင်ငံတွင်း HIV ရောဂါကို တိုက်ဖျက်ရေး လုပ်ငန်းတွေ ထိရောက်ဖို့မှာ ဒီအခြေအနေတွေကို ပြောင်းလဲနိုင်ဖို့ အရေးကြီးတယ်လို့လည်း Chris Beyrer က ပြောသွားပါတယ်။
XS
SM
MD
LG