သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေးအကျဉ်းသားအားလုံး မလွတ်သေးတဲ့အတွက် HRW စိတ်ပျက်


နိုင်ငံရေးအကျဉ်းသားအားလုံး မလွတ်သေးတဲ့အတွက် HRW စိတ်ပျက်
နိုင်ငံရေးအကျဉ်းသားအားလုံး မလွတ်သေးတဲ့အတွက် HRW စိတ်ပျက်

မြန်မာအစိုးရက မနေ့က နိုင်ငံရေးအကျဉ်းသားတချို့ကို ပြန်လွှတ်ပေးလိုက်တဲ့အပေါ် နိုင်ငံတကာ လူ့အခွင့်အရေး လှုပ်ရှားသူတွေနဲ့ အဖွဲ့အစည်းတွေက ကြိုဆိုခဲ့ကြပေမဲ့ တကယ်တမ်း လွှတ်သင့်တဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို ပြန်မလွှတ်သေးတဲ့အတွက် စိတ်ပျက်မိတယ်လို့ ဆိုကြပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေ အားလုံး ပြန်လွှတ်ပေးဖို့ သူတို့က တောင်းဆိုလိုက်သလိုပဲ လူ့အခွင့်အရေးနဲ့ လွတ်လပ်ခွင့်တွေကို အာမခံနိုင်တဲ့ ဥပဒေတွေနဲ့ မူဝါဒ ပြုပြင် ပြောင်းလဲမှုတွေ လုပ်ဖို့ကိုလည်း မြန်မာအစိုးရကို တိုက်တွန်းလိုက်ပါတယ်။ အပြည့်စုံကို မခင်ဖြူထွေးက တင်ပြထားပါတယ်။

မြန်မာအစိုးရအနေနဲ့ တကယ်တမ်း နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတယ်ဆိုတာကို ပြချင်ရင် နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို လွှတ်ပေးရမှာဖြစ်တယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ဝေဖန်ပြောဆိုနေကြတာပါ။ မျှော်လင့်တဲ့အတိုင်း နိုင်ငံရေးအကျဉ်းသား အားလုံး ပြန်မလွတ်သေးတဲ့အတွက် စိတ်ပျက်မိတယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ Human Rights Watch ရဲ့ အာရှဒေသဆိုင်ရာ တာဝန်ခံတစ်ဦးဖြစ်တဲ့ အီလိန်း ပီယာဆန် (Elaine Pearson) က ပြောပါတယ်။

“နိုင်ငံရေးအကျဉ်းသားတွေ အများအပြား ပြန်လွှတ်ပေးမယ် ဆိုတဲ့ ပြောဆိုမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ပြီးတဲ့နောက် မကြာခင်အချိန်မှာ ဒီလိုလူတွေ ပြန်လွတ်လာတာ တွေ့ရလိမ့်မယ်လို့ ကျမတို့လည်း မျှော်လင့်ခဲ့ကြတာပါ။ တကယ်တမ်း အဲဒီလို ဖြစ်မလာတော့ စိတ်ပျက်မိပါတယ်။ အခုဟာက အရင် မြန်မာအစိုးရ အစဉ်အဆက် လုပ်နေကျအတိုင်းပါပဲ။ လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး အကျဉ်းသားတွေ ထောင်နဲ့ချီ လွှတ်တယ်၊ ဒါပေမဲ့ အဲဒီထဲမှာ နိုင်ငံရေးအကျဉ်းသားက နည်းနည်းပဲ ပါပါတယ်။ ဒါကြောင့် အခု ကိုဇာဂနာနဲ့ မစုစုနွေး တို့လိုလူတွေ ပြန်လွတ်လာတဲ့အတွက် ဝမ်းမြောက်ကြိုဆိုရပေမဲ့ မြန်မာနိုင်ငံက အကျဉ်းထောင်တွေထဲမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူတွေ ထောင်နဲ့ချီ ရှိနေသေးတယ်ဆိုတာကိုလည်း မေ့ပစ်လို့မရပါဘူး။”

နိုင်ငံရေးအကျဉ်းသား အားလုံး ပြန်လွတ်ဖို့ အရေးကြီးတဲ့တချိန်တည်းမှာပဲ မြန်မာလူထုရဲ့ လူ့အခွင့်အရေးနဲ့ လွတ်လပ်ခွင့်တွေကို အာမခံနိုင်တဲ့ ဥပဒေဆိုင်ရာ ပြုပြင် ပြောင်းလဲမှုတွေ လုပ်ဖို့လည်း အရေးကြီးတယ်လို့ မနေ့က ထုတ်ပြန်တဲ့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

“နိုင်ငံရေးအကျဉ်းသားတွေ အားလုံး လွတ်မြောက်ဖို့က တကယ် အရေးကြီးပါတယ်။ တချိန်တည်းမှာလည်း အစိုးရအနေနဲ့ ဒီလို နိုင်ငံရေး အကျဉ်းသားတွေကို မတရားဖမ်းဆီးထားနိုင်တဲ့ ဥပဒေတွေကို ပြန်လည် ပြင်ဆင်ရပါလိမ့်မယ်။ တကယ်တမ်း ပြုပြင်ပြောင်းလဲမှုတွေကို အမှန်တကယ် လုပ်နေတယ်ဆိုတာကို ပြချင်ရင်တော့ အခြေခံ လူ့အခွင့်အရေးတွေဖြစ်တဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ စုရုံးခွင့်နဲ့ အသင်းအပင်းဖွဲ့စည်းမှု စတာတွေကို တားမြစ်တဲ့ ဥပဒေတွေကိုလည်း ပြုပြင် ပြောင်းလဲပစ်ရပါလိမ့်မယ်။”

နယူးယောက်မြို့ အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ရဲ့ အာရှဒေသဆိုင်ရာ တာဝန်ခံတစ်ဦးဖြစ်တဲ့ အီလိန်း ပီယာဆန် ဖြစ်ပါတယ်။ မနေ့က နိုင်ငံရေးအကျဉ်းသားတချို့ ပြန်လည် လွတ်မြောက်လာတဲ့အပေါ်မှာ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Amnesty International နဲ့ Christian Solidarity Worldwide (CSW) တို့ကလည်း ကြိုဆိုကြောင်း ထုတ်ဖော် ပြောဆိုခဲ့ကြသလို နိုင်ငံရေးအကျဉ်းသား အားလုံးကို လွှတ်ပေးဖို့ကိုလည်း သူတို့က ကြေညာချက်ထုတ်ပြန် တောင်းဆိုခဲ့ကြပါတယ်။ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က မြန်မာ့အရေး ကျွမ်းကျင်သူ ဘန်ဂျမန် ဇဝက်ကီး (Benjamin Zwacki) က နိုင်ငံရေးအကျဉ်းသား ဆိုတာ အစကတည်းက မရှိသင့်ဘူးလို့ ဆိုပါတယ်။

“အစကတည်းက ဒီလူတွေ အဖမ်းခံရစရာ အကြောင်းကို မရှိပါဘူး။ နောက်တစ်ခုက အခု နိုင်ငံရေး အကျဉ်းသားတချို့ လွှတ်ပေးတာအပါအဝင် တိုင်းပြည်ထဲမှာ လုပ်နေတယ်ဆိုတဲ့ ပြုပြင် ပြောင်းလဲမှုတွေဟာ နေပြည်တော်နဲ့ ရန်ကုန်မှာတင်သာမကဘဲ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အမျိုးမျိုး ကျူးလွန်ခံနေရတဲ့ တိုင်းရင်းသားဒေသတွေအထိပါ တိုးချဲ့ လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။”

မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ကုလသမဂ္ဂရဲ့ အထူးစုံစမ်းစစ်ရေးမှူး သောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) ကလည်း အခုတကြိမ် လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသား အရေအတွက် နည်းလွန်းတာကြောင့်မိုလို့ ဒါဟာ နိုင်ငံတကာက မျှော်လင့်ထားတဲ့အတိုင်း ဖြစ်မလာသေးတာပဲလို့ ဆိုပါတယ်။

“အခုကိစ္စမှာဆိုရင် လွှတ်ပေးတာဟာ နိုင်ငံတကာအသိုက်အဝန်းက တောင်းဆိုနေတဲ့အတိုင်း မဟုတ်ဘူး ဆိုရင်တော့ ကျနော်တို့ တကယ့်ကို ရှင်းရှင်းလင်းလင်း ပြောရပါလိမ့်မယ်။ အထွေထွေညီလာခံမှာ အဖွဲ့ဝင် တနိုင်ငံချင်းစီ သိအောင်ပြောပြရမှာ ဖြစ်ပြီး ဖြစ်ပေါ်နေတဲ့ အခြေအနေအတိုင်း ဆုံးဖြတ်ချက်ချကြရမှာ ဖြစ်ပါတယ်။”

မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ကုလသမဂ္ဂရဲ့ အထူးစုံစမ်းစစ်ရေးမှူး သောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) ဖြစ်ပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးတဲ့ အခြေအနေအပါအဝင် မြန်မာနိုင်ငံက နောက်ဆုံး နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုတွေကို လာမယ့် အောက်တိုဘာလ ၁၉ ရက်နေ့ကျရင် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ မစ္စတာ ကင်တားနားက အစီရင်ခံမှာဖြစ်ပါတယ်။

လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အကျဉ်းသား ၆ ထောင်ကျော် ပြန်လွှတ်ပေးမယ်လို့ မြန်မာအစိုးရက ကြေညာချက် ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း မနေ့ကစလို့ အကျဉ်းသားတချို့ ပြန်လွှတ်ရာမှာ နိုင်ငံရေးအကျဉ်းသားကတော့ အနည်းစုသာ ပါဝင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီအထဲမှာ တိုင်းရင်းသား နိုင်ငံရေးခေါင်းဆောင်တွေ၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေနဲ့ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုခေါင်းဆောင် သံဃာတော်တွေလည်း ပါဝင်ခြင်းမရှိသေးပါဘူး။ ဒါကြောင့်လဲ ဒီလို အထင်ကရပုဂ္ဂိုလ်တွေ အပါအဝင် ကျန်နေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး ပြန်လွှတ်ပေးဖို့ ပြည်တွင်းပြည်ပ လှုပ်ရှားသူတွေက တောင်းဆိုနေကြတာ ဖြစ်ပါတယ်။

XS
SM
MD
LG