သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထောင်တွင်း လူ့အခွင့်အရေး ချိုးဖောက်မှု တကယ်ရှိလျှင် ဟန့်တားမည်


အင်းစိန်ထောင်မှ အကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွှတ်ပေးနေစဉ် (အောက်တိုဘာလ ၁၂၊ ၂၀၁၁)
အင်းစိန်ထောင်မှ အကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွှတ်ပေးနေစဉ် (အောက်တိုဘာလ ၁၂၊ ၂၀၁၁)

မကြာသေးခင်ရက်တွေကမှ အကျဉ်းထောင်တွင်းကနေ လွတ်လာတဲ့ နိုင်ငံရေး အကျဉ်းသားတွေပြောနေတဲ့ အကျဉ်းသား အခွင့်အရေး ချိုးဖောက်ခံရမှု ကိစ္စတွေကို ခိုင်ခိုင်မာမာ အချက်အလက်တွေရှိရင် စုဆောင်းပြီး ဒီလိုပြသနာမျိုးတွေ နောင်မဖြစ်ရအောင် တားမြစ်ဖို့ အစီအစဉ်ရှိတယ်လို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်က ပြောပါတယ်။ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူတချို့ လွတ်လာတာကို မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်က ကြိုဆိုပြီး နောက်ထပ် ဆက် လွှတ်ပေးဖို့အတွက်တော့ လတ်တလောမှာ တောင်းဆိုဖို့ အစီအစဉ် မရှိသေးဘူးလို့လည်း ပြောပါတယ်။ ဒီအကြောင်းတွေကိုတော့ မသင်းသီရိက တင်ပြထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေးလိုက်တဲ့ နိုင်ငံတဝှမ်း အကျဉ်းထောင်တွေထဲက ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူ ဦးရေ ၂၀၀ နီးပါး ပါလာပြီးတဲ့နောက် အကျဉ်းထောင်တွင်းကြုံကြရတဲ့ အကျဉ်းသားအခွင့်အရေး ချိုးဖောက်မှုတွေ၊ ဖမ်းဆီးစဉ်ကာလတွေက စစ်ကြောရေးစခန်းတွေမှာ ကြုံရတဲ့အခြေအနေတွေကို လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားတချို့က ပြောပြနေကြတာပါ။ ဒီ အချက်အလက်တွေဟာ ခိုင်ခိုင်မာမာရှိတယ်ဆိုရင် ဒီအချက်အလက်တွေကို စုဆောင်းပြီး ဟန့်တားဖို့ အစီအစဉ်ရှိတယ်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြက ပြောပါတယ်။

“အကျဉ်းထောင်တွေထဲမှာ ချိုးဖောက်တဲ့အနေအထားမျိုးလေးတွေ ရှိရင်တော့ ကျနော်တို့ ဒါတွေကို လေ့လာပြီးတော့ ချိုးဖောက်မှုတွေကို လျော့နည်းအောင် ဆောင်ရွက်ဖို့တော့ ကျနော်တို့ စိတ်ကူးရှိပါတယ်။ စွပ်စွဲတာတွေကိုတော့ ကျနော်တို့ ကြားသိရတာပေါ့နော်။ ဒီလို ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်မျိုးတွေ ကြားသိရတာရှိတယ်။ ဒါတွေက ခိုင်ခိုင်မာမာ ဖြစ်လာတာမျိုးဆိုရင်တော့ ကျနော်တို့ ဒါကို တားမြစ်ဖို့အတွက် တစ်စုံတစ်ခု ဆောင်ရွက်ဖို့ဆိုတဲ့ အစီအစဉ်တွေ ရှိပါတယ်။”

ဒီတော့ အခုပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ ဦးဝင်းမြတို့ လူ့အခွင့်အရေးကော်မရှင်က တွေ့ဖို့ မေးမြန်းစုံစမ်းဖို့ အစီအစဉ်ရော ရှိပါပြီလားရှင့်။ -

“ကျနော်တို့ကတော့ အဓိကအားဖြင့် ကျနော်တို့ တိုင်ကြားတာတွေကို စိစစ်ပြီးတော့ ဆောင်ရွက်ပေးတာကို လောလောဆယ်မှာတော့ ကျနော်တို့ ဒါနဲ့ပတ်သက်ပြီးတော့ အစီအစဉ်တော့ မရှိသေးပါဘူး။ ဒီလို ချိုးဖောက်မှုတွေ ရှိလာမယ်ဆိုရင်တော့ ဒါမျိုးကို ကျနော်တို့ စဉ်းစားပြီးတော့ ကောင်းမွန်သွားအောင် ပြင်ဆင်နိုင်အောင် ကျနော်တို့ ဆောင်ရွက်ရမှာပေါ့။ စွပ်စွဲယုံသက်သက်နဲ့တော့ လုပ်လို့မရဘူးပေါ့။ အဲဒီတော့ ကျနော့်ရဲ့အမြင်ကတော့ စွပ်စွဲတာတွေတော့ အများကြီးပဲ ရှိတယ်၊ ဒါတွေကို ခိုင်မာတဲ့ အထောက်အထားတွေ ရှိလာတာမျိုးဆိုရင်တော့ ကျနော်တို့ စုံစမ်းပြီးတော့ ဒါကို ပြုပြင်ဖို့ ဆောင်ရွက်ရမှာ ကျနော်တို့ ကော်မရှင်ရဲ့တာဝန် ဖြစ်ပါတယ်။”

မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်က လွတ်ငြိမ်းချမ်းသာခွင့် မပေးခင် တစ်ရက်အလိုကပဲ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူတွေကို လွှတ်ပေးဖို့ သမ္မတဆီကို တောင်းဆိုခဲ့တာဆိုတော့ အခု နောက်ထပ် ထောင်တွေထဲမှာ ကျန်နေသေးတဲ့ သူတွေ ဆက်လွတ်ပေးဖို့ ထပ်ပြီးတောင်းဆိုဖို့ အစီအစဉ်ရော ရှိပါလား။ -

“အခုလောလောဆယ်မှာတော့ ထပ်ပြီးတောင်းဖို့ အစီအစဉ်မရှိဘူး။ ဘာလို့လဲဆိုတော့ အခု လွှတ်ပေးလိုက်တယ် ဆိုတာကိုပဲ ကျနော်တို့ အားရဝမ်းသာစွာနဲ့ ကြိုဆိုတာပေါ့နော်။ နောက် ထပ်ပြီး လွှတ်မယ်လို့လည်း မျှော်လင့်နိုင်တာပေါ့။ အခြေအနေတစ်ခုကို အချိန်အခါမပေးဘဲနဲ့ တအား တွန်းပြီးတော့ တောင်းတယ်ဆိုရင်လည်း negative သက်သက်ပေါ့နော်၊ ပြောင်းပြန်ရလဒ်ဖြစ်သွားတာမျိုး မလုပ်သင့်ဘူးလို့ ကျနော် မြင်ပါတယ်။”

မြန်မာနိုင်ငံ လူ့အခွင့်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြကို ဆက်သွယ် မေးမြန်းခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသာ ဒါမှမဟုတ် ယုံကြည်ချက်ကြောင့် အကျဉ်းခံနေရသူတွေကို ချွင်းချက်မရှိ အမြန် လွှတ်ပေးရေး အဆိုကို ပြည်သူ့လွှတ်တော်မှာ ကန့်ကွက်သူမရှိ ထောက်ခံထားပြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကလည်း သမ္မတဆီကို ဒီတောင်းဆိုချက် သဝဏ်လွှာ ပေးပို့ထားတာပါ။ ဒါ့ကြောင့် အောက်တိုဘာလ ၁၇ ရက်နေ့ လွှတ်တော်အစည်းအဝေးတွေ ပြန်စရင် ဒီအချက်ကို ဆက်ပြီးဆောင်ရွက်ပေးဖို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌထံ တောင်းဆိုမယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွှန့်က ပြောပါတယ်။

“အခု ဒီလွှတ်တော်ကို ကျနော် ပြန်ရောက်တဲ့နေ့မှာကို ယုံကြည်ချက်ကြောင့် အကျဉ်းကျနေကြတဲ့ အကျဉ်းသားတွေ အပါအဝင် နောက်ထပ် နှစ်သုတ် သုံးသုတ် လွှတ်နိုင်ဖို့အတွက် ဆက်လက်ပြီးတော့ ကျနော်တို့ ကြိုးစား ဆောင်ရွက်ပါမယ်။ အကျဉ်းသားတွေရဲ့ ပြောဆိုချက်တွေကို လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းကို ကျနော်တင်ပြပါမယ်။ တချိန်တည်းမှာ ကျနော် ဆောင်ရွက်လို့ရမယ့်အရာ အားလုံးကို အခု လွှတ်တော် ပြစတာနဲ့ ကျနော် ဆောင်ရွက်ပါမယ်။”

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွှန့် ပြောခဲ့တာဖြစ်ပါတယ်။ အမျိုးသား ဒီမိုကရေစီအင်အားစု NDF ပါတီကလည်း အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့အတူ လူမှုဘဝတွေ တိုးတက်ရေးနဲ့ စီးပွားရေး ပိတ်ဆို့ထားမှုတွေ ဖယ်ရှားနိုင်ရေးအတွက် နိုင်ငံရေးအကျဉ်းသား အားလုံးကို ချွင်းချက်မရှိ အမြန်လွှတ်ပေးဖို့ကို ဒီကနေ့ တောင်းဆိုထားပါတယ်။

XS
SM
MD
LG