သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာလူ့အခွင့်အရေး အစီရင်ခံစာ ကုလထုတ်ပြန်


မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေကို လက်တွေ့ လေ့လာသုံးသပ်ဖို့အတွက် ၂၀၁၅ ဇန်နဝါရီလက မြန်မာနိုင်ငံကို ဒုတိယအကြိမ် သွားရောက်ခဲ့တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စ ယန်ဟီးလီက မတ်လ ၉ ရက်နေ့က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

ပိုတာဝန်ခံပြီး ပွင့်လင်းတဲ့အစိုးရ ဖော်ဆောင်ဖို့ အပါအဝင် ဒီမိုကရေစီနဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ပြုလုပ်ဖို့ သမ္မတ ဦးသိန်းစိန်က သူရဲ့သမ္မတသက်တမ်းအစမှာ ကတိတွေ ပေးခဲ့တဲ့အကြောင်း၊ ပို လွတ်လပ်တဲ့ သတင်းမီဒီယာအပြင် လူထုကို သဘောထားအမြင် ထုတ်ဖော်ခွင့်ပြုဖို့ ၂၀၁၁ ခု မတ်လကစပြီး တိုးတက်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ တွေ့ခဲ့ရပေမဲ့ သူပထမအကြိမ် သွားရောက်ခဲ့တဲ့ ၂၀၁၄ ဇူလိုင်လကထက် အခုအခါ ဒီမိုကရေစီ အခွင့်အရေးတွေ၊ ကန့်သတ်ချုပ်ချယ်မှုတွေ တိုးလာပြီး အခြေအနေတွေ ပိုဆိုးရွားလာတာ တွေ့ရကြောင်း သူရဲ့အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။

၂၀၁၁ခုက စလို့ မြန်မာနိုင်ငံအနေနဲ့ သိသာတဲ့ အပြောင်းအလဲတွေ ဖော်ဆောင်ခဲ့တာ တွေ့ရပေမဲ့လို့လည်း အစိုးရအနေနဲ့ နောက်ပြန်ဆုတ်နေတဲ့ အရိပ်လက္ခဏာတွေ ဆက်လက်တွေ့နေရပြီး ခွဲခြားဆက်ဆံမှုနဲ့ တိုင်းရင်းသား ပဋိပက္ခနဲ့ ပတ်သက်လို့ စိုးရိမ်မကင်း ဖြစ်မှုတွေ တိုးနေတဲ့အကြောင်း ဖော်ပြထားပါတယ်။

ဥပမာတခုကတော့ မယုံကြည်မှုတွေ၊ ရန်လိုမှုတွေ တိုးနေတဲ့ ပတ်ဝန်းကျင်တခုကို သူလေ့လာခဲ့ရပြီး သူရဲ့ခရီးစဉ်အဆုံးမှာ နိုင်ငံကျော်ဘုန်းကြီးတပါးက သူ့အပေါ် ရင့်ရင့်သီးသီး တိုက်ခိုက်ပြောဆိုတဲ့အကြောင်း ထောက်ပြခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ လူ့အဖွဲ့အစည်းတွေကြား ရန်လိုမုန်းထားမှု ရှိတာတွေ့ရပြီး ဒီအကြောင်းပြချက်နဲ့ အစိုးရက မူဆလင်အများစုကို အကာအကွယ်ပေးဖို့ လိုအပ်တဲ့အနေနဲ့ စခန်းတွေမှာ ထားရှိတယ်လို့ အကြောင်းပြခဲ့ကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် မျိုးစောင့်ဥပဒေကြမ်း လေးရပ်ဟာလည်း လက်ရှိလွှတ်တော်မှာ ဆွေးနွေးနေပြီး မြန်မာနိုင်ငံရဲ့ လူ့အဖွဲ့အစည်းကို စည်းရုံးစေမယ့်အစား ခွဲခြားဆက်ဆံတဲ့ စိတ်ထားတွေ ပေါ်ပေါက်လာစေတဲ့အကြောင်း ဖော်ပြထားပါတယ်။

ဒါ့အပြင် သူရဲ့ခရီးစဉ်နောက်ပိုင်း ရှမ်းပြည်အရှေ့မြောက်ပိုင်း ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ရေး နယ်မြေမှာလည်း အကြမ်းဖက်မှုတွေ တိုးလာနေတဲ့အတွက်ကြောင့် အရပ်သားတွေကို အကာအကွယ်ပေးဖို့နဲ့ လူသားချင်းစာနာမှု အကူအညီတွေ ရရှိနိုင်ဖို့ လူ့အခွင့်အရေး ကိုယ်စားလှယ်က အုပ်စုအားလုံးကို သတိပေးထားပါတယ်။ စီးပွားရေး၊ ဖွံ့ဖြိုးတိုးတက်မှုဟာ နိုင်ငံတွင်းမှာ အချို့အုပ်စုတွေက ခံစားရပြီး အများစုက ဆင်းရဲမွဲတွေနေဆဲ ဖြစ်တဲ့အကြောင်း ထောက်ပြထားပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်ရေးကောင်စီကို ပေးပို့တဲ့ အစီရင်ခံစာထဲမှာ သူမကို အဲဒီဒေသတွင်းမှာရှိတဲ့ မူဆလင်တွေက သူတို့မှာ ရွေးချယ်စရာ ၂ ခုပဲရှိတယ်လို့ ပြောတဲ့အကြောင်း ရေးသားထားပါတယ်။ တခုကတော့ ဒီမှာဆက်နေပြီး အသေခံမလား၊ ဒါမှမဟုတ် လှေနဲ့ ပင်လယ်ထဲကို ထွက်ပြေးရမလား ဆိုတာပဲဖြစ်တယ်လို့ ပြောကြတယ်ဆိုပါတယ်။

သမိုင်းတလျှောက် ပဋိပက္ခတွေ ရင်ဆိုင်ခဲ့ရတဲ့ မြန်မာနိုင်ငံအနေနဲ့ တည်ငြိမ်ရေးနဲ့ ပဋိပက္ခဖြစ်စေမယ့် မကျေနပ်မှုတွေကို ရှောင်ရှားပြီး အစိုးရအနေနဲ့ လူငယ်နဲ့ အမျိုးသမီးတေ အပါအဝင် နောင်မျိုးဆက်သစ်တွေရဲ့ စွမ်းရည်ကို မြှင့်တင်ပေးဖို့ ဦးစားပေးသင့်တယ်လို့လည်း တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အစီရင်ခံစာကို နောက်လ ဧပြီလမှာ ကျင်းပမယ့် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာ တင်သွင်းမှာ ဖြစ်ပါတယ်။

XS
SM
MD
LG