သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေ ဗြိတိန်စိုးရိမ်


မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေ ဗြိတိန်စိုးရိမ်
မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေ ဗြိတိန်စိုးရိမ်

မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲတွေ ကျင်းပပေးပြီး မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးခဲ့ပေမဲ့ လူ့အခွင့်အရေး အခြေအနေက သိသိသာသာ တိုးတက်လာတာ မတွေ့ရဘူးလို့ ဗြိတိသျှ နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ၂၀၁၀ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ နှစ်ပတ်လည် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဗြိတိသျှ အစိုးရ အနေနဲ့ ၂၀၁၁ ခုနှစ် လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ပုံမှန်သုံးသပ်တဲ့ UPR လုပ်ငန်းစဉ်ကတဆင့် မြန်မာနိုင်ငံ လူ့အခွင့်အရေး တိုးတက် ကောင်းမွန်လာစေဖို့အတွက် မြန်မာအာဏာပိုင်တွေနဲ့ ဆက်ပြီး တိုက်ရိုက်ဆက်သွယ် လုပ်ဆောင်သွားမယ်လို့လည်း ဆိုပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

ဗြိတိန်နိုင်ငံက မြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၂၆ နိုင်ငံရဲ့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေးအတွက် စိုးရိမ်ပူပန်ကြောင်း ၂၀၁၀ အစီရင်ခံစာထဲမှာ ထည့်သွင်း ဖော်ပြထားတယ်လို့ ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီး ဝီလီယံ ဟေ့ဂ် (William Hague) က ပြောပါတယ်။

“လူ့အခွင့်အရေးဆိုင်ရာ ကိစ္စတွေဟာ ကျနော်တို့ရဲ့ နိုင်ငံခြားရေး မူဝါဒ ချတဲ့နေရာမှာ ကျယ်ကျယ်ပြန့်ပြန့် ဆက်နွယ်နေတယ် ဆိုတာကို ဒီအစီရင်ခံစာကို ကြည့်ရင် သိနိုင်ပါတယ်။ ဒီအထဲမှာ နိုင်ငံပေါင်း ၂၆ နိုင်ငံနဲ့ ပတ်သက်ပြီး ကျနော်တို့ရဲ့ စိုးရိမ်ပူပန်မှုတွေကို ဖော်ပြထားတဲ့အပြင် ဒီနိုင်ငံတွေနဲ့ ပတ်သက်ပြီး ဗြိတိန်နိုင်ငံက ဘယ်လို အရေးယူ ဆောင်ရွက်ဖို့ လုပ်နေတယ်ဆိုတာ ဖော်ပြထားပါတယ်။”

ဒီ ၂၆ နိုင်ငံထဲမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တယ်လို့ မစ္စတာ ဟေ့ဂ် ပြုလုပ်တဲ့ ဒီအစီရင်ခံစာဆိုင်ရာ သတင်းစာ ရှင်းလင်းပွဲကို တက်ရောက်ခဲ့သူ ဗြိတိန်နိုင်ငံက မြန်မာ့အရေး ဆောင်ရွက်တဲ့ Burma Campaign (UK) က မဇိုရာဖန်းက ပြောပါတယ်။

“အခု မြန်မာပြည်ရဲ့ အခြေအနေက အင်မတန် ဆိုးရွားနေတယ်ပေါ့။ အခု ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်လိုက်ပြီ၊ ဒါပေမဲ့ တိုင်းပြည်ရဲ့ အခြေအနေကတော့ တိုးတက်မှု မရှိသေးဘူး၊ လက်ရှိ အခြေအနေမှာဆိုရင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အင်မတန်ကို ဆိုးရွားနေတဲ့အကြောင်း ပြောခဲ့တယ်။ ပြီးတော့ နိုင်ငံရေး အကျဉ်းသားတွေကို နှိပ်စက် ညှဉ်းပန်းမှုတွေ လုပ်တယ်။ တိုင်းရင်းသား ပြည်သူလူထုတွေ နယ်မြေမှာလည်း လူမျိုးစုတွေကို ဖိနှိပ်တာတွေကိုလည်း ပြောသွားတယ်။

“ပြီးတော့ တိုင်းရင်းသားတွေကို ဆက်လက်ပြီးတော့ တိုက်ခိုက်နေတဲ့ အကြောင်းလည်း ဖော်ပြသလို တိုင်းရင်းသား လူမျိုးစုတွေနဲ့ တခြား ဒီမိုကရေစီ အင်အားစုတွေ အားလုံးအတွက် အာမခံချက် ပေးနိုင်တဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ရှိမှပဲ တိုင်းပြည် တည်ငြိမ်မယ်လို့ ပြောခဲ့ပါတယ်။”

မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၂၀ ကြာမှ ပထမဆုံး ရွေးကောက်ပွဲ ကျင်းပပေးခဲ့သလို မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်ပြီး လွှတ်ပေးခဲ့ပေမဲ့လည်း လူ့အခွင့်အရေး အခြေအနေဟာ သိသိသာသာ တိုးတက်လာတာမျိုး မတွေ့ရသလို စစ်အစိုးရဘက်က ပုံစံတမျိုးနဲ့ အာဏာဆက်ပြီး ချုပ်ကိုင်ထားတာ တွေ့ရတယ်လို့လည်း ပြောပါတယ်။

မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲမှာ ၂၀၁၀ နှစ်ကုန်တဲ့အထိ နိုင်ငံရေး အကျဉ်းသား ၂,၀၀၀ ကျော် ရှိနေဆဲ ဖြစ်သလို ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူတွေကို နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ပြီး မိသားစုနဲ့ ဝေးရာ နယ်စွန်နယ်ဖျား ထောင်တွေကို ပို့တာ၊ နှိပ်စက် ညှဉ်းပန်းတာတွေနဲ့ ဆေးကုသခွင့် မပေးတာတွေလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေ တွေ့ရတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံသားတွေဟာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အခုထိ မရကြသေးဘဲ သတင်းမီဒီယာ လွတ်လပ်ခွင့် အပိတ်ပင်ခံရဆဲ ရှိနေသလို ဘာသာရေး လွတ်လပ်ခွင့်လည်း ဆိတ်သုဉ်းနေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ကလေးသူငယ် ရပိုင်ခွင့်တွေ ဖြစ်တဲ့ ပညာရေး၊ ကျန်းမာရေးနဲ့ လူမှုရေး အကာအကွယ် ပေးမှုတွေ ချို့ယွင်းနေတာမို့ UNICEF လို ကုလသမဂ္ဂ အဖွဲ့အစည်းတွေ မြန်မာနိုင်ငံထဲမှာ ဆက်လက်ပြီး လွတ်လွတ်လပ်လပ် လုပ်ဆောင်ခွင့် ပေးဖို့လည်း တိုက်တွန်းထားပါတယ်။

ဗြိတိန်နိုင်ငံ အနေနဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေးအတွက် ဦးဆောင်ပြီး ဆောင်ရွက်နေတာ တွေ့ရတယ်လို့ မဇိုရာဖန်းက ပြောပါတယ်။

“ပြီးခဲ့တဲ့ အပတ်မှာပဲ ဗြိတိန် နိုင်ငံခြားရေးဌာနက ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး ကောင်စီမှာလည်း နိုင်ငံတကာရဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်တခု ရဖို့၊ မြန်မာပြည်အပေါ်မှာ သူတို့ စုံစမ်းပေးဖို့ တိုက်တွန်းခဲ့ပါတယ်။ ကုလသမဂ္ဂရဲ့ အထွေထွေ ညီလာခံမှာလည်း သူတို့ ဆက်လက်ပြီးတော့ UN ကနေတဆင့် စုံစမ်းစစ်ဆေးရေး ကော်မရှင်တခု ရဖို့အတွက်လည်း သူတို့ ဆက်ပြီးတော့ ကြိုးစားမယ်၊ တဆက်တည်းမှာပဲ မြန်မာနိုင်ငံအပေါ်မှာ Pressure တွေ ထားသင့်လား၊ မထားသင့်လား Discussion တွေ လုပ်တဲ့အချိန်မှာလည်း ဗြိတိသျှ အစိုးရက EU ကနေတဆင့် မြန်မာအပေါ်မှာ ဒီ့ထက်ပိုပြီးတော့ Pressure တွေ ပေးရမယ်ဆိုတာ တော်တော်လေး လုပ်ပေးတယ်။”

ဗြိတိန်နိုင်ငံ အနေနဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် တောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) အဆိုပြုထားတဲ့ မြန်မာနိုင်ငံတွင်း စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်တွေ အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်မှု ရှိမရှိ ကုလသမဂ္ဂက စုံစမ်းရေး ကော်မရှင်တရပ် ဖွဲ့စည်းဖို့ ဆက်လက် ထောက်ခံနေမှာဖြစ်ပြီး ၂၀၁၁ ခုနှစ် လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ပုံမှန်သုံးသပ်တဲ့ UPR လုပ်ငန်းစဉ်ကတဆင့် မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေ တိုးတက် ကောင်းမွန်လာစေဖို့အတွက် မြန်မာအာဏာပိုင်တွေနဲ့ တိုက်ရိုက်ဆက်သွယ် ဆောင်ရွက်သွားမယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG