ဂျီနီဗာမှာရှိတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီရဲ့ UPR ခေါ် လူ့အခွင့်အရေး မှတ်တမ်းတွေကို သုံးသပ်တဲ့ ၉ ကြိမ်မြောက် ညီလာခံမှာ ဇန်နဝါရီလ ၂၇ ရက်နေ့မှာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာရဲ့ စိုးရိမ်မကင်း ဖြစ်မှုတွေကို လေ့လာသုံးသပ်ပြီး အကြံဉာဏ်တွေ ပေးခဲ့ကြပါတယ်။ အပြည့်အစုံကို ဒေါ်လှလှသန်းက တင်ပြပေးထားပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီရဲ့ UPR ခေါ် လူ့အခွင့်အရေးမှတ်တမ်း ပြန်လည်သုံးသပ်တဲ့ ညီလာခံမှာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး မှတ်တမ်းမှတ်ရာနဲ့ ပတ်သက်လို့ ခုခံကာကွယ် ပြောဆိုဖို့ မြန်မာစစ်အစိုးရရဲ့ ကိုယ်စားလှယ်အဖွဲ့ကို ဒုတိယရှေ့နေချုပ် ဒေါက်တာ ဦးထွန်းရှိန် ခေါင်းဆောင်ခဲ့တာ ဖြစ်ပါတယ်။ သူက မြန်မာနိုင်ငံရဲ့ ၂၀၀၈ ခု ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ နိုင်ငံသားတွေရဲ့ လူ့အခွင့်အရေး ခံစားခွင့်ကို အာမခံချက် ပေးထားတယ်လို့ အခုလို တင်ပြသွားပါတယ်။
“ကျနော်တို့ ကိုယ်စားလှယ်အဖွဲ့ အနေနဲ့ ဒီညီလာခံမှာ တင်ပြဖို့ လာရောက်ခြင်းက ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်အရ မြန်မာနိုင်ငံသားတွေကို ပေးထားတဲ့ ရပိုင်ခွင့်တွေအကြောင်း တင်ပြဖို့ ဖြစ်ပါတယ်။ အခြေခံ လူ့အခွင့်အရေး အပိုင်းဖြစ်တဲ့ အပိုင်း ၈ မှာ အခြေခံ လူ့အခွင့်အရေး မူတွေက တခြားနိုင်ငံတွေရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေတွေနဲ့ တန်းတူပေးထားပါတယ်။ တရားဥပဒေရေး အရလည်း ဘက်လိုက်မှုကင်းပြီး တရားမျှတမှုရှိဖို့ အာမခံချက် ပေးထားပါတယ်။”
ဂျီနီဗာ အခြေစိုက် မြန်မာစစ်အစိုးရရဲ့ အမြဲတမ်း ကိုယ်စားလှယ် ဦးဝဏ္ဏမောင်လွင်ကတော့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၇ ရက်နေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲကို အခြေခံပြီး ဒီမိုကရေစီ ဖော်ဆောင်ရာမှာ လမ်းပြမြေပုံရဲ့ အချက် ၆ ချက်ဖြစ်တဲ့ လွှတ်တော်သစ်ကို ဇန်နဝါရီလ ၃၁ ရက်နေ့မှာ ကျင်းပမှာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲရဲ့ တရားမျှတမှုနဲ့ လွတ်လပ်မှုကိုလည်း သူက အခုလို တင်ပြသွားပါတယ်။
“စုစုပေါင်း လွှတ်တော်အမတ် ၃,၀၆၉ ယောက်တို့ဟာ နိုင်ငံရေးပါတီ ၃၇ ခုအပြင် တသီးပုဂ္ဂလထဲက ကိုယ်စားလှယ်တွေလည်း ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ရွေးကောက်ပွဲမှာ မဲရုံတွေကိုသွားပြီး မဲပေးခဲ့ကြပါတယ်။ မဲမပေးဖို့အတွက် အုပ်စုတွေရဲ့ လှုပ်ရှားမှုတွေလည်း ရှိခဲ့ပေမဲ့ မဲပေးနိုင်သူ လူဦးရေရဲ့ ၇၅.၂၆% က မဲပေးခဲ့ကြပါတယ်။ ရွေးကောက်ပွဲရဲ့ ရလဒ်တွေကို ကြည့်ခြင်းအားဖြင့် ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ မရှိခဲ့သလို အကြမ်းဖက်မှု၊ ခြိမ်းခြောက်မှုတွေလည်း မရှိခဲ့ပါဘူး။”
အမေရိကန် အထူးသံကိုယ်စားလှယ် မစ်စ် အိုင်လင်း ချမ်ဘာလိန် ဒိုနာဟိုး (Ms. Eileen Chamberlain Donahoe) ကတော့ မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲဟာ လက်ခံနိုင်စရာ မရှိဘူးလို့ အခုလို တုံ့ပြန်သွားပါတယ်။
“နိုဝင်ဘာလ ၇ ရက်နေ့ ရွေးကောက်ပွဲတွေနဲ့ ပတ်သက်လို့ အမေရိကန် ပြည်ထောင်စု အနေနဲ့ သိပ်ကို စိတ်ပျက်မိပါတယ်။ အဲဒီရွေးကောက်ပွဲတွေဟာ လွတ်လပ်ပြီး တရားမျှတမှု မရှိသလို နိုင်ငံတကာက ကန့်သတ်ထားတဲ့ စံနှုန်းတွေနဲ့လည်း မကိုက်ညီပါဘူး။ ရွေးကောက်ပွဲ ဖော်ဆောင်မှုဟာလည်း ချို့ယွင်းချက်တွေ လွန်ကဲနေပြီး အခြေခံ လူ့အခွင့်အရေးတွေလည်း ချုပ်ချယ် ကန့်သတ်ထားတာ ဖြစ်ပါတယ်။
“မြန်မာစစ်အစိုးရရဲ့ လက်ရှိ ခေါင်းဆောင်တွေ အာဏာတည်မြဲရေးကိုပဲ အာမခံချက် ရရှိအောင် လုပ်ဆောင်ပေးခဲ့တယ်လို့ မြင်ပါတယ်။ ဒီရွေးကောက်ပွဲဟာ ယုံကြည်ကိုးစားမှု မရှိသလို ရွေးကောက်ပွဲ ဥပဒေတွေဟာလည်း မတရားပါဘူး။ ရွေးကောက်ပွဲ ကော်မရှင်ကလည်း ဗြောင်ကျကျပဲ ဘက်လိုက်တဲ့အပြင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေလည်း ပါဝင်ခွင့် မရခဲ့ကြပါဘူး။” လို့ မစ်စ် ဒိုနာဟိုးက ထောက်ပြသွားပါတယ်။
ဒါ့အပြင် မြန်မာစစ်အစိုးရကိုလည်း အကြံပေးရာမှာ နိုင်ငံရေး အကျဉ်းသားတွေကို ချက်ချင်း ပြန်လွှတ်ပေးဖို့၊ နိုင်ငံတကာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ချက်ချင်း ရပ်တန့်ဖို့နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို တရားဝင်ပါတီအဖြစ် အသိအမှတ်ပြုပြီး အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးအတွက် NLD အပြင် တခြား တိုင်းရင်းသားတွေ၊ ဒီမိုကရေစီ အုပ်စုတွေနဲ့ ဖော်ဆောင်ဖို့လည်း အမေရိကန် ကိုယ်စားလှယ်က တိုက်တွန်းသွားပါတယ်။
ဗြိတိန်နိုင်ငံရဲ့ အထူးသံကိုယ်စားလှယ်ဖြစ်တဲ့ ပီတာ ဂွတ်ဒါဟမ် (Peter Gooderham) ကလည်း မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ စိုးရိမ်မကင်း ဖြစ်တဲ့အကြောင်း အခုလို ထုတ်ဖော် ပြောကြားသွားပါတယ်။
“မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတဲ့အတွက် စိုးရိမ်မကင်း ဖြစ်မှုတွေ၊ ဥပဒေမဲ့ မတရား ဖမ်းဆီးမှုတွေ၊ အတင်းအဓမ္မ ရွှေ့ပြောင်းခိုင်းမှုတွေ၊ ကလေးစစ်သား စုဆောင်းမှုတွေ၊ နိုင်ငံရေး အကျဉ်းသားတွေကို နှိပ်စက် ညှဉ်းပန်းမှုတွေ၊ တိုင်းရင်းသားတွေအပေါ် နှိပ်ကွပ်မှုတွေနဲ့ ကရင်တိုင်းရင်းသားတွေ အပါအဝင် တခြား တိုင်းရင်းသားတွေအပေါ် စစ်တပ်က လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို ရပ်တန့်ပေးပါ။”
လက်ရှိ အာဆီယံ အသင်းကြီးရဲ့ အလှည့်ကျ ဥက္ကဋ္ဌဖြစ်တဲ့ အင်ဒိုနီးရှားရဲ့ အထူးသံ မစ္စတာ အမ် အန်ရှော (Mr. M Anshor) ကတော့ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးမှာ အုပ်စုအားလုံးတို့ ပါဝင်နိုင်ဖို့ တိုက်တွန်းခဲ့ပြီး လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ မြန်မာစစ်အစိုးရကို အခုလို အကြံပေးသွားပါတယ်။
“လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်၊ လွတ်လပ်စွာ စည်းရုံးခွင့် အပါအဝင် လွတ်လပ်တဲ့ သတင်းမီဒီယာတွေကို အာမခံချက် ရရှိဖို့အတွက် ပြည်တွင်း ဥပဒေတွေကို ပြင်ဆင်ပေးပါ၊ လူ့အခွင့်အရေး အဖွဲ့ကို တသီးပုဂ္ဂလတွေနဲ့ ဖွဲ့စည်းပြီး ယုံကြည်ကိုးစားမှုအဆင့် ရရှိအောင် မြှင့်တင်ပါ။ နိုင်ငံသားတွေရဲ့ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု အခွင့်အရေးတွေ ခံစားခွင့်ရအောင် ဖော်ဆောင်ပါ။ အာဆီယံနဲ့ လူ့အခွင့်အရေး ကော်မရှင်နဲ့ ဆက်ဆံရေး မြှင့်တင်ပါ။”
မြန်မာစစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အမြဲတမ်း ကာကွယ် ပြောဆိုနေတဲ့ တရုတ်နိုင်ငံကတော့ အနောက်နိုင်ငံက ချမှတ်ထားတဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေကို ရုပ်သိမ်းပေးဖို့ တိုက်တွန်းခဲ့ပြီး မြန်မာစစ်အစိုးရကို ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အခုလို တိုက်တွန်းသွားပါတယ်။
“တရုတ်အစိုးရ အနေနဲ့ မြန်မာအစိုးရကို အကြံပေးလိုတာကတော့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး လူ့အခွင့်အရေး ဆွေးနွေးပွဲတွေ၊ သင်တန်းတွေကို ကျင်းပပေးဖို့ ဆိုတာပါပဲ။”
ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ အဖွဲ့ဝင် ၄၇ နိုင်ငံတို့က အခုလို လူ့အခွင့်အရေး အခြေအနေတွေကို အလှည့်ကျ သုံးသပ်တဲ့ စနစ်ကို ၂၀၀၆ ခုနှစ်က စတင်ခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေတွေကို အခုလို တင်ပြ ဆွေးနွေးခွင့်ရတဲ့ အတွက်ကြောင့်လည်း ဒီချိုးဖောက်မှုတွေ ရပ်တန့်ဖို့ မြန်မာစစ်အစိုးရကို ကောင်စီအဖွဲ့ဝင်တွေ အနေနဲ့ ဖိအားပေးခွင့် ရတာလည်း ဖြစ်တယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တွေက ရှုမြင်ကြပါတယ်။