သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့လူ့အခွင့်အရေး အခြေအနေဆိုးရွားမှု အမေရိကန်ဝေဖန်


မြန်မာ့လူ့အခွင့်အရေး အခြေအနေဆိုးရွားမှု အမေရိကန်ဝေဖန်
မြန်မာ့လူ့အခွင့်အရေး အခြေအနေဆိုးရွားမှု အမေရိကန်ဝေဖန်

မြန်မာနိုင်ငံမှာ နိုင်ငံသားတွေအဖို့ ကိုယ်ကြိုက်တဲ့အစိုးရ ကိုယ်တင်ပိုင်ခွင့်မရှိအောင် စစ်အစိုးရက ဆက်လက် ချုပ်ကိုင်ထားသလို တခြား လူ့အခွင့်ရေး ချိုးဖောက်မှုတွေကိုလည်း ဆိုးဆိုးရွားရွား ကျုးလွန်နေတယ်လို့ အမေရိကန်အစိုးရ နိုင်ငံခြားရေးဌာနက သောကြာနေ့ကထုတ်ပြန်တဲ့ ၂၀၁၀ နှစ်ပတ်လည် လူ့အခွင့်အရေး အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အမေရိကန်အစိုးရအနေနဲ့ မြန်မာနိုင်ငံက လူ့အခွင့်ရေး အခြေအနေ အတွက် အထူးစိုးရိမ်နေပြီး အခုထိ အဖမ်းဆီးခံနေရဆဲဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသား ၂,၀၀၀ ကျော်ကို ပြန်လွှတ်ပေးဖို့လည်း တောင်းဆိုလိုက်ပါတယ်။ အပြည့်အစုံကိုတော့ ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကမ္ဘာတဝှမ်း နိုင်ငံပေါင်း ၁၉၄ နိုင်ငံအတွက် လူ့အခွင့်ရေးဆိုင်ရာ ၂၀၁၀ နှစ်ပတ်လည် အစီရင်ခံစာကို သောကြာနေ့မှာ ထုတ်ပြန်ခဲ့တာပါ။ ဒီ (၃၅) ကြိမ်မြောက် နှစ်ပတ်လည် အစီရင်ခံစာထဲမှာ အရှေ့အလယ်ပိုင်းဒေသနဲ့ အာဖရိကမြောက်ပိုင်းနိုင်ငံတွေမှာ ဒီမိုကရေစီရေး တိုးတက် အောင်မြင်မှု ရနေကြောင်း ဖော်ပြထားပြီး ဒီလို လူ့အခွင့်ရေးနဲ့ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ရေးမှာ အမေရိကန်နိုင်ငံက ထောက်ခံ ပံံ့ပိုးပေးနေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟယ်လာရီကလင်တန် (Hillary Clinton) ကပြောပါတယ်။

“လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရဖို့ ကြိုးစားနေသူတွေအတွက် ဘယ်နိုင်ငံမှာပဲနေနေ အမေရိကန် ပြည်ထောင်စုက ဒီလူတွေဘက်က ရပ်တည်နေမှာပါ။ လူသားတိုင်းရဲ့ အခြေခံရပိုင်ခွင့်တွေဖြစ်တဲ့ လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုဖို့အတွက် လူကိုယ်တိုင် ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြသူဖြစ်ဖြစ်၊ အင်တာနက်ကနေ ထုတ်ဖေါ်ပြောဆိုသူဖြစ်ဖြစ် သူတို့နဲ့အတူ အမေရိကန်နိုင်ငံက ရပ်တည်နေပါတယ်။”

ဖိနှိပ်ချုပ်ချယ်တဲ့ အစိုးရတွေအနေနဲ့ ကိုယ့်နိုင်ငံသားတွေအပေါ် ဖိနှိပ်တဲ့ လူ့အခွင့်ရေးချိုးဖေါက်မှုပုံစံ အကြမ်းဖျင်း ၃ မျိုး တွေ့နေရပြီး လူမှုလူ့အဖွဲ့အစည်းထဲက တက်ကြွလှုပ်ရှားသူတွေကို အစိုးရက ကျယ်ကျယ်ပြန့်ပြန့် ဖိနှိပ်ချေမှုန်းတာ၊ လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့် ပိတ်ပင်မှုတွေထဲက ခုခေတ်မှာ အင်တာနက်ပိတ်ပင်မှုတွေ လုပ်တာနဲ့ လူနည်းစုတွေ၊ အင်အားနည်းပါးသူတွေကို အနိုင်ကျင့်ဖိနှိပ်နေတာ တွေ့ရတယ်လို့ဆိုပါတယ်။

ဒီအထဲမှာ အဆိုးဆုံးက မြန်မာနိုင်ငံနဲ့ ကျူးဘားနိုင်ငံတွေ ဖြစ်တယ်လို့ ဝန်ကြီး ကလင်တန်ကပြောပါတယ်။

“မြန်မာနိုင်ငံနဲ့ ကျူးဘားနိုင်ငံတွေမှာ ကွန်ပြူတာ အင်တာနက်ကနေ အတိုက်အခံတွေ မလုပ်နိုင်အောင် အစိုးရက လက်ဦးမှု ရယူတဲ့အနေနဲ့ နဂိုကတည်းက အခြေခံ လူတန်းစားတွေ အင်တာနက် မသုံးနိုင်အောင် မူဝါဒတွေ ချထားတာ တွေ့ရပါတယ်။”

အစီရင်ခံစာထဲမှာ မြန်မာအစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အပိုင်း ၇ ပိုင်းခွဲ ဖော်ပြထားပြီး မြန်မာနိုင်ငံက ဥပဒေမဲ့ ဖမ်းဆီးမှုတွေ၊ လူမဆန်တဲ့ ညှင်းပမ်းနှိပ်စက်မှုတွေ၊ အဖမ်းခံရပြီး ပျောက်ဆုံး သွားတာတွေနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို ဆိုးဆိုးရွားရွား ဖိနှိပ်ချိုးနှိမ်နေတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။ အထူးသဖြင့် အစိုးရက လုံခြုံရေးတာဝန်ပေးထားသူတွေရဲ့ တရားလက်လွတ် သတ်ဖြတ်မှုတွေ၊ အဖမ်းခံရစဉ် သေဆုံးသွားမှုတွေ၊ မုဒိန်းကျင့်မှုတွေနဲ့ နှိပ်စက်ညှင်းပမ်းမှုတွေကို တွေ့နေရတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံက အကျဉ်းထောင် ၄၂ ခုနဲ့ အကျဉ်းစခန်း ၁၀၀ ကျော်မှာနေရတဲ့ အကျဉ်းသားတွေအတွက် ကျန်းမာရေးပြုစုစောင့်ရှောက်မှု ကောင်းကောင်းမွန်မွန် မရတဲ့အပြင် ဆေးဝါး အစားအသောက်နဲ့ နေထိုင်ရတဲ့ အခြေအနေဆိုးရွားမှုကြောင့် ထောင်ထဲ သေဆုံးရမှုတွေ ရှိနေသလို နိုင်ငံရေးအကျဉ်းသားတွေကို နှစ်ရှည် ထောင်ဒဏ် ချတာ၊ မိသားစုနဲ့ဝေးရာ လမ်းပန်းအဆက်အသွယ် ခက်ခဲတဲ့ နယ်စွန်နယ်ဖျား အကျဉ်းထောင် တွေ ပို့တာ၊ နှိပ်စက်ညှင်းပမ်းတာတွေ ရှိနေတာမို့ အခြေအနေတွေဟာ ဆိုးရွားနေတယ်လို့ ဖော်ပြထား ပါတယ်။

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ စုဝေးဆန္ဒပြခွင့်၊ အသင်းအပင်းဖွဲ့ခွင့်လို အလုပ်သမား ရပိုင်ခွင့် မရှိ တာ တွေနဲ့ လူ့အခွင့်အရေး အဖွဲ့အစည်းတွေ လွတ်လွတ်လပ်လပ်ဖွဲ့ခွင့်မရတာအပြင် ဘာသာရေးဆိုင်ရာ ဖိနှိပ်မှုတွေနဲ့ ခွဲခြားဆက်ဆံမှုတွေ ရှိနေတယ်လို့ဆိုပါတယ်။

ဒါ့အပြင် ကိုယ်တင်မြှောက်ချင်တဲ့အစိုးရကို တင်မြှောက်ခွင့်မရအောင် စစ်အစိုးရက ထိန်းချုပ်ထားတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ ရွေးကောက်ပွဲ ကျင်းပပေးခဲ့ပြီး မကြာခင်မှာပဲ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်ပြီးလွှတ်ပေးတာမို့ မြန်မာနိုင်ငံရဲ့ အခြေအနေအပေါ် အမေရိကန်နိုင်ငံရဲ့အမြင်ကို သတင်းထောက်တဦးက မေးတဲ့အခါမှာတော့ အမေရိကန်နိုင်ငံအနေနဲ့ အခုထိ စိုးရိမ်နေရဆဲပဲလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုင်ရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ် ပေါ်စနာ (Michael Posner) က ပြောပါတယ်။

“မြန်မာနိုင်ငံက အခြေအနေတွေနဲ့ပတ်သက်ပြီးတော့ အခုထိလည်း ကျနော်တို့ သိပ်ပြီးတော့ စိုးရိမ်နေရတုန်း ပါပဲ။ အထူးသဖြင့် နိုင်ငံရေးအကျဉ်းသား ၂,၀၀၀ ကျော် အခုချိန်ထိ ဖမ်းဆီးထားတာမို့ သူတို့ကို ပြန်လွှတ် ပေးဖို့ ဆက်ပြီးတော့ တောင်းဆိုနေပါတယ်။ ဒါတင်မကသေးပါဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ရဲ့ NLD ပါတီကိုလည်း အဓိပ္ပါယ်မရှိတဲ့ ကန့်သတ်ချက်တွေနဲ့ ပြင်းပြင်းထန်ထန် ဆက်ဆံနေတာကို တွေ့ရလို့ စိုးရိမ် တာပါ။ မြန်မာအစိုးရအပေါ် ပိတ်ဆို့အရေးယူထားတဲ့ JADE အက်ဥပဒေ ချမှတ်တဲ့အထဲမှာ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် ခန့်အပ်ဖို့ပါသလို အကောင်အထည် ဖော်ဖို့လည်း စလုပ်နေပါပြီ။ အဲဒါကြောင့် မြန်မာ့အရေးကို မကြာခင်မှာပဲ ဖိဖိစီးစီး လုပ်လာနိုင်တော့မှာပါ။”

မစ္စတာ ပေါ်စနာက ပြောသွားတာပါ။ သမ္မတ ဘရက်အိုဘားမားဟာ အမေရိကန်နိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားအဖြစ်နဲ့ လက်ရှိ အာရှပစိဖိတ်ဒေသ လုံခြုံရေးဆိုင်ရာ အဆင့်မြင့်အရာရှိအဖြစ် တာဝန် ထမ်းဆောင်နေတဲ့ ဒဲရစ်မစ်ရှဲလ် (Derek Mitchell) ကို ခန့်အပ်ဖို့အတွက် မကြာခင်မှာပဲ ကြေညာဖို့ ရှိနေပါတယ်။

XS
SM
MD
LG