ဖမ်းဆီးထားတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့လို လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်အောင် လုပ်ဆောင်ဖို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဗီဂျေး နမ်ဘီးယား (Vijay Nambiar) က မြန်မာအစိုးရသစ်ကို တိုက်တွန်းလိုက်တဲ့ တချိန်တည်းမှာပဲ လူ့အခွင့်အရေး ချိုးဖောက်ခံရတာတွေ ရှိနေဆဲ ဖြစ်တဲ့အကြောင်း ထင်ရှားတဲ့ လူ့အခွင့်အရေး လှုပ်ရှားမှု အဖွဲ့တခုက ပြောဆိုလိုက်ပါတယ်။
အစိုးရသစ်တရပ် ထွက်ပေါ်လာတဲ့ ရွေးကောက်ပွဲဟာဆိုရင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ စုဝေးခွင့်၊ ဖွဲ့စည်းခွင့်လို အခြေခံ လူ့အခွင့်အရေးတွေကို ကန့်သတ်ချုပ်ချယ်ပြီး ကျင်းပခဲ့တာလို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) ရဲ့ ၂၀၁၁ ခုနှစ် နှစ်စဉ် အစီရင်ခံစာ အသစ်မှာ ဖော်ပြလိုက်တာပါ။
ရွေးကောက်ပွဲတွေအပြီး နေအိမ်မှာ ဖမ်းဆီးခံထားရတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်လာပေမဲ့ နိုင်ငံတ၀န်း အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေး အကျဉ်းသား ၂,၂၀၀ လောက်ကို ဆက်လက် ဖမ်းဆီးထားဆဲ ဖြစ်သလို ဒီအထဲက အများအပြားဟာ ဆိုရင်လည်း ကျန်းမာရေး ယိုယွင်းတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ အစီရင်ခံစာက ထောက်ပြခဲ့တာ ဖြစ်ပါတယ်။
နယူးယောက် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ (Human Rights Watch) ကလည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် မြန်မာနိုင်ငံ ရောက်နေခိုက် ဖမ်းဆီးထားတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လည် လွတ်မြောက်ရေး အာဏာပိုင်တွေအပေါ် ဖိအားပေးသွားဖို့ ဒီတပတ်ထဲမှာပဲ တိုက်တွန်းခဲ့တာလည်း ဖြစ်ပါတယ်။