မြန်မာနဲ့အိန္ဒိယနိုင်ငံတို့ကြား စီးပွားရေး ဆက်ဆံမှုတွေ ခိုင်မာအောင် ဆောင်ရွက်ဖို့နဲ့ ရင်းနှီးမှုတွေ နောက်တဆင့်တက် ဆောင်ရွက်မယ့်အကြောင်း နှစ်နိုင်ငံခေါင်းဆောင်တွေက ကတိပြု လိုက်ကြပါတယ်။ ဒီကနေ့ နယူးဒေလီမြို့မှာ မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ အိန္ဒိယဝန်ကြီးချုပ် မန်မိုဟန်ဆင်း (Manmohan Singh) တို့ တွေ့ဆုံခဲ့ကြပြီး မြန်မာနိုင်ငံက ရေနံနဲ့ သဘာဝဓါတ်ငွေ့ ရှာဖွေရေးလုပ်ငန်းတွေမှာ ပူးပေါင်း ဆောင်ရွက်မှုတွေ တိုးမြှင့်ဖို့ သဘောတူခဲ့ကြပါတယ်။
အိန္ဒိယနိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ တိုးမြှင့်ဖို့ အားပေးသွားမယ့်အကြောင်း သမ္မတဦးသိန်းစိန်က ပြောခဲ့သလို အိန္ဒိယဝန်ကြီးချုပ်ကလည်း မြန်မာနိုင်ငံက အခြေခံအဆောက်အအုံ တည်ဆောက်ရေး လုပ်ငန်းတွေအတွက် သန်း ၅၀၀ အကြွေးပေးမယ်လို့ ကမ်းလှမ်းလိုက်ပါတယ်။
မြန်မာနိုင်ငံဟာ မိုင်ပေါင်း ၁ ထောင်လောက် နယ်စပ်ချင်း ထိစပ်နေတဲ့ အရှေ့ဘက် အိမ်နီးချင်း အိန္ဒိယနိုင်ငံံနဲ့ လွန်ခဲ့တဲ့ ဆယ်စုနှစ်ကျော်ကတည်းက ဆက်ဆံရေး ခိုင်မာအောင် ကြိုးပမ်းနေခဲ့တာပါ။ ဆယ်စုနှစ်ပေါင်းများစွာ မြန်မာနိုင်ငံမှာ စစ်တပ်က အုပ်ချုပ်နေရာကနေ အရပ်သားအစိုးရအဖြစ် တက်လာပြီးနောက် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေအဖြစ် နိုင်ငံရေး အကျဉ်းသား ၂၀၀ လောက်ကို ပြန်လွှတ်ပေးတဲ့ အချိန်နဲ့ တိုက်တိုက်ဆိုင်ဆိုင်ဆိုသလို မြန်မာသမ္မတဦးသိန်းစိန် အိန္ဒိယနိုင်ငံကို ချစ်ကြည်ရေး ခရီးစဉ်အဖြစ် ရောက်ရှိလာခဲ့တာလည်း ဖြစ်ပါတယ်။
အိန္ဒိယဝန်ကြီးချုပ်ကတော့ မြန်မာနိုင်ငံက နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ ကြိုးပမ်းနေတဲ့အပေါ် ကြိုဆိုလိုက်ပြီး မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းတွေအတွက် အိန္ဒိယနိုင်ငံရဲ့ ပါလီမန် ဒီမိုကရေစီစနစ် အတွေ့အကြုံတွေကို ဖလှယ်သွားဖို့အတွက်လည်း ကမ်းလှမ်းခဲ့ပါတယ်။