သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံခြားရေးဝန်ကြီး အိန္ဒိယရောက်


မြန်မာနိုင်ငံခြားရေးဝန်ကြီး အိန္ဒိယရောက်
မြန်မာနိုင်ငံခြားရေးဝန်ကြီး အိန္ဒိယရောက်

မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ဟာ အိန္ဒိယနိုင်ငံမှာ တနင်္ဂနွေနေ့က ရောက်ရှိနေပါတယ်။ သူ့ရဲ့ ခရီးစဉ်အတွင်း ပြောင်းလဲနေတဲ့ မြန်မာပြည် ဆိုတဲ့ခေါင်းစဉ်နဲ့ ကမ္ဘာ့ရေးရာ အိန္ဒိယကောင်စီမှာ ဟောပြောဖို့လည်း ရှိနေပါတယ်။ ဦးသိန်းစိန်အစိုးရ တက်လာပြီးနောက်မှာ အိန္ဒိယနဲ့ မြန်မာကြား သံတမန် ဆက်ဆံရေး ပိုတိုးတက်လာပေမဲ့ အိန္ဒိယက မြန်မာနိုင်ငံ ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် ကူညီတဲ့အပိုင်းမှာ ပိုလုပ်ဖို့ လိုနေသေးတယ်လို့ အိန္ဒိယက မြန်မာ့ဒီမိုကရေစီရေး ဆောင်ရွက်သူတွေက ပြောနေပါတယ်။ အပြည့်အစုံကို ဘန်ကောက်ရုံးက မစုမြတ်မွန်က တင်ပြထားပါတယ်။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး S M Krishna ရဲ့ ဖိတ်ကြားချက်နဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် ဟာ နယူးဒေလီမြို့ဆီကို တနင်္ဂနွေနေ့က ရောက်သွားတာဖြစ်ပါတယ်။ ၂၆ ရက်နေ့အထိ ကြာမယ့် ခရီးစဉ်အတွင်း ဒီကနေ့မှာတော့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ဟာ တပ်ဂျ်မဟာ ဂူဗိမ္မာန်ရှိရာ Agra မြို့ကိုသွားပါတယ်။ မနက်ဖြန် အင်္ဂါနေ့ ကျရင်တော့ နယူးဒေလီ မြို့မှာ နိင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး S M Krishna တို့ တွေ့ဆုံဆွေးနွေးကြမှာ ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံကို သမ္မတ ဦးသိန်းစိန် လာသွားခဲ့တဲ့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ နောက်ပိုင်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွေ ဘယ်လောက် တိုးတက်ခဲ့သလဲ ဆိုတာကို အပြန်အလှန် ဆွေးနွေးကြမှာ ဖြစ်တယ်လို့ အိန္ဒိယ နိုင်ငံခြားရေးရုံးက ပြောပါတယ်။ ဒါ့အပြင် နှစ်နိုင်ငံ အကျိုးစီးပွားကိစ္စ၊ ဒေသတွင်းနဲ့ နိုင်ငံတကာရေးရာ တွေကိုလည်း ဆွေးနွေးကြမှာဖြစ်တယ်လို့ ပြောပါတယ်။ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ရဲ့ အခု အိန္ဒိယခရီးစဉ်မှာ ထူးခြားတာက ဒီမိုကရေစီစနစ်ဆီ အသွင်ကူးပြောင်းနေတဲ့ မြန်မာနိုင်ငံ ဆိုတဲ့ခေါင်းစဉ်နဲ့ ကမ္ဘာ့ရေးရာ အိန္ဒိယကောင်စီမှာ ဟောပြောဖို့ အစီအစဉ်ရှိပါတယ်။ မြန်မာနိုင်ငံမှာ လုပ်နေတဲ့ အပြောင်းအလဲတွေကို အိန္ဒိယနိုင်ငံက ထောက်ခံဖို့ အဓိက ဖြစ်လိမ့်မယ်လို့ NCGUB အဝေးရောက် ညွှန့်ပေါင်းအစိုးရ ပြောခွင့်ရသူ ဒေါက်တာတင့်ဆွေက သုံးသပ်ပါတယ်။

“ဗမာပြည်မှာ အခု ဦးသိန်းစိန် လက်ထက်မှာ လုပ်နေတဲ့ အလုပ်တွေနဲ့ ပတ်သက်ပြီးတော့ ထောက်ခံမှု ရအောင် နားလည်မှုရအောင် ရှင်းလင်းပြမယ့် Lecture တစ်ခု ဖြစ်ပါတယ်ခင်ဗျ။ ပြောင်းလဲနေတဲ့ ဗမာပြည်ဆိုတဲ့ ခေါင်းစဉ်ဆိုတော့ ဒါ မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ဗမာပြည်မှာ ရှိတဲ့ အပြောင်းအလဲတွေကို အိန္ဒိယ နိုင်ငံကလည်း နားလည်သဘောပေါက်ပြီး ထောက်ခံမှု ရအောင် ကြိုးစားမှု တစ်ရပ်လို့ ကျနော် ယူဆပါတယ် ခင်ဗျ။”

ပြုပြင်ပြောင်းလဲမှုတွေ စတင်လာတဲ့ ဦးသိန်းစိန် အစိုးရလက်ထက်မှာ မြန်မာနဲ့ အိန္ဒိယ နှစ်နိုင်ငံကြား သံတမန်ဆက်ဆံရေးဟာ ခုနောက်ပိုင်းမှာ အရင်ကထက် ပိုပြီး တိုးလာခဲ့ပါတယ်။ ဒါပေမဲ့ အိန္ဒိယအနေနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီစနစ်ဆီ ပြုပြင် ပြောင်းလဲနေချိန်မှာ သူ့ဘက်က လုပ်ပေးသင့်တာတွေ ရှိတာကို ဒေါက်တာတင့်ဆွေက ခုလို ထောက်ပြပါတယ်။

“ဗမာပြည်က ဘာပဲပြောပြော အခု တစ်စုံတစ်ရာတော့ ပြောင်းလဲနေပြီ။ ပြောင်းလဲနေတဲ့အချိန်မှာ ဗမာပြည် လိုအပ်နေတဲ့အချိန်က ဘာတွေလဲဆိုတော့ နိုင်ငံကို ပြန်လည် တည်ဆောက်ရေး ကိစ္စတွေ လိုတယ်ခင်ဗျ။ အခြေခံ အကျဆုံးက ပညာရေး ကျန်းမာရေးက အစပေါ့လေ။ နောက်… ဒီမိုကရေစီပေါ့လေ ဒီပြုပြင် ပြောင်းလဲမှုနဲ့ အခြေခံ အဆောက်အအုံတွေ တည်ဆောက်ဖို့ အင်စတီကျူးရှင်းတွေ တည်ဆောက်ဖို့မှာ အိန္ဒိယက လုပ်ပေးနိုင်တာတွေ အများကြီး ရှိလျက်နဲ့ သူက ဒါတွေကို သိပ်စိတ်မဝင်စားဘူး။ သူက လူထုကို တိုက်ရိုက် အကျိုးရှိတဲ့ဟာတွေ စိတ်မဝင်စားဘဲနဲ့ သူ့ရဲ့ နိုင်ငံခြား ကုန်သွယ်ရေး၊ စီးပွားရေးနဲ့ သဘာ၀ ဓာတ်ငွေ့လောက်ပဲ စိတ်ဝင်စားနေရင်တော့ ဒါက အရင်နည်းတွေပေါ့လေ။ ကျနော် မြင်တာကတော့ အခု အသစ် ပြောင်းလဲလိုက်တဲ့ အခြေအနေမှာ လူထုကို တကယ် အကျိုးပြုမယ့် ကိစ္စတွေ ကူညီသင့်တယ်။ နောက်… ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးမှာ လိုအပ်တဲ့ အခြေခံ အဆောက်အအုံနဲ့ အင်စတီကျူးရှင်း တည်ဆောက်မှုတွေကို အိန္ဒိယ ဘက်က ပေးသင့်တယ်လို့ ကျနော် မြင်ပါတယ်။”

လောလောဆယ်မှာတော့ နှစ်နိုင်ငံကြား နယ်စပ် လုံခြုံရေး၊ အပြန်အလှန် ကုန်သွယ်ရေးပိုင်း တွေကိုပဲ အဓိက အာရုံစိုက်ထားပုံ ရတယ်လို့ သူက ပြောပါတယ်။ မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် အိန္ဒိယနိုင်ငံမှာ ရောက်နေချိန်မှာပဲ အိန္ဒိယ ဝန်ကြီးချုပ် မန်မိုဟန်ဆင်း မြန်မာနိုင်ငံကို မေလမှာ သွားဖို့ရှိတယ်လို့ အိန္ဒိယကလာတဲ့ သတင်းတွေမှာ ဖော်ပြကြပါတယ်။ မြန်မာနိုင်ငံမှာ ကျင်းပမယ့် BIMSTEC ခေါ် ဘင်္ဂလားပင်လယ်ကွေ့ နိုင်ငံများ နည်းပညာနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ထိပ်သီးစည်းဝေးပွဲကို အိန္ဒိယ ဝန်ကြီးချုပ် သွားတက်မှာ ဖြစ်တယ်လို့ ပြောပါတယ်။

XS
SM
MD
LG