သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မျိုးစောင့်ဥပဒေ သမ္မတဦးသိန်းစိန် လက်မှတ်မထိုးဖို့ HRW တိုက်တွန်း


မြန်မာနိုင်ငံမှာ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေနဲ့ ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေတို့ဟာ အခြေခံ အခွင့်အရေးကို ချိုးဖောက်မှုဖြစ်လို့ လက်မှတ်မရေးထိုးဖို့ သမ္မတဦးသိန်းစိန်ကို HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကြီးက ဒီကနေ့ပဲ တိုက်တွန်းသွားပါတယ်။

မျိုးစောင့်ဥပဒေလေးခုထဲက နှစ်ခုဖြစ်တဲ့ တလင်တမယားစနစ် ကျင့်သုံးရေးမူကြမ်းနဲ့ ဘာသာကူးပြောင်းမှုဆိုင်ရာ ဥပဒေမူကြမ်းတို့ကို လွှတ်တော်နှစ်ရပ်က သြဂုတ်လ ၂၀ ရက်နေ့က အတည်ပြုပေးခဲ့တာ ဖြစ်ပါတယ်။ အဲဒီဥပဒေတွေဟာ ကိုးကွယ်ရာဘာသာကို အခြေခံပြီး ခွဲခြားမှု ပြုလုပ်ရာ ရောက်တယ်၊ နိုင်ငံတကာမှာ အကာအကွယ်ပေးထားတဲ့ တသီးပုဂ္ဂလ လွတ်လပ်ခွင့်နဲ့ ဘာသာရေးဆိုင်ရာ လွတ်လပ်ခွင့်တွေကို ချိုးဖောက်ရာ ရောက်တယ်လို့ HRW က ပြောပါတယ်။

အဲဒီဥပဒေမူကြမ်းနှစ်ခုကို ခွင့်ပြုပေးလိုက်တာဟာ လွှတ်တော်အနေနဲ့ အခြေခံလူ့အခွင့်အရေးကို မျက်ကွယ်ပြုပြီး မြန်မာနိုင်ငံမှာ ရှိထားတဲ့ လူ့အသိုင်းအဝိုင်း အချင်းချင်းကြား တင်းမာနေတဲ့ ဆက်ဆံရေးကို မီးထိုးပေးသလို ဖြစ်စေတယ် မြန်မာနိုင်ငံအတွက် အရေးကြီးလှတဲ့ ရွေးကောက်ပွဲ မတိုင်ခင် အတိမ်းစောင်းမခံတဲ့ အသွင်ကူးပြောင်းမှု အခြေအနေကို ခြိမ်းခြောက်မှုဖြစ်တယ်လို့ HRW ရဲ့ အာရှဒေသဆိုင်ရာ ဒုညွန်ကြားရေးမှူး Phil Robertson က ပြောပါတယ်။

နိုဝင်ဘာရွေးကောက်ပွဲနဲ့ နီးကပ်လာနေတဲ့အချိန်မှာ လူ့အခွင့်အရေးစံနှုန်းတွေနဲ့ မကိုက်ညီတဲ့ ဥပဒေတွေကို ပွင့်လင်းမြင်သာမှုမရှိဘဲ လွှတ်တော်က အတည်ပြုတာကြောင့် မြန်မာနိုင်ငံက ဥပဒေပြသူတွေအနေနဲ့ ဒီမိုကရေစီနဲ့ အခွင့်အရေး လေးစားမှုအပေါ် ဘယ်လောက် အလေးအနက်ရှိလဲဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာတယ်လို့ Phil Robertson က ဆိုပါတယ်။

မြန်မာနိုင်ငံကို အဓိက ထောက်ပံ့ပေးနေတဲ့ ဂျပန်၊ ဥရောပသမဂ္ဂ၊ ဗြိတိန်နဲ့ အမေရိကန် ပြည်ထာင်စုတို့ အနေနဲ့ အဲဒီဥပဒေတွေကို လူသိရှင်ကြား ရှုတ်ချပြီး ချက်ခြင်း ပြန်ပယ်ဖျက်ဖို့ တောင်းဆိုသင့်တယ်လို့ လည်း Mr. Robertson က ပြောပါတယ်ရှင်။

XS
SM
MD
LG