မြန်မာမြို့တော်သစ် နေပြည်တော်မှာ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ဒီကနေ့ တနင်္လာနေ့မှာ ဖွင့်လှစ် လိုက်ပါတယ်။ တရုတ်ဆီက ချေးငွေနဲ့ Asia World ကုမ္ပဏီက ဆောက်လုပ်ခဲ့ဲတဲ့ လေဆိပ်ဟာ နိုင်ငံတကာ အဆင့်မီဖြစ်တယ်လို့ လေဆိပ်ကို မြင်တွေ့ခဲ့ရသူတွေက ပြောကြပါတယ်။ ဒါပေမဲ့ ကုန်ကျစရိတ်တွေအတွက် ဝင်ငွေ ပြန်ရနိုင်ဖို့ နိုင်ငံတကာ လေယာဉ်တွေ များများဆင်းသက်ဖို့ လိုတဲ့အကြောင်း မစုမြတ်မွန်က တင်ပြထားပါတယ်။
Asia World ကုမ္ပဏီက ၂၀၀၉ ခုနှစ်မှာ စတင်ဆောက်လုပ်နေတဲ့ နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ဒီကနေ့ တရားဝင် ဖွင့်လိုက်တာဖြစ်ပါတယ်။ တရုတ်နိုင်ငံဆီက ချေးငွေ ခန့်မှန်းချေ ဒေါ်လာသန်း ၃၇၀ လောက်အကုန်ခံ ဆောက်လုပ်ထားတဲ့ လေဆိပ်သစ်ဟာ နိုင်ငံတကာ အဆင့်မီတယ်လို့ လေဆိပ်ထဲကို ရောက်ခဲ့တဲ့ လုပ်ငန်းရှင်တစ်ယောက်က ပြောပြပါတယ်။
“ကျနော်တို့ အိမ်နီးနားချင်းနိုင်ငံတွေ ယိုးဒယားတို့၊ စင်ကာပူတို့ လေယာဉ်ပျံကွင်းတွေနဲ့ အဆင့်အတန်း မီအောင် တည်ဆောက်ထားတာကို တွေ့ရတယ်။ soft infrastructure ရော၊ hard infrastructure ရော အကုန်လုံး တပ်ဆင်ပြီးဖြစ်နေပြီပေါ့ ဒီလေယာဉ်ကွင်းအသစ်ကြီးမှာ။ baggage handling တို့ဘာတို့ကအစ တကယ့်ကို နိုင်ငံခြားအဆင့်အတန်မီ အကုန်လုံး လုပ်ထားတယ်။ လူတွေ အကြိုအပို့အတွက်လည်း ဘက်စ်ကားတွေကအစ တကယ့် နိုင်ငံခြားအဆင့်မီကားတွေ သုံးပြီး လုပ်ထားတာကို တွေ့ရတယ်။ လေယာဉ်ပျံ ဆိုက်ပြီးတော့ sky bridge တွေကအစ တော်တော်လေး အဆင့်အတန်း ကောင်းကောင်းမွန်မွန် လုပ်ထားတာ တွေ့ရပါတယ်။”
မြန်မာနိုင်ငံမှာ နိုင်ငံတကာ လေကြောင်းလိုင်းတွေ ဆင်းနိုင်တာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်နဲ့ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်ပဲ ရှိနေချိန်မှာ ခုလို နေပြည်တော်မှာ လေဆိပ်သစ်ဖွင့်တဲ့အတွက် မြန်မာနိုင်ငံကို လာကြမယ့်သူတွေအတွက် ရွေးစရာရသွားတယ်လို့ သူက မြင်ပါတယ်။
“ရန်ကုန်လေယာဉ်ပျံကွင်းဆိုရင်လည်း တော်တော်လေး ကျပ်နေတာကို ကျနော်တို့ တွေ့ကြုံရတယ်။ Immigration ဖြတ်တာကအစ ကျနော်တို့ စောင့်ရတဲ့လိုင်းတွေ အရမ်းရှည်နေပြီးတော့ အခက်အခဲတွေ မျိုးစုံနဲ့ ကြုံတွေ့နေရတယ်ပေါ့။ မြန်မာပြည်ကလည်း အခု ဖွင့်တဲ့အနေအထားရှိတော့ ဧည့်သည်တွေလည်း များတော့ နောက်ဆိုရင်တော့ ရန်ကုန်လေယာဉ်ကွင်းက တော်တော်လေး traffic များမယ့်သဘောမှာရှိတယ်။ အဲဒီတော့ အခု ဒီနေပြည်တော်လို လေယာဉ်ပျံကွင်း ပေါ်ပေါက်လာတယ်ဆိုရင်တော့ ကျနော်တို့ လာတဲ့ဧည့်သည်တွေ အတွက် အဆင်ပြေပြီးတော့ ချောမွေ့မယ်လို့ ထင်ပါတယ်။”
တစ်ခုရှိတာကတော့ အစိုးရဝန်ကြီးဌာနတွေ၊ ရုံးတွေပဲ ရှိသေးတဲ့ နေပြည်တော်ကို နိုင်ငံခြားက ကမ္ဘာလှည့် ဧည့်သည်တွေလာဖို့ စိတ်ဝင်စားပါ့မလား ဆိုတာက မေးခွန်းထုတ်စရာပါ။ ခရီးသည်လိုအပ်ချက်အပေါ် ဝန်ဆောင်မှုပေးရတဲ့ လေကြောင်းလိုင်းတွေအနေနဲ့ကလည်း နေပြည်တော်လေဆိပ်ကို လာဖို့ တွက်နိုင်ပါတယ်၊။ ဒီတော့ ကုန်ကျစရိတ် မြောက်များစွာ အကုန်ခံပြီး ဖွင့်ထားတဲ့ လေဆိပ် လည်ပတ်နိုင်ဖို့က ဝန်ဆောင်ခရဖို့ လိုအပ်တာမို့ ခရီးသည်များများ လာဖို့တော့ လိုအပ်ပါတယ်။
Asia World ကုမ္ပဏီကတော့ တစ်နှစ်ကို ခရီးသည် ၃ သန်းကျော်ကို ဝန်ဆောင်မှုပေးနိုင်အောင် စီစဉ်ထားတယ်လို့ ဆိုပါတယ်။ အဆင့် ၃ ဆင့်ခွဲ ဆောက်လုပ်နေတဲ့ နေပြည်တော်လေဆိပ်က တပြိုင်တည်း လေယာဉ် ၁၀ စင်း ဆင်းသက်နိုင်တဲ့ ပထမအဆင့်ပြီးသွားတဲ့အတွက် ဖွင့်လှစ်လိုက်တာပါ။ ဒီကနေ့ နေပြည်တော်မှာစတင်တဲ့ GMS မဟာမဲခေါင်ဒေသခွဲ စည်းဝေးပွဲနဲ့ အချိန်ကိုက် ဖွင့်လှစ်လိုက်တာလည်း ဖြစ်ပါတယ်။
မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်နဲ့ တရုတ်နိုင်ငံတွေက ခေါင်းဆောင်တွေ တက်ရောက်ကြမယ့် GMS ထိပ်သီး စည်းဝေးပွဲအတွက် ထိုင်းဝန်ကြီးချုပ် ယင်းလပ်ရှင်နဝပ်၊ တရုတ် နိုင်ငံတော်ကောင်စီဝင် ဒိုင်ဘင်ဂေါ် အပါအဝင် ကျန်တဲ့နိုင်ငံတွေက ခေါင်းဆောင်တွေ နေပြည်တော်မှာ ရောက်နေကြပါတယ်။ ဒီကနေ့ လေဆိပ်ဖွင့်ပွဲကို ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနဲ့ တရုတ် နိင်ငံတော်ကောင်စီဝင် ဒိုင်ဘင်ဂေါ်တို့က ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။