သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်တာနက်တိုက်ခိုက်မှု မြန်မာထိပ်ဆုံး စာရင်းဝင်


အင်တာနက်တိုက်ခိုက်မှု မြန်မာထိပ်ဆုံး စာရင်းဝင်
အင်တာနက်တိုက်ခိုက်မှု မြန်မာထိပ်ဆုံး စာရင်းဝင်

အင်တာနက် စာမျက်နှာတွေအပေါ် တိုက်ခိုက်မှုတွေ မြစ်ဖျားခံလာတဲ့ တိုင်းပြည်တွေထဲ မြန်မာနိုင်ငံဟာ ထိပ်ဆုံး ၁၀ ခုထဲမှာ ရှိနေဆဲပဲလို့ အင်တာနက် ဝန်ဆောင်မှုလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ နိုင်ငံတကာ ကုမ္ပဏီကြီးတခုရဲ့ အစီရင်ခံစာက ဖော်ပြလိုက်ပါတယ်။ မြန်မာနိုင်ငံကလာတဲ့ အင်တာနက်အပေါ် တိုက်ခိုက်မှုတွေဟာ ကမ္ဘာတဝန်း စိုးရိမ်စရာအဆင့်မှာ ရှိနေဆဲဖြစ်တယ်လို့ Akamai ကော်ပိုရေးရှင်းရဲ့ ဒုတိယ ၃ လပတ် အစီရင်ခံစာမှာ ဖော်ပြလိုက်တာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ကိုအောင်လွင်ဦးက တင်ပြထားပါတယ်။

Akamai ကော်ပိုရေးရှင်းက ကမ္ဘာတဝန်းနိုင်ငံတွေနဲ့ ဒေသပေါင်း ၂၃၈ ခုက အင်တာနက်လိပ်စာပေါင်း ၆၀၄ သန်းကျော်ကို လေ့လာစောင့်ကြည့်ရာမှာ ဒီနှစ် ၂၀၁၁ ခုနှစ်ရဲ့ ပထမနဲ့ ဒုတိယ ၃ လပတ်တွေအတွင်း မြန်မာနိုင်ငံဟာ အင်တာနက် တိုက်ခိုက်မှုတွေ အဓိက အခြေခံလာတဲ့ တိုင်းပြည်တစ်ခုအဖြစ် တွေ့ခဲ့ရတာပါ။ အထူးသဖြင့်ကတော့ အင်တာနက် စာမျက်နှာတွေကို ဝင်ရောက်ကြည့်ရှုရာ လမ်းကြောင်းဖြစ်တဲ့ Ports 80 လို နေရာမျိုးမှာ ကမ္ဘာတဝန်း တိုက်ခိုက်မှုတွေ စုစုပေါင်းရဲ့ ထက်ဝက်လောက် ရှိတယ်လို့လည်း အစီရင်ခံစာက ဖော်ပြခဲ့တာပါ။ အထူးသဖြင့်ကတော့ လူအများ ဝင်ရောက်ကြည့်ရှုကြတဲ့ ဝက်ဘ်စာမျက်နှာတွေ၊ လုံခြုံစိတ်ချရအောင် စီမံထားတဲ့ အီးမေးလ်လို အင်တာနက် ဆက်သွယ်မှုတွေမှာ မြန်မာနိုင်ငံက တိုက်ခိုက်မှုတွေက ပစ်မှတ်ထားတာ တွေ့ရတယ်လို့ Akamai ကော်ပိုရေးရှင်းရဲ့ ညွှန်ကြားရေးမှူး တစ်ဦးလည်းဖြစ် နောက်ဆုံး ထုတ်ပြန်လိုက်တဲ့ ၃ လပတ်အစီရင်ခံစာ ရေးသားပြုစုသူတစ်ဦးလည်းဖြစ်တဲ့ ဒေးဗစ်ဘယ်လ်ဆန် (David Belson) က ပြောပါတယ်။

“မြန်မာနိုင်ငံက တိုက်ခိုက်မှုတွေဟာ Ports 80 နဲ့ Ports 443 တို့ကို အထူးသဖြင့် အာရုံစိုက်နေတာကို ကျနော်တို့ တွေ့နေရပါတယ်။ Port 80 ဆိုတာကတော့ ပုံမှန် http လိပ်စာနဲ့ ဝက်ဘ်စာမျက်နှာတွေပါ။ Port 443 ကတော့ လုံခြုံမှုရှိတဲ့ ဝက်ဘ်စာမျက်နှာတွေပဲ ဖြစ်ပါတယ်။”

မြန်မာအာဏာပိုင်တွေဟာ သတင်းမီဒီယာတွေနဲ့ အင်တာနက် ဆက်သွယ်မှုတွေအပေါ် တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားတယ်လို့ နိုင်ငံတကာက သတင်းလွတ်လပ်ခွင့် အဖွဲ့အစည်းတွေရဲ့ မှတ်တမ်းတွေကတော့ ထောက်ပြနေကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကတည်းက ပိတ်ပင်ခံထားရတဲ့ ဗွီအိုအေ မြန်မာပိုင်းရဲ့အင်တာနက် စာမျက်နှာ အပါအဝင် ပြည်ပက ဝက်ဘ်ဆိုဒ်တွေ အားလုံးလောက်လိုလိုကို ပြန်ဖွင့်ပေးခဲ့တာပါ။ တချိန်တည်းမှာပဲ အင်တာနက်ပေါ်မှာ တိုက်ခိုက်မှုတွေကတော့ ဆက်ရှိနေဆဲဖြစ်ပြီး တိုက်ခိုက်မှုတွေကို အတိအကျ ခြေရာမခံနိုင်ပေမဲ့ ဒါတွေဟာ အင်တာနက်လုပ်ငန်းတွေမှာ အဟန့်အတား ဖြစ်စေဖို့၊ ဆက်သွယ်မှုတွေကနေ အခွင့်ကောင်းယူဖို့ ရည်ရွယ်ပုံရတယ်လို့ Akamai ကော်ပိုရေးရှင်းရဲ့ ညွှန်ကြားရေးမှူး တစ်ဦးဖြစ်တဲ့ ဒေးဗစ်ဘယ်လ်ဆန်က ပြောပါတယ်။

“ကျနော်ခန့်မှန်းတာကတော့ မြန်မာနိုင်ငံကနေ တိုက်ခိုက်ဖို့ ကြိုးပမ်းမှုတွေဟာ အင်တာနက် ဝက်ဘ်ဆိုက်ဒ်တွေကို အခြေခံထားတဲ့ လုပ်ငန်းတွေက အားနည်းချက်တွေကို ပစ်မှတ်ထားတာ ဖြစ်ပါလိမ့်မယ်။ ဆက်သွယ်မှုတွေမှာ ပိတ်ဆို့ကုန်အောင် လုပ်တာမျိုးတွေ ဖြစ်ကောင်းလည်း ဖြစ်နိုင်ပါတယ်။ အင်တာနက်ပေါ်က ဆွေးနွေးပြောဆိုမှုတွေကနေ အခွင့်ကောင်းယူတာမျိုးလို လုပ်ရပ်တွေ လုပ်ကောင်းလုပ်တာတွေ ဖြစ်နိုင်ပါတယ်။”

၂၀၁၁ ခုနှစ် ပထမ ၃ လပတ် အစီရင်ခံစာအရ အင်တာနက် တိုက်ခိုက်မှုတွေ အများဆုံး ၁၀ နိုင်ငံစာရင်းမှာ မြန်မာနိုင်ငံ ထိပ်ဆုံးနေရာကို ရောက်လာခဲ့တာပါ။ ဒါပေမဲ့လည်း အခု ဒုတိယ ၃ လပတ်ကာလမှာတော့ တိုက်ခိုက်မှုတွေ လျော့ကျလာတာမို့ ဒုတိယအဆင့် လျှော့ချ သတ်မှတ်ခဲ့ပါတယ်။ လေ့လာစောင့်ကြည့်ထားတဲ့ ဆက်သွယ်မှုတွေအရ မြန်မာနိုင်ငံဟာ ကမ္ဘာတဝန်း တိုက်ခိုက်မှုတွေအနက် ၁၃ ရာခိုင်နှုန်းအထိ ရှိရာက အခု ဒုတိယ ၃ လပတ်မှာတော့ ၉ ဒဿမ ၁ ရာခိုင်နှုန်း ကိုလျော့ကျသွားတာပါ။

အခုနောက်ဆုံး ကမ္ဘာတဝန်း အင်တာနက် ဆက်သွယ်မှု အခြေအနေ ဒုတိယ ၃ လပတ် အစီရင်ခံစာရဲ့ ထိပ်ဆုံးနေရာကိုတော့ တိုက်ခိုက်မှုတွေ ၁၀ ရာခိုင်နှုန်းအထိ ရှိတဲ့ ထိုင်ဝမ်က နေရာယူသွားခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံပြီးရင် တတိယ၊ စတုတ္ထနဲ့ ပဉ္စမနေရာတွေကတော့ အမေရိကန်၊ တရုတ်နဲ့ ရုရှားနိုင်ငံတွေ ဖြစ်ကြပါတယ်။

XS
SM
MD
LG