သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်ပဈေးကွက် အတွက် မြန်မာ ကုန်စည် အရည်အသွေး မြှင့်ဖို့လို


မြန်မာနိုင်ငံအပေါ် အနောက်နိုင်ငံတွေရဲ့ အရေးယူဒဏ်ခတ်မှုတွေ လျှော့ပေါ့ ပေးလာတာနဲ့အမျှ မြန် မာနိုင်ငံက ကုန်ထုတ်လုပ်ငန်း တွေမှာ တိုးတက်မှုတွေ ရလာတော့မယ်လို့ စီးပွားရေး အသိုင်းအဝိုင်းက မျှော်လင့်နေကြပါတယ်။ ဒါပေမဲ့ တချိန်တည်းမှာပဲ ကျယ်ပြန့်လာမယ့် နိုင်ငံ တကာ ဈေးကွက်မှာ ထိုးဖောက်နိုင်ဖို့ အတွက် လုပ်စရာတွေလည်း တပုံကြီး ရှိနေတယ်လို့ ပြောနေကြ တာပါ။ အခုလို ပြောင်းလဲနေတဲ့အခြေအနေမှာ မြန်မာနိုင်ငံက စီးပွားရေးသမားတွေရဲ့ မျှော်လင့်ချက် နဲ့ ရင်ဆိုင်ရနိုင်တဲ့ စိန်ခေါ်မှုတွေကိုတော့ ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

ကုလသမဂ္ဂ အထွေထွေညီလာခံ တက်ရောက်ရင်း သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံစဉ်မှာ မြန်မာနိုင်ငံက ပို့ကုန်တွေ တင်သွင်းခွင့် တားမြစ်ထားတာကို ဖယ်ရှားပေးမယ့်အကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် ကြေညာလိုက်တဲ့နောက် ကုန်ထုတ်လုပ်ငန်းတွေ အားကောင်းလာလေ မလား မျှော်လင့်ချက်တွေလည်း ကြီးထွား လာကြတာ ဖြစ်ပါတယ်။ အမေရိကန် အစိုးရက ဥပဒေ အဖြစ် ပြဋ္ဌာန်းတားမြစ် ထားတာတွေကို တရားဝင် ဖယ်ရှားပြီ ဆိုတာနဲ့ ပို့ကုန်တွေ တင်သွင်းသွားဖို့ ရည်ရွယ်ထားတယ်လို့လည်း မြန်မာနိုင်ငံ ငါးလုပ်ငန်းရှင်များ အသင်း ဒုဥက္ကဋ္ဌ ဦးနှင်းဦး ကပြောပါတယ်။

“ကျနော်တို့က အမေရိကန်ကို တိုက်ရိုက်အားဖြင့်တော့ ပစ္စည်းသွားတာ သိပ်မရှိခဲ့ဘူး။ indirect နည်းနဲ့ တုန်းကတော့ ကျနော်တို့က တော်တော် နစ်နာခဲ့ပါတယ်။ ဥပမာ ဆိုပါတော့- အမေရိကန် sanction ကြောင့် အမေရိကန်နဲ့ပတ်သက်တဲ့ နိုင်ငံတွေကို ကျနော်တို့ သွားလို့မရဘူး။ တချို့ကဆို အမေရိကန်နဲ့ ကျနော်တို့ ပြဿနာရှိထားတဲ့အတွက် တခြား ရင်းနှီးချင်တဲ့သူတွေက ကျနော်တို့ဆီကို လာရောက်ပြီးတော့ ရင်းနှီးမြှုပ်နှံရာမှာလည်း နှောင့်နှေးခဲ့တာတွေ ရှိတယ်။ အခုလို ပွင့်သွားတော့ အနာဂတ်အတွက် အင်မတန်ကောင်းပါတယ်။ နောက်ပြီးတော့ အမေရိကန်က ကျနော်တို့အပေါ် စဉ်းစားမယ့် အချက်တွေကလည်း free duty,ဖရီးကိုတာဆိုတာလည်းပါတယ်။ အဲဒါက သူများနိုင်ငံ ထက် ကျနော်တို့ကို ပိုပြီး အခွင့်အရေးပေးမယ့် အလားအလာတွေ၊ ဂျူတီအားဖြင့်ဆိုရင်လည်း သူများနိုင်ငံထက် ပိုပြီးသက်သာခွင့်ရမယ့် အခြေအနေလည်း တွေ့ရပါတယ်။”

မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေ လုပ်မယ်လို့ ကတိပြုပြီး တက်လာတဲ့ သမ္မတဦးသိန်းစိန် လက်ထက် နိုင်ငံရေး၊ စီးပွားရေး လွတ်လပ်ခွင့်တွေ ပေးလာတာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဆက်သွယ်ရေး၊ လမ်းပန်း စတာတွေလို အခြေခံ လိုအပ်ချက်တွေ၊ ဘဏ္ဍာရေးနဲ့ ငွေကြေးလွှဲပြောင်းမှု လုပ်ငန်းတွေ ခိုင်ခိုင်မာမာ မရှိဘဲ ဖြစ်နေတဲ့အတွက် ပြည်ပနဲ့ ဆက်သွယ် လုပ်ကိုင်လိုသူတွေ၊ နိုင်ငံခြား က ရင်းနှီးမြှုပ်နှံလုပ်ကိုင်လိုသူတွေအတွက် စိမ်ခေါ်မှုတွေနဲ့ ကြုံနေကြရတာပါ။

လတ်တလော ပြည်ပရင်းနှီးမြှုပ်နှံမှု အများစုကတော့ ရေနံနဲ့ သဘာဝဓာတ်ငွေ့နဲ့ သတ္ထုတွင်း လုပ်ငန်းတွေ အပါအဝင် သဘာဝအရင်းအမြစ် ထုတ်လုပ်မှုတွေမှာ ဖြစ်ပါတယ်။ ပြည်ပကုန်ပစ္စည်း တင်ပို့ခွင့်တွေ ရလာတာနဲ့အမျှ တချိန်က ကမ္ဘာ့ဈေးကွက်မှာ နေရာရခဲ့တဲ့ အဝတ်အထည် လုပ်ငန်းတွေ ပြန်လည် ဦးမော့လာမယ်လို့လည်း ခန့်မှန်းနေကြတာပါ။ ရေထွက်ပစ္စည်း လုပ်ငန်းရှင် ဦးနှင်းဦးကတော့ ပြည်ပပို့ကုန် လုပ်ငန်းတွေ အားကောင်းလာတဲ့အခါ ကုန်ထုတ်လုပ်မှု လုပ်ငန်းတွေ ဖွံ့ဖြိုးလာလိမ့်မယ်လို့ ပြောပါတယ်။

“ကျနော်တို့ skill training တွေ အခု ပေးမှာပါ။ မြန်မာနိုင်ငံက တကယ်ကျွမ်းကျင်တဲ့လုပ်သားတွေ၊ ကျွမ်းကျင်တဲ့ ပညာရှင်တွေအားလုံးက သူတို့က ကျွမ်းကျင်တတ်မြောက်လာပြီဆိုလို့ရှိရင် သက်ဆိုင်ရာ certificate လည်းရထားပြီးပြီ ဆိုလို့ရှိရင် နိုင်ငံတကာမှာရော၊ အာဆီယံထဲမှာရော သူတို့က နိုင်ငံ တကာမှာ အနိမ့်ဆုံးပေးရမယ့်လစာ သတ်မှတ်ချက်တွေလည်း ရှိတယ်။ နောက်တခါ အရည်အချင်း ချင်း တူမယ်ဆိုလို့ရှိရင် ဘယ်နိုင်ငံသွားသွား ဒီလစာပဲ ပေးရမယ်ဆိုတဲ့ မူဝါဒက အေအီးစီမှာလည်း ပါလာတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့က အနာဂတ်မှာတော့ လက်ရှိထက်ပိုပြီးတော့ ဝင်ငွေ တိုးလာစရာ ရှိပါတယ်။”

ဒါပေမဲ့လည်း ဆယ်စုနှစ်နဲ့ချီပြီး ပိတ်ဆို့ဒဏ်ခတ်မှုတွေ ခံခဲ့ရသလို ကမ္ဘာနဲ့ အဆက်ပြတ်နေ တဲ့ မြန်မာနိုင်ငံမှာ နိုင်ငံတကာ ဈေးကွက်ကို ပြန်လည် ထိုးဖောက်နိုင်ရေး ကြိုးစားရမယ့် ကိစ္စတွေကလည်း အများအပြား ရှိနေတာပါ။ ပြည်ပကုန်ပစ္စည်း တင်ပို့နိုင်မယ့် အခွင့်အလန်းတွေ ထွက်ပေါ်လာတယ် ဆိုပေမဲ့လည်း အရည်အသွေးမှီဖို့ အတွက်ကတော့ နည်းပညာနဲ့ စက်ကရိယာတွေကအစ အခြေခံ လိုအပ်ချက်တွေ ကြီးကြီးမားမား ရှိနေတယ်လို့ မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးချစ်ခိုင်က ပြောပါတယ်။

“ရေလုပ်ငန်းတို့ ၊ အထည်ချုပ်လုပ်ငန်းတို့ ဒီဟာတွေကတော့ ချက်ခြင်းကို ဖြစ်နိုင်ပါတယ်။ နောက်တခါ သစ်အချောထည် လုပ်ငန်းတို့ ဒါတွေက ဖြစ်နိုင်ပါတယ်။ ကောက်ပဲသီးနှံထွက်ကုန်နဲ့ ပတ်သက်လို့ ကတော့ ပဲမျိုးစုံနဲ့ပတ်သက်လို့ကတော့ ချက်ခြင်း ဖြစ်နိုင်ပါတယ်။ ဆန်စပါးနဲ့ပတ်သက်လို့ကတော့ အရည်အသွေးကို မြှင့်ရမယ်။ အရည်အသွေးမြှင့်ပြီးတော့မှ သက်ဆိုင်ရာအနောက်နိုင်ငံတွေက လိုချင် တဲ့ အရည်အသွေးကို ရအောင် ကြိုးစားပြီးတော့ လုပ်နေပါတယ်။ ဒါလည်း အချိန်တခုမှာ ဖြစ်လာမှာ ပါ။ ချက်ခြင်းကြီးတော့ ဖြစ်မလာနိုင်ဘူး။”

မြန်မာနိုင်ငံကို မကြာသေးခင်ကပဲ သွားရောက်ခဲ့တဲ့ အာရှဖွံ့ဖြိုးရေးဘဏ် ADB အာရှ-ပစိဖိတ်ဒေသ ဆိုင်ရာ ဒုဥက္ကဋ္ဌ Stephen Groff ကတော့ မြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးမှုဟာ ၇ ရာခိုင်နှုန်းကနေ ၈ ရာခိုင်နှုန်းအထိ ရှိနေတာမို့ အလယ်အလတ် ဝင်ငွေရှိတဲ့ တိုင်းပြည်တခုအဖြစ် ပေါ်ပေါက်လာနိုင် တယ်လို့ ပြောဆိုခဲ့တာပါ။ ဒါပေမဲ့လည်း လူသားအရင်းအမြစ်တွေမှာ ရင်းနှီးမြုပ်နှံတာ၊ အခြေခံ အဆောက်အအုံ တည်ဆောက်ရေး၊ ဘဏ္ဍာရေး လုပ်ငန်းမှာ ခေတ်မှီအောင် လုပ်ဖို့နဲ့ ဖွံ့ဖြိုးမှုတွေ ဟာ ကျေးလက် ဒေသကပါ ခံစားရမှသာ ရေရှည်ခံတဲ့ စီးပွားရေး တိုးတက်မှုတွေ ဖြစ်နိုင်မယ် လို့လည်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
XS
SM
MD
LG