သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရင်းနှီးမြှုပ်နှံမှု မလောဖို့ လူ့အခွင့်အရေးအဖွဲ့ သတိပေး


မကြာသေးခင်နှစ်တွေအတွင်း မြန်မာနိုင်ငံက အပြောင်းအလဲတွေနဲ့အတူ ထိတွေ့ဆက်ဆံမှုတွေ တိုးမြှင့်လာနေတဲ့ ဥရောပသမဂ္ဂ (EU) အနေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို အလျှင်စလို မလုပ်ဖို့ လူ့အခွင့်အရေး လှုပ်ရှားမှု အဖွဲ့တွေက သတိပေးလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ စီးပွားရေး ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ဖို့ အပါအဝင် ဆက်ဆံရေးတွေ တိုးမြှင့်လိုတဲ့အကြောင်း ပြီးခဲ့တဲ့နှစ်ထဲမှာ EU က တရားဝင် ကြေညာထားပေမဲ့ လတ်တလော မြန်မာနိုင်ငံတွင်းက စီမံကိန်းတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှု ပြဿနာတွေနဲ့ ဆက်နွယ်နေတာ တွေ့ရတဲ့အတွက် သတိထားဖို့ နိုင်ငံတကာ လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့ FIDH နဲ့ စင်ပြိုင်အာဆီယံအဖွဲ့ Altsean တို့က အစီရင်ခံစာ ထုတ်ပြန်တိုက်တွန်းခဲ့တာပါ။

အထူးသဖြင့် ဒေသခံ လူမှုအသိုင်းအဝိုင်းအပေါ် ရိုက်ခတ်မှုတွေအတွက် ကာကွယ်ပြောဆိုကြတဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေ၊ ကန့်ကွက်ဆန္ဒပြသူတွေကို ဖမ်းဆီးတာ၊ ငြိမ်းချမ်းတဲ့ စုဝေးဆန္ဒပြပွဲတွေကို နှိမ်နင်းတာတွေ ရှိနေတယ်လို့လည်း ပြောပါတယ်။

ပြည်ပက တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုတွေကြောင့် ဒေသခံတွေကို အတင်းအဓမ္မ ဖယ်ရှားတာ၊ မြေယာသိမ်းတာတွေလို ပြဿနာတွေကိုလည်း ပိုမိုကြီးထွားစေတဲ့ အလားအလာတွေ ရှိနေတဲ့ အခြေအနေမျိုးမှာ ဥရောပက လုပ်ငန်းတွေ မြန်မာနိုင်ငံကို ဝင်ရောက်ပြီး ရင်းနှီးမြှုပ်နှံ လုပ်ကိုင်မယ်ဆိုရင် ထိခိုက်နစ်နာနိုင်တဲ့ အန္တရာယ်တွေ ရှိနေတယ်လို့လည်း ဗုဒ္ဓဟူးနေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာက ဖော်ပြခဲ့တာပါ။

ဒါကြောင့်လည်း မြန်မာအစိုးရနဲ့ ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက်တွေ မရယူမီ လူ့အခွင့်အရေးတွေကို အကာအကွယ်ပေးပြီး စီးပွားရေး လုပ်ကိုင်နိုင်တဲ့ အခြေအနေမျိုး ပေါ်ပေါက်လာအောင် အချိန်ကာလ သတ်မှတ်ထားဖို့၊ ဥရောပက ကုမ္ပဏီတွေ အနေနဲ့လည်း လုပ်ငန်းတွေ လုပ်ကိုင်တဲ့အခါ လိုက်နာဆောင်ရွက်ရမယ့် စည်းမျဉ်း စည်းကမ်းတွေ ချမှတ်ဖို့လည်း FIDH နဲ့ စင်ပြိုင်အာဆီယံအဖွဲ့ Altsean တို့က တောင်းဆိုခဲ့ကြပါတယ်။
XS
SM
MD
LG