သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရင်းနှီးမြှုပ်နှံမှု ဥပဒေ အပြီးသတ်နိုင်ဖို့ သမ္မတ ဦးသိန်းစိန် မျှော်လင့်


မြန်မာသမ္မတ ဦးသိန်းစိန် နေပြည်တော်ရှိ သမ္မတ အိမ်တော်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်။ (အောက်တိုဘာလ ၂၁ ရက်၊ ၂၀၁၂)။
မြန်မာသမ္မတ ဦးသိန်းစိန် နေပြည်တော်ရှိ သမ္မတ အိမ်တော်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်။ (အောက်တိုဘာလ ၂၁ ရက်၊ ၂၀၁၂)။
မြန်မာနိုင်ငံမှာ နိုင်ငံရပ်ခြား ရင်းနှီးမြှုပ်နှံမှု မြှင့်တင်နိုင်ရေးအတွက် လိုအပ်နေတဲ့ ဥပဒေတရပ်ကို မကြာခင်ရက်ပိုင်းအတွင်းမှာပဲ ချမှတ်နိုင်တော့မယ်လို့ သမ္မတ ဦးသိန်းစိန်က ပြောကြား လိုက်ပါတယ်။ ဒီဥပဒေပြဌာန်းနိုင်ဖို့ လုပ်ဆောင်နေတာ အချိန်ကြာမြင့်နေပြီဖြစ်ပြီး လွှတ်တော်မှာ လအတော်ကြာ ညှိနှိုင်းဆွေးနွေး ငြင်းခုံမှုတွေ လုပ်ခဲ့ရသလို လွှတ်တော်နဲ့ သမ္မတရုံးတွေမှာ ပြင်ဆင်မှုတွေ လုပ်ဆောင်နေရပေမဲ့ မကြာခင်ရက်ပိုင်း အတွင်းမှာပဲ အပြီးသတ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေမူကြမ်း တရပ် ထွက်ပေါ်လာတော့မှာ ဖြစ်ကြောင်း တနင်္ဂနွေနေ့ ပြည်တွင်း သတင်းမီဒီယာတွေနဲ့ နေပြည်တော် တွေ့ဆုံဆွေးနွေးပွဲမှာ သမ္မတ က ပြောကြားခဲ့တာပါ။ မြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့တဲ့ စစ်အစိုးရလက်ကနေ အရပ်သားအစိုးရ တက်လာခဲ့တဲ့ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် သမ္မတက ပြည်တွင်း သတင်းမီဒီယာတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

သမ္မတ ဦးသိန်းစိန်ဟာ နိမ့်ကျနေတဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေးကို ခေတ်နဲ့အညီ တဟုန်ထိုး ပြောင်းလဲတိုးတက် လာစေဖို့ နိုင်ငံရပ်ခြားက လာရောက် ရင်းနှီးမြှုပ်နှံမယ့်သူတွေ စိတ်ဝင်စားအောင် လုပ်ဖို့ စိတ်အားထက်သန်နေသူပါ။ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေး ကို နိုင်ငံရပ်ခြားက လက်ဝါးကြီးအုပ် စိုးမိုးမှုတွေ မလုပ်နိုင်အောင် ကာကွယ်ဖို့နဲ့ နိုင်ငံရပ်ခြား ရင်းနှီးမြှုပ်နှံသူတွေရဲ့ အမြတ်ထုတ် ချယ်လှယ်မှုတွေ မလုပ်နိုင်အောင် ကန့်သတ်မှုတွေ ထားဖို့ သတိပေးလုပ်ဆောင်မှုတွေ ရှိနေပါတယ်။ မကြာသေးခင်က နောက်ဆုံးထွက်လာတဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ဥပဒေမူကြမ်းဟာ ကြိုတင်ကာကွယ်မှုတွေ သိပ်များနေတယ်လို့ တချို့ မြန်မာအရာရှိတွေရဲ့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

မြန်မာနိုင်ငံထဲမှာ General Electric နဲ့ Coca-Cola တို့လို ကြီးမားတဲ့ အမေရိကန် စီးပွားရေး လုပ်ငန်းကြီးတွေကတော့ အခု မြန်မာ လုပ်ငန်းရှင်တွေနဲ့ လက်တွဲ လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။ တခြား ကုမ္ပဏီ အတော်များများ ဟာလည်း မြန်မာနိုင်ငံက ကြွယ်ဝတဲ့ သယံဇာတတွေနဲ့ တွဲဖက်တဲ့ စီးပွားရေး လုပ်ငန်းတွေမှာ လက်တွဲလုပ်ကိုင်ရာမှာ ရှင်းရှင်းလင်းလင်း ရှိစေဖို့ မြန်မာအစိုးရ ချထားမယ့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေ တရပ်ကို စောင့်မျှော်နေကြပါတယ်။
XS
SM
MD
LG