သုံးရလွယ်ကူစေသည့် Link များ

မြစ်ဆုံစီမံကိန်းနဲ့ မြန်မာ့ရင်းနှီးမြုပ်နှံမှုကဏ္ဍ


သဘာ၀ ပတ်ဝန်းကျင်နဲ့ လူနေမှု ဘဝတွေကို ထိခိုက်မယ်ဆိုတဲ့ စိုးရိမ်မှုတွေနဲ့ မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းကို အကြီးအကျယ် ကန့်ကွက်မှုတွေ ကြုံခဲ့တာပါ။
သဘာ၀ ပတ်ဝန်းကျင်နဲ့ လူနေမှု ဘဝတွေကို ထိခိုက်မယ်ဆိုတဲ့ စိုးရိမ်မှုတွေနဲ့ မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းကို အကြီးအကျယ် ကန့်ကွက်မှုတွေ ကြုံခဲ့တာပါ။

အောက်တိုဘာ ၁၀၊ ၂၀၁၁-မြစ်ဆုံစီမံကိန်း ရပ်လိုက်တာကြောင့် မြန်မာနိုင်ငံတွင်း ရင်းနှီးမြုပ်နှံမှုတွေအပေါ် သက်ရောက်မှုတွေ ရှိလာတော့မှာလား?

မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းကို ဆိုင်းငံ့ဖို့ သမ္မတက ကြေညာလိုက်တဲ့အတွက် ဒီလုပ်ငန်းမှာ ရင်းနှီးမြုပ်နှံထားတဲ့ တရုတ်ကုမ္ပဏီလို ပြည်ပက ရင်းနှီးမြုပ်နှံသူတွေ အနေနဲ့ မြန်မာနိုင်ငံမှာ လုပ်ငန်းလုပ်ဖို့ စိုးရိမ်မကင်း ဖြစ်လာနိုင်တယ်လို့ စီးပွားရေး ကျွမ်းကျင်သူတွေက သတိပေးပါတယ်။ အများက ဝိုင်းဝန်းကန့်ကွက်နေကြတဲ့ စီမံကိန်း တခုအဖြစ် ရပ်ထားဖို့ မြန်မာအစိုးရက ဆုံးဖြတ်လိုက်တဲ့အတွက် ပြည်တွင်းပြည်ပက ကြိုဆိုခဲ့ကြပေမဲ့ စာချုပ်စာတမ်းနဲ့ သဘောတူထားတဲ့ ကိစ္စတခုအဖြစ် နောက်ပိုင်းမှာ အချေအတင် ဖြစ်စရာတွေ ထွက်ပေါ်လာနိုင်တယ်လို့လည်း တွက်ဆနေကြတာပါ။ မြစ်ဆုံစီမံကိန်း ဆိုင်းထားမယ့် အစီအစဉ်ကြောင့် မြန်မာ့စီးပွားရေးမှာ ရိုက်ခတ်လာနိုင်တဲ့ အခြေအနေတွေကိုတော့ ဒီတပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ ကိုအောင်လွင်ဦး က တင်ပြပေးမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်ထဲက မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းကို ဆိုင်းငံ့ဖို့ ကြေညာလိုက်တဲ့အတွက် စီးပွားရေး ဖွံ့ဖြိုးမှုတွေ နိမ့်ကျနေတဲ့ တိုင်းပြည်မှာ ရင်းနှီးမြုပ်နှံလိုသူတွေအတွက် လက်တွန့်စရာ အခြေအနေတွေကို ဦးတည်ကောင်း ဦးတည် စေနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သတိပေးပါတယ်။ အထူးသဖြင့်ကတော့ မြန်မာနိုင်ငံမှာ အကြီးအကျယ် ရင်းနှီးမြုပ်နှံပြီး စီးပွားရေး လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံ အနေနဲ့ ဒေါ်လာသန်းပေါင်း ၃,၆၀၀ တန်ဘိုးရှိတဲ့ စီမံကိန်းကို ရပ်ထားဖို့ သမ္မတက ပြောလိုက်တဲ့အပေါ် တရုတ်နိုင်ငံဘက်က သည်းမခံနိုင်တာမျိုးတွေ ဖြစ်လာလေမလား ခန့်မှန်းနေကြတာပါ။

ထင်ရှားတဲ့ the Economist စီးပွားရေး မဂ္ဂဇင်းရဲ့ အကြီးတန်း အယ်ဒီတာတဦးဖြစ်တဲ့ ဒန်နီ ရစ်ချက်စ် (Danny Richards) ကတော့ ပြီးခဲ့တဲ့နှစ်ထဲ ဒေါ်လာသန်းပေါင်း ၂ သောင်းလောက်ရှိတဲ့ ရင်းနှီးမြုပ်နှံမှုတွေကို အစိုးရက လက်ခံထားတဲ့ အထဲမှာ တရုတ်နဲ့ ဟောင်ကောင်တို့က စုစုပေါင်းရဲ့ ၇၀% နှုန်းလောက်ကို ရရှိထားတာမို့ မြန်မာနိုင်ငံ စီးပွားရေးအတွက်တော့ ဒီဆုံးဖြတ်ချက်ဟာ သတိထားရမယ့် လုပ်ရပ်တခု ဖြစ်တယ်လို့ ပြောပါတယ်။
“ဒါဟာ အန္တာရာယ်ကြီးတဲ့ မဟာဗျူဟာ တရပ်ပါ။ စီးပွားရေး ဖွံ့ဖြိုးမှုအပိုင်းက ကြည့်မယ်ဆိုရင် တိုင်းပြည်ထဲမှာ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု အရင်းအမြစ်တွေက အနည်းအကျဉ်းပဲ ရှိပါတယ်။ ဒါပေမဲ့ တချိန်တည်းမှာပဲ အစိုးရအနေနဲ့ ဒီလိုအဓိက စီမံကိန်းကြီး တချို့ကနေ သဘာ၀ ပတ်ဝန်းကျင်နဲ့ ဒေသခံတွေအပေါ် အကျိုးသက်ရောက်မှုတွေ ရှိနိုင်တဲ့အပေါ် ပိုပြီး အာရုံစိုက် လာပုံရတယ်လို့ ယူဆရတဲ့အတွက် အပေါင်းလက္ခဏာဆောင်တဲ့ ခြေလှမ်းတလှမ်းလို့လည်း ပြောနိုင်ပါတယ်။”

ပတ်ဝန်းကျင်နဲ့ ဒေသခံတွေအတွက် နစ်နာစရာ အခြေအနေတွေနဲ့ ကြုံရလိမ့်မယ်လို့ အကြီးအကျယ် ကန့်ကွက်မှုတွေ ရှိခဲ့တဲ့နောက် ပြုပြင်ပြောင်းလဲရေးတွေ လုပ်မယ်လို့ ကတိပေးထားတဲ့ မြန်မာအစိုးရ ခေါင်းဆောင် သမ္မတ ဦးသိန်းစိန် က သူ့လက်ထက်မှာ ရေကာတာ တည်ဆောက်မှု စီမံကိန်းကို ရပ်ဆိုင်းထားမယ်လို့ ကြေညာလိုက်တာ ဖြစ်ပါတယ်။ စီမံကိန်းမှာ ရင်းနှီးမြုပ်နှံ လုပ်ကိုင်နေတဲ့ တရုတ်စွမ်းအင် ရင်းနှီးမြုပ်နှံမှု ကော်ပိုရေးရှင်း (CPI) ရဲ့ ဥက္ကဋ္ဌ လူ ကျိချောင်း (Lu Qizhou) ကတော့ ဒီလိုစိုးရိမ်မကင်းသံတွေဟာ ဘေးပယောဂတွေကြောင့်သာ ဖြစ်တယ်၊ လက်တွေ့မှာ တိုင်းတာစစ်ဆေးမှုတွေ လုပ်ဆောင်ထားပြီးသား ဖြစ်တယ်ဆိုပြီး တရုတ်အစိုးရ သတင်းဌာနနဲ့ မေးမြန်းခန်းတခု အတွင်းမှာ ပြောဆိုခဲ့တာပါ။ ဒါပေမဲ့လည်း အစိုးရသစ် လက်ထက် လွှတ်တော်တွင်းမှာ စွမ်းအင်ကဏ္ဍက ပြဿနာတွေကို မကြာခန မေးခွန်းထုတ်နေတဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက ဒေါက်တာ အေးမောင် ကတော့ တရုတ်နိုင်ငံက စီမံကိန်းတွေ အပါအဝင် မြန်မာနိုင်ငံတွင်း ရင်းနှီးမြုပ်နှံမှု လုပ်ငန်းတွေဟာ ထင်သာမြင်သာ မရှိတဲ့အတွက် ဒီလို ပြဿနာတွေ ကြုံလာရတာလို့ ပြောပါတယ်။

အချေအတင် ဖြစ်နေရတဲ့ မြစ်ဆုံစီမံကိန်းမှာ ဆိုရင်လည်း ဇီဝမျိုးကွဲနဲ့ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အသင်း (BANCA) ရဲ့ အစီရင်ခံစာမှာ ဒီစီမံကိန်းရဲ့ အားနည်းချက်တွေကို ထောက်ပြခဲ့ပေမဲ့ ဒီကြားထဲကမှ အခုလို အကောင်အထည် ဖော်လာတာဟာ အမှားတခုလို့ ဒေါက်တာအေးမောင် က ပြောပါတယ်။
“ကျနော်တို့ မပွင့်လင်းခဲ့လို့သာ ဖြစ်သွားတာပေါ့။ ဥပမာဆိုပါတော့ အဲဒီတုန်းက စာမျက်နှာပေါင်း ၄၆၀ ကျော်လောက်ကို BANCA ကနေပြီးတော့ ထုတ်တယ်လို့ ပြောပါတယ်။ ဒါပေမဲ့ အဲဒါကို ဘယ်သူမှ မဖတ်ရဘူးလေ။ အဲဒီ BANCA က ထုတ်တာကို အဲဒီက ပုဂ္ဂိုလ်တယောက် သူရှင်းတာက အဲဒီ အစီရင်ခံစာကို လူထုသိအောင် ကြေညာမယ် လုပ်တဲ့အခါလည်း တရုတ်ကုမ္ပဏီပေါ့နော်၊ သူတို့က အဲဒီဟာကို လူထုသိအောင် ချမပြရဘူးတဲ့၊ သူတို့ကို ပိတ်ပင်တယ်တဲ့။ ဆိုတော့ သူတို့မှာလည်း ဒီတရုတ်မှာလည်း ဒီဥစ္စာဟာ မလုပ်သင့်ဘူးဆိုတဲ့ အထောက်အထားဟာ BANCA ရဲ့ အစီရင်ခံစာမှာ ရှိပါလိမ့်မယ်။ သူတို့ဖက်ကလည်း အမှားရှိမှာပဲလေ။ မလုပ်သင့်ဘူး ဆိုတာကို ဇွတ်လုပ်တာမျိုး ရှိတာပေါ့။”

တရုတ်စွမ်းအင် ကုမ္ပဏီ CPI ရဲ့ ဥက္ကဋ္ဌကတော့ မြန်မာ့လျှပ်စစ်စွမ်းအင် ဝန်ကြီးဌာန အမှတ် (၁) နဲ့ ၂၀၀၆ ခုနှစ် ဒီဇင်ဘာလမှာ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့စဉ်ကစလို့ ၂ နိုင်ငံ ဥပဒေတွေ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ စီမံကိန်းကို ဆောင်ရွက်နေတာ ဖြစ်တဲ့အကြောင်း ပြောဆိုခဲ့တာပါ။ ဒါပေမဲ့လည်း စီမံကိန်း စတင်အကောင်အထည် ဖော်ချိန်မှာ ဆောက်လုပ်ရေး လုပ်ငန်းအပြင်၊ တခြားစီးပွားရေး အကျိုးအမြတ်တွေကို ရယူခဲ့တာတွေလည်း ရှိခဲ့တယ်ဆိုပြီး အတည်မပြုနိုင်တဲ့ သတင်းတွေ ထွက်ပေါ်နေတာမို့ ဒါတွေကိုပါ စစ်ဆေးဖို့ လိုနေပြီလို့ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင် ကပြောပါတယ်။
“ဒီပရောဂျက်ကြောင့် ရေဖုံးလွှမ်းနိုင်မယ့် ဧရိယာရှိတယ်။ Reservoir (ရေလှောင်ထားမယ့်) အထဲမှာ ရောက်သွားမှာက စတုရန်းမိုင် ၃၀၀ နီးပါးလောက်လို့ ကြားတယ်။ အဲဒီအတွင်းမှာ ရွှေသတ္ထု ထွက်တာတွေရှိတယ်။ ရွှေကျင်လို့ ရတာတွေရှိတယ်။ အဲဒီတော့ တရုတ်ကုမ္ပဏီတွေနဲ့ ပတ်သက်တဲ့ ပုဂ္ဂိုလ်တွေဟာ ညဆိုရင် မြေကြီးတွေကိုကျုံးပေါ့ဗျာ၊ ကားကြီးတွေ အစီး ၂၀၀၊ ၂၀၀ ကျော် လောက်မှာတင်၊ သစ်ပင်ကြီးတွေကိုလည်း တင်ပြီးကာမှ ညတွင်းချင်း မောင်းမောင်းပြီး တရုတ်နယ်စပ်ကို ယူတယ်လို့ ကြားတယ်။ အဲဒီကတဆင့် တရုတ်နယ်စပ် လိုင်ဇာမှာ ရွှေကျင်တဲ့အခါ ရွှေ ၄ တန်လောက်တောင် ရတယ်လို့လည်း ကျနော်တို့ သတင်းတွေ တချို့က ကြားနေရတယ်ပေါ့။ ယုံကြည်လောက်တဲ့ အထောက်အထားကတော့ ပြန်လည် စိစစ်ပေးရမှာပေါ့နော်။ ဆိုတော့ ဒီမြေကြီးတွေဗျာ၊ စီမံကိန်းကို လုပ်တဲ့အခါမှာ ဒီနေရာ ရွှေထွက်တာပဲလေ၊ အဲဒါမျိုး ရတာအကုန်ယူတဲ့ ဟာမျိုးလည်း တရုတ်ကုမ္ပဏီတွေမှာ ရှိခဲ့ကောင်း ရှိခဲ့လိမ့်မယ်။ ဒါပြန်စိစစ်ဖို့ လိုပါလိမ့်မယ်။”

မြစ်ဆုံ ရေအားလျှပ်စစ်ဓာတ် ထုတ်လုပ်ရေး စီမံကိန်းကို အုတ်မြစ်ချတဲ့အချိန်ကစလို့ ငွေကြေး အမြောက်အများ ထည့်ဝင်သုံးစွဲ ထားတာမို့ ဒါကိုသာ ဆိုင်းငံ့ရမယ်ဆိုရင် ဆုံးရှုံးမှုတွေဟာ တိုက်ရိုက်ရင်းနှီးမြုပ်နှံမှုတွေ၊ တခြားငွေကုန်ကြေးကျခံ သုံးစွဲနေတဲ့ နေရာတွေမှာပါ ဆုံးရှုံးမှုတွေ ရှိနိုင်တယ်လို့လည်း CPI ဥက္ကဋ္ဌက သတိပေးထားတာ ဖြစ်ပါတယ်။ သမ္မတရဲ့ ကြေညာချက်ကြောင့် နောက်ဆက်တွဲ ဥပဒေအရ အကျိုးဆက်တွေကို ရင်ဆိုင်ရလိမ့်မယ်လို့လည်း ပြောခဲ့တာပါ။ ဒီလိုသာ တရုတ်စီးပွားရေး လုပ်ငန်းတွေရဲ့ ဖိအားတွေ ရှိလာမယ် ဆိုရင်တော့ မြန်မာ့စီးပွားရေးမှာ ခြိမ်းခြောက်မှုတွေ ဖြစ်လာနိုင်တယ်လို့ The Economist မဂ္ဂဇင်းရဲ့ စီးပွားရေး ဆန်းစစ်သူ ဒန်နီ ရစ်ချက် ကသုံးသပ်ပါတယ်။
“နောက်ဆုံးမှာတော့ ဒီစီမံကိန်းကို အကောင်အထည်ဖော်ဖို့ ဥပဒေအရ တာဝန်ရှိတယ်ဆိုတာကို မြန်မာအစိုးရ အနေနဲ့ လက်ခံလိုက်ရတာမျိုး ဖြစ်နိုင်ပါတယ်။ စီမံကိန်းကို လုံး၀ ပယ်ဖျက်လိုက်ဖို့ ဆုံးဖြတ်မယ် ဆိုရင်တော့ မြန်မာအာဏာပိုင်တွေဟာ ဥပဒေကြောင်းအရ လိုက်နာရမယ့် တာဝန်တွေကို ပျက်ကွက်တယ်လို့ ယုံကြည်ကြပြီး၊ တရုတ်နဲ့ တခြားနိုင်ငံခြား ရင်းနှီးမြုပ်နှံသူတွေ အနေနဲ့ တချို့စီမံကိန်းတွေကို ပြန်ရုပ်သိမ်းတာမျိုးအထိ ဖြစ်နိုင်တဲ့ အလားအလာတွေကို တွေ့လာရမှာပါ။”

တကယ်တော့ စီမံကိန်းလုပ်ငန်းတွေဟာလည်း စတင်နေပြီဖြစ်သလို တခြားတရုတ်နိုင်ငံက ရင်းနှီးမြုပ်နှံမှုတွေလည်း မြန်မာနိုင်ငံတွင်း ရှိနေတာကြောင့် ဖျက်သိမ်းဖု့ိကိစ္စဟာ သိပ်လွယ်မယ်တော့ မထင်ဘူးလို့လည်း သူက ပြောပါတယ်။ ဒါပေမဲ့လည်း လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ အေးမောင် ကတော့ ပြဿနာကို တရုတ်ကုမ္ပဏီ အနေနဲ့ စီးပွားရေးအမြင် တခုတည်းနဲ့ ကြည့်လို့ မဖြစ်နိုင်ဘူးလို့ မြင်ပါတယ်။ အထူးသဖြင့်ကတော့ မြန်မာနိုင်ငံသားတွေ အကြီးအကျယ် ကန့်ကွက်ခဲ့တဲ့ စီမံကိန်းတခု အနေနဲ့ အစိုးရက ဆုံးဖြတ်ခဲ့ရတဲ့ အခြေအနေတွေကိုလည်း ထည့်သွင်းစဉ်းစားဖို့ လိုမယ်လို့ ပြောခဲ့တာပါ။
“ကျနော်တို့ ပရောဂျက်တခု လုပ်တယ်ဆိုရင် ဒါနဲ့ပတ်သက်လို့ လုပ်သင့်မလုပ်သင့်ကို ချိန်ဆတဲ့ အပိုင်းရှိလိမ့်မယ်၊ အကောင်အထည်ဖော်တဲ့ အပိုင်းရှိလိမ့်မယ်၊ စာချုပ်စာတမ်းအပိုင်း ရှိလိမ့်မယ်။ ဆိုတော့ သူတို့ချုပ်ခဲ့တဲ့ ကာလက စနစ်တခုအောက်မှာ ချုပ်ခဲ့တာရှိတယ်။ အဲဒီစနစ်တခုကို ကာကွယ်ရမယ့်ဟာဆိုပြီး ဖွဲ့စည်းပုံမှာ ပါလာတာရှိမယ်။ ဒါပေမဲ့ အခုဒီမိုကရေစီနဲ့ သွားချင်တဲ့ အစိုးရလက်ထက် ကျတဲ့အခါ ပြည်သူတွေရဲ့ အသံကို နားထောင်လိုက်ရပြီလေ။ ပြည်သူ့အသံကို နားထောင်လာရတဲ့ ကာလမျိုးမှာ အဲဒီစာချုပ်ကို ပြန်ချိန်ဆတာပေါ့။ အဲဒီတော့ ချိန်ဆလို့ မလုပ်သင့်ဘူး ဆိုတဲ့အခါမှာ စာချုပ်စာတမ်းကို ဖျက်ကောင်း ဖျက်ရလိမ့်မယ်လေ။ ဒီဥစ္စာကို ဖျက်တဲ့လူကလည်း အဖျက်ခံရတဲ့ ကိစ္စကို ပြန်စိစစ်ဖို့ လိုတာပေါ့။”

တရုတ်နဲ့ မြန်မာနိုင်ငံကြား စီးပွားရေး ဆက်ဆံမှုတွေ တနှစ်ထက်တနှစ် ကြီးထွားလာနေချိန်မှာပဲ အခုလို အချေအတင် ဖြစ်စရာ ပြဿနာကြုံလာရတာပါ။ တရုတ်အစိုးရက ထုတ်ပြန်ထားတဲ့ ကိန်းဂဏန်းတွေအရ ၂ နိုင်ငံကြား ကုန်သွယ်မှု ပမာဏဟာ ဆိုရင် ပြီးခဲ့တဲ့နှစ်အတွင်း ၂ ဆတိုးလာပြီး ဒေါ်လာသန်းပေါင်း ၄,၄၀၀ အထိ ရှိခဲ့တာ ဖြစ်ပါတယ်။ ဒီလိုပဲ မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံကြတဲ့ ပြည်ပနိုင်ငံတွေထဲမှာ ဆိုရင်လည်း အများဆုံးအဖြစ်နဲ့ တရုတ်လုပ်ငန်းတွေရဲ့ ရင်းနှီးမြုပ်နှံမှု ပမာဏဟာ ဒေါ်လာသန်းပေါင်း ၁၂,၃၀၀ အထိ ရှိနေပြီး အများစုကတော့ မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံကို သွယ်တန်းနေတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်း ၂ ခု တည်ဆောက်ရေး လုပ်ငန်းတွေမှာ ဖြစ်တဲ့အကြောင်း တင်ပြရင်းနဲ့ ဒီသီတင်းပတ်ရဲ့ စီးပွားရေးကဏ္ဍကို ရပ်နားပါရစေ။

XS
SM
MD
LG