ပဲခူးမြို့က နှစ်ပေါင်း ၁၀၀ ကျော်ရှိတဲ့ အစ္စလာမ်သုဿန်တခုကို ဒေသခံအာဏာပိုင်တွေဘက်က ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၆ ရက်နေ့က စတင် ဖြိုဖျက်တာတွေ လုပ်ခဲ့ပါတယ်။ အခုလိုလုပ်ဆောင်တာနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးက ဒေသခံ အာဏာပိုင်တွေဆီကို ကန့်ကွက်စာတင်ထားပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး စုံစမ်းမေးမြန်းထားတဲ့ ကိုရန်နိုင်က တင်ပြထားပါတယ်။
ပဲခူးမြို့၊ မြို့သစ် (၈) ရပ်ကွက် ရန်ကုန်-မန္တလေး ကားလမ်းဘေးမှာ အာဏာပိုင်တွေဘက်က ဖြိုဖျက်တာတွေ စတင်လုပ်ဆောင်နေတဲ့ မူစလင် ရှေးဟောင်း သုဿန်ဟောင်းဟာ နှစ်ပေါင်း ၁၀၀ ကျော်ကတည်းက တည်ရှိလာခဲ့တဲ့ သမိုင်းဝင်နယ်မြေဖြစ်ပြီးတော့ အစ္စလာမ်ဘာသာဝင်တွေ အတွက် အထွဋ်အမြတ်ထားရာ နေရာဖြစ်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေး အဖွဲ့ကြီးက တာဝန်ရှိသူတဦးက ပြောကြားလိုက်ပါတယ်။
“အစ္စလာမ်ဘာသာဝင်တွေရဲ့ သုဿန်ကတော့ အဲဒီမှာရှိတဲ့ မြှုပ်နှံထားတဲ့ပုဂ္ဂိုလ်တွေကို ကျနော်တို့က မေတ္တာ သွားပို့ရပါတယ်။ တပတ်တခါ သွားပို့ရတယ်။ အဲဒီဟာကို ကျနော်တို့ ထိန်းသိမ်းစောင့်ရှောက်ရတယ်။ အဲဒါကို ဖျက်ဆီးပစ်လို့မရဘူး။ အဲဒါကြောင့် ကျနော်တို့ အဲဒီလိုနေရာကို အမြတ်တနိုးထားတာလေ။ အထွဋ်အမြတ်ထားရာနေရာဆိုတော့ ဘာသာရေးအတွက် ကျနော်တို့အတွက် အရေးပါတာပေါ့လေ။”
ဒီသုဿန်အတွင်းမှာ အစ္စလာမ်ဘာသာဝင်တွေ ဝတ်ပြုဖို့အတွက် ပလီတခုနဲ့ မူစလင် ကလေးသူငယ်တွေအတွက် ဘာသာရေးကျောင်း တစ်ကျောင်းပါရှိတယ်လို့ သိရပါတယ်။ ဒါပေမဲ့ ၁၉၈၇ ခုနှစ် ဧပြီလ ၂၂ ရက်နေ့ကစပြီး ဒီသုဿန်မှာ မြေမြုပ်သဂြိၤုဟ်တာတွေ မလုပ်ဖို့ အာဏာပိုင်တွေဘက်က တားမြစ်ခဲ့ပြီးတော့ ၂၀၀၅ ခုနှစ်နောက်ပိုင်းမှာ မြန်မာစစ်အစိုးရ အာဏာပိုင်တွေဘက်က ဘာသာရေး ပွဲတော်တွေကိုပါ မလုပ်ရတော့ဘူးလို့ တားမြစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လကတော့ သုဿန်သော့တွေကို ပေးအပ်ဖို့ အာဏာပိုင်တွေဘက်က တောင်းဆိုခဲ့ပေမဲ့ သုဿန်တာဝန်ရှိသူတွေဘက်က သော့တွေကို မပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အာဏာပိုင်တွေ အခုလိုမျိး အာဏာပိုင်တွေဘက် သုဿန်ကို ဖြိုဖျက်ခဲ့တာနဲ့ ပတ်သက်ပြီးတော့ ဒေသအာဏာပိုင်တွေဆီကို စာရေးသားပေးပို့ပြီး ကန့်ကွက် ထားတယ်လို့ ဆိုပါတယ်။
“ဘာသာရေးအဖွဲ့တွေက စာတော့တင်ထားတာ မှန်တယ်။ စာတော့တင်ထားတယ်။ ပဲခူးတိုင်းမှူးဆီကို တင်တဲ့စာပေါ့။ စာတော့တင်ထားတယ်။”
အစ္စလာမ်ဘာသာရေး အဖွဲ့ကြီးက အခုလိုမျိုး ဒေသခံအာဏာပိုင်တွေဆီကို စာရေးသား တောင်းဆိုလိုက်ထားပေမဲ့လည်း သုဿန်ဖြိုဖျက်တာတွေကတော့ ရပ်တန့်သွားခြင်းမရှိသေးဘဲ နောက်ဆုံးဖြစ်နေတဲ့ အခြေအနေကို ပဲခူးဒေသခံတဦးက အခုလို ပြောပါတယ်။
“နောက်ဆုံးအခြေအနေက မနေ့က သူတို့ စက်တူးတဲ့ယန္တယားက ပျက်သွားတယ်။ ပျက်သွားတော့ သူတို့ အသစ်တစီးတင်မယ်။ ကျနော်တို့ နောက်ဆုံးသိရသလောက်တော့ သူတို့ဘက်က ရပ်တယ်ဆိုတဲ့ အရိပ်အယောင်တော့ မပြသေးဘူး။ သူတို့က ဆက်ပြီး လုပ်သွားမယ်။ မြေတူးစက်နဲ့ သူတို့က အုတ်တံတိုင်းကို တွန်းပြီးဖြိုချတယ်။ ဖြိုချပြီးတော့ ရှိတဲ့အပင်တွေနဲ့ မြေကြီးတွေကို စက်နဲ့ထိုးပြီးရှင်းတာ။ ရှင်းပြီးတော့ အတွင်းပိုင်းကို သူတို့အတွက် လမ်းအူကြောင်း ဖော်နေတာပေါ့။”
ပဲခူးမြို့ ဒေသခံတဦး ပြောပြသွားတာပါ။ အစ္စလာမ်ဘာသာဝင်တွေရဲ့ အထွဋ်အမြတ်ထားရာ သုဿန်ကို ဖျက်ခဲ့တာနဲ့ ပတ်သက်ပြီးတော့ အစ္စလာမ်ဘာသာဝင်တွေကြားမှာ ဒေါသထွက်နေကြတယ်လို့ သိရပါတယ်။