သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာကြွေးမြီ ဂျပန် လျှော်ပေး


မြန်မာပြည်က ဒီမိုကရေစီနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကို ထောက်ခံပံ့ပိုးတဲ့အနေနဲ့ မြန်မာနိုင်ငံကို ဂျပန်က ပေးအပ်နေတဲ့ ပင်လယ်ရပ်ခြား ဖွံ့ဖြိုးရေး အကူအညီ ODA ကို အပြည့်အ၀ ပြန်ပေးသွားမှာဖြစ်သလို မြန်မာနိုင်ငံကနေ ဂျပန်နိုင်ငံအပေါ်မှာ တင်ရှိနေတဲ့ အကြွေးတွေကိုလည်း လျှော်ပေးမှာ ဖြစ်တယ်လို့ ဂျပန်နိုင်ငံက တရားဝင် ပြောဆိုလိုက်ပါတယ်။ ဂျပန် နဲ့ မြန်မာ နှစ်နိုင်ငံ ခေါင်းဆောင်တွေ တွေ့ဆုံခဲ့ကြပြီးတဲ့နောက် ဂျပန်ဘက်က အခုလို ပြောခဲ့တာပါ။ အပြည့်အစုံကို မနန္ဒာချမ်း က တင်ပြထားပါတယ်။

မြန်မာနိုင်ငံရဲ့ အပြောင်းအလဲတွေကို ထောက်ခံပံ့ပိုးတဲ့အနေနဲ့ မြန်မာနိုင်ငံကနေ ဂျပန်နိုင်ငံအပေါ် တင်ရှိနေတဲ့ လက်ရှိ ကြွေးမြီ ဂျပန်ယန်းငွေ သန်းပေါင်း ၃ သိန်းကျော်၊ အမေရိကန်ဒေါ်လာနဲ့ဆိုရင် သန်းပေါင်း ၃ ထောင် ၇ ရာ လျှော်ပေးရမှာဖြစ်ပြီး မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရင်က ပေးအပ်နေတဲ့ ODA အကူအညီတွေကိုလည်း အပြည့်အ၀ ပြန်ပြီး ပေးသွားမှာ ဖြစ်တယ်လို့ ဂျပန်နိုင်ငံကနေ စနေနေ့က ကြေညာခဲ့တာပါ။

လက်ရှိ ဂျပန်နိုင်ငံမှာ ကျင်းပနေတဲ့ မဲခေါင်မြစ်ဝှမ်းဒေသ ၅ နိုင်ငံခေါင်းဆောင်တွေရဲ့ ညီလာခံကို တက်ရောက်လာတဲ့ မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ ဂျပန်ဝန်ကြီးချုပ် ယိုရှိဟိကို နိုဒ (Yoshihiko Noda) တို့ စနေနေ့က သီးခြား တွေ့ဆုံခဲ့ကြပြီးနောက် ဂျပန်ဝန်ကြီးချုပ် နိုဒ က အခုလို ကြေညာခဲ့တာပါ။

“မြန်မာနိုင်ငံက အပြောင်းအလဲတွေဟာ တဖြည်းဖြည်းနဲ့ ရှေ့ကို တက်လှမ်းနေပါတယ်။ ဒီမိုကရေစီစနစ် ဖော်ဆောင်ရာမှာလည်း အရေးပါတဲ့အဆင့်ကို နီးကပ်လာနေချိန်မှာ ဂျပန်နိုင်ငံအနေနဲ့ မြန်မာအစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းမှုတွေကို ဒီ့ထက် ပိုပြီး အားပေး ထောက်ခံသွားမှာ ဖြစ်ပါတယ်။ ဒီလိုအခြေအနေတွေကြောင့်မို့လည်း ဂျပန်နိုင်ငံကနေ မြန်မာနိုင်ငံအပေါ် အကူအညီတွေ ပေးအပ်သွားမှာဖြစ်တယ်လို့ ကတိပေးထားပြီး မြန်မာပြည်သူတွေ အနေနဲ့လည်း ဒီပြုပြင်ပြောင်းလဲရေး အသီးအပွင့်ကို ခံစားရမှာဖြစ်ပါတယ်။”

ဂျပန်ဟာ မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုတွေ ချမှတ်ထားတဲ့ နိုင်ငံမဟုတ်ပေမဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ချမှတ်ခဲ့တဲ့ ၂၀၀၃ ခုနှစ်မှာပဲ မြန်မာနိုင်ငံအပေါ် ပေးအပ်နေတဲ့ အကူအညီတွေကို ဂျပန်အစိုးရက ဖြတ်တောက်ခဲ့တာပါ။ တကယ်တော့ မြန်မာနိုင်ငံကို ၂၀၀၃ ခုနှစ်အထိ အဓိက ထောက်ပံ့ကူညီနေခဲ့တာ ဂျပန်နိုင်ငံက ဖြစ်ပါတယ်။

ဒါကြောင့်လည်း ဂျပန်ဝန်ကြီးချုပ် နိုဒ ရဲ့ အခုလို ကြေညာချက်အပေါ် မြန်မာသမ္မတ ဦးသိန်းစိန်က မြန်မာပြည်သူတွေကိုယ်စား ကျေးဇူးတင်ကြောင်း အခုလို တုံ့ပြန်သွားပါတယ်။

“မြန်မာနိုင်ငံက ပြန်လည် ပေးဆပ်ရမယ့် ကြွေးမြီကိစ္စများ ဖြေရှင်းနိုင်ဖို့အတွက် နှစ်ဘက် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်နိုင်ဖို့နဲ့ နှစ်ဦးနှစ်ဘက် အဆင်ပြေစွာနဲ့ ဖြေရှင်း ဆောင်ရွက်သွားနိုင်ဖို့ ဆောင်ရွက်ပေးတဲ့အတွက် ဂျပန်အစိုးရနဲ့ တာဝန်ရှိသူများ၊ ဂျပန်ပြည်သူများ အားလုံးကို မြန်မာပြည်သူများရဲ့ ကိုယ်စား များစွာ ကျေးဇူးတင်ရှိပါကြောင်း ပြောကြား လိုပါတယ်။ အဲဒီလို ကြွေးမြီကိစ္စ ဖြေရှင်းနိုင်ရေး စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုများနဲ့ အကူအညီပေးမှုများ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြုပြင်ပြောင်းလဲမှုများ အတွက် မြန်မာပြည်သူများရဲ့ ကြိုးပမ်းမှုများအပေါ်မှာ လွန်စွာ အထောက်အကူ ပြုစေမှာ ဖြစ်ပါတယ်။”

ဒါ့အပြင် သမ္မတ ဦးသိန်းစိန် က ဂျပန်နိုင်ငံကို ရောက်ရောက်ချင်းမှာပဲ ဂျပန်စီးပွားရေးထိပ်တန်း တာဝန်ရှိသူတွေနဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေကို မြန်မာနိုင်ငံမှာ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေ လာရောက် လုပ်ကိုင်ဖို့ကို ဖိတ်ခေါ်ခဲ့ပါတယ်။

ဒီလို မဖိတ်ခေါ်ခင် ပြီးခဲ့တဲ့ တပတ်ထဲမှာတုန်းကလည်း ဂျပန်စတော့အိတ်ချိန်း နဲ့ ဒေဝလုံခြုံရေးအဖွဲ့ကနေ လာမယ့် ၂၀၁၅ ခုနှစ် နောက်ဆုံးထားပြီး မြန်မာနိုင်ငံမှာ စတော့ဈေးကွက် တည်ဆောက်ရေး ကူညီသွားဖို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်နဲ့ သဘောတူညီမှု ရရှိခဲ့ပြီလို့ ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ စစ်အစိုးရအုပ်ချုပ်မှုကနေ အရပ်သားအစိုးရ အုပ်ချုပ်မှုစနစ်ကို ပြောင်းလဲခဲ့ပြီးနောက်ပိုင်း ဘယ်သူမှ မျှော်လင့်မထားတဲ့ အပြောင်းအလဲ တေ်ာတော်များများကို ဦးသိန်းစိန်အစိုးရက လုပ်ဆောင်ခဲ့တဲ့အတွက် အံ့အားသင့်ခဲ့ကြတာပါ။ ထင်ရှားတဲ့ နိုင်ငံရေးအကျဉ်းသား တော်တော်များများ ပြန်လွှတ်ပေးခဲ့တာ၊ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် သူ့ပါတီ NLD ကို လွှတ်တော်ထဲ ဝင်ရောက်ခွင့် ပြုခဲ့တာမျိုးလို နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကို သမ္မတ ဦးသိန်းစိန် အစိုးရက တက်လာပြီး ၁ နှစ်အတွင်းမှာ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

ဒီလို လုပ်ဆောင်ချက်တွေကြောင့်လည်း မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ အရေးယူဒဏ်ခတ်ပိတ်ဆို့မှု တချို့ကို အမေရိကန် အပါအဝင် အနောက် အင်အားကြီးနိုင်ငံတွေက မကြာသေးခင်ကပဲ လျှော့ပေါ့ပေးခဲ့သလို အခုနောက်ဆုံး ဂျပန်နိုင်ငံကလည်း မြန်မာပြည်က တင်နေတဲ့ ကြွေးမြီတွေကို လျှော်ပေးတာ အပြင် ဖွံ့ဖြိုးရေးအကူအညီတွေကို ပြန်ပေးသွားမှာ ဖြစ်တယ်လို့ ကြေညာခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG