မြန်မာတာဝန်ရှိသူတွေနဲ့ စကားပြောတဲ့အခါ နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက်တရပ် ရရှိရေးအတွက် ဆွေးနွေးဖို့ အကြံပြုမယ်လို့ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ဂျပန် နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။ နှစ်နိုင်ငံကြား အပြန်အလှန် ရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်ပြီး ကုန်သွယ်ရေးဆိုင်ရာ အငြင်းပွားမှုတွေကို နိုင်ငံတကာ မူတွေအရ ဖြေရှင်းနိုင်ဖို့ ဒီသဘောတူညီချက်က ရည်ရွယ်ပါတယ်။
ကိုအီချီရို ဂမ်ဘာ (Koichiro Gamba) ဟာ ဂျပန်နိုင်ငံကနေ တနင်္ဂနွေနေ့က ထွက်ခွာသွားခဲ့ပြီး အခု မြန်မာနိုင်ငံကို ရောက်နေပါပြီ။ ဂမ်ဘာ ဟာ သမ္မတ ဦးသိန်းစိန်နဲ့ ထိပ်တန်း မြန်မာ တာဝန်ရှိသူတွေကို တွေ့ဖို့ရှိပါတယ်။ ဒီနေ့ တနင်္လာနေ့ ညနေ ၅ နာရီခွဲမှာ ဂျပန် နိုင်ငံခြားရေးဝန်ကြီးက အိမ်ကိုလာရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ ရှိတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုံး တာဝန်ရှိသူတစ်ဦးက ဗွီအိုအေကို ပြောပါတယ်။
နိုင်ငံတကာက မြန်မာနိုင်ငံနဲ့ ပြန်လည် ဆက်ဆံဖို့ ကြိုးစားလာတဲ့ အစိတ်အပိုင်းတရပ်အဖြစ် ဂျပန်နိုင်ငံက မြန်မာနိုင်ငံကို နိုင်ငံတကာ အကူအညီတွေ ပြန်လည်ပေးအပ်ဖို့ စဉ်းစားနေတဲ့အချိန်မှာ ခုလို ဂျပန် နိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီးစဉ်က ဖြစ်လာခဲ့တာပါ။ သူ့ရဲ့ ခရီးစဉ်ဟာ ၂၀၀၂ ခုနှစ်ကတည်းကဆိုရင် ဂျပန် နိုင်ငံခြားရေးဝန်ကြီးတစ်ယောက်အတွက် ပထမဆုံး မြန်မာနိုင်ငံကို သွားရောက်တဲ့ခရီး ဖြစ်ပါတယ်။
တခြား အနောက်နိုင်ငံတွေလို မဟုတ်ဘဲ ဂျပန်နိုင်ငံဟာ မြန်မာနိုင်ငံနဲ့ ကုန်သွယ်ခဲ့သလို ဆွေးနွေး ပြောဆိုခဲ့တာတွေလည်း ပြီးခဲ့တဲ့ဆယ်စုနှစ်တွေအတွင်း ရှိခဲ့ပါတယ်။ သဘောထား တင်းမာတဲ့ ချဉ်းကပ်ပုံကြောင့် မြန်မာနိုင်ငံဟာ တရုတ် နဲ့ ပိုနီးသွားလိမ့်မယ်လို့ သတိပေးခဲ့တဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။ လူသားချင်း စာနာထောက်ထားရေးနဲ့ အရေးပေါ် အကူအညီတွေကို ဂျပန်က ဆက်လက် ပံ့ပိုးခဲ့ပေမဲ့ စီးပွားရေး အကူအညီတွေကိုတော့ ၂၀၀၃ ခုနှစ် ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်း လိုက်ကတည်းက ရပ်ဆိုင်းခဲ့တာပါ။
အနောက်နိုင်ငံတွေက ပိတ်ဆို့ အရေးယူထားတာတွေ ရုပ်သိမ်းပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာဖို့ အတွက် သမ္မတ ဦးသိန်းစိန်ဟာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကို ဆက်တိုက် လုပ်လာခဲ့ပြီးတဲ့နောက် အနောက်နိုင်ငံတွေနဲ့ ဂျပန်နိုင်ငံတို့ကလည်း မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးကို ပြန်လည် သုံးသပ်ခဲ့ကြတာ ဖြစ်ပါတယ်။