သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာကို ဂျပန် ဖွံ့ဖြိုးမှု အကူအညီ ပြန်ပေးတော့မည်


မြန်မာကို ဂျပန် ဖွံ့ဖြိုးမှု အကူအညီ ပြန်ပေးတော့မည်
မြန်မာကို ဂျပန် ဖွံ့ဖြိုးမှု အကူအညီ ပြန်ပေးတော့မည်

လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် ရပ်ဆိုင်းထားတဲ့ ဖွံ့ဖြိုးတိုးတက်ရေး အကူအညီ Oversea Development Assistance (ODA) ကို မြန်မာအစိုးရကို ပြန်ပေးဖို့ ဂျပန်အစိုးရက စီစဉ်နေပါတယ်။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ် ထိန်းသိမ်းလိုက်တဲ့ ၂၀၀၃ ခုနှစ်ကနဲ့ ၂၀၀၇ ခုနှစ် စက်တင်ဘာ သံဃာ့လှုပ်ရှားမှုကို မြန်မာ စစ်အစိုးရက အကြမ်းဖက် နှိမ်နင်း ပြီးတဲ့နောက်မှာ ဖွံ့ဖြိုးရေး အကူအညီတွေ ပေးနေတာကို ဂျပန်ဘက်က ရပ်ဆိုင်းခဲ့တာပါ။ ဖွံ့ဖြိုးတိုးတက်ရေး အကူအညီကို ဒီအချိန်မှာ ပြန်ပေးဖို့အတွက် မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး အခြေအနေက တိုးတက် ကောင်းမွန်လာပြီလား ဆိုတာကိုတော့ မသိင်္ဂီထိုက်က စုစည်း တင်ပြထားပါတယ်။

မြန်မာ အစိုးရသစ် လက်ထက်မှာ လူ့အခွင့်အရေး အခြေအနေ ထူးထူးခြားခြား တိုးတက်လာတာ မရှိသေးတဲ့အတွက် ဂျပန် အစိုးရအနေနဲ့ ဖွံ့ဖြိုးရေး အကူအညီတွေကို ပေးဖို့ အချိန်စောလွန်းတယ်ဆိုပြီး ကန့်ကွက်မှုတွေ ရှိသလို တဘက်ကလည်း မြန်မာအစိုးရသစ်ဟာ ပြုပြင် ပြောင်းလဲရေး လမ်းကြောင်းပေါ်ကို ရောက်လာပြီ ဖြစ်လို့ အကူအညီတွေ ပြန်ပေးဖို့ အချိန်ရောက်ပါပြီလို့ ပြောဆိုသူတွေလည်း ရှိပါတယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းထိန်ကတော့ ဂျပန်ရဲ့ ဖွံ့ဖြိုးတိုးတက်ရေး အကူအညီတွေနဲ့ ပတ်သက်ပြီး အခုလို ပြောဆိုပါတယ်။

“မြန်မာပြည်မှာ လူ့အခွင့်အရေး ချိုးဖောက်တယ်ဆိုပြီးတော့ သူတို့က ထိန်းထိန်းသိမ်းသိမ်း နေ နေတဲ့အချိန်မှာ မြန်မာအစိုးရ ပေါ်လစီအရ သူတို့က ဘယ်လိုမှပေးလို့ မရဘူး။ အခုကျတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန်နဲ့ တွေ့တဲ့အချိန်မှာ မူတည်ပြီးတော့မှ သူတို့ကလည်း အနေအထားအရ ပေးတော့မယ်လို့ ဆုံးဖြတ်တဲ့အခါမှာတော့ ပေးမယ့်သူကဆုံးဖြတ်တာကို ကျနော်တို့က မပေးသင့်ဘူးလို့တော့ မပြောကောင်းဘူးပေါ့။ သို့သော်လည်း ဘယ်လိုနည်းနဲ့ပေးမယ်၊ ဘယ်သူတွေ ပေးမယ် ဆိုတာတွေကိုတော့ ကျနော်တို့က စောင့်ကြည့်ရမယ်။ ဒီအချိန်ကျမှ ပေးတယ်ဆိုတာက သူတို့ လူ့အခွင့်အရေး အရတော့ ထူးထူးခြားခြား တိုးတက်လာတာတော့ မရှိသေးဘူး။ သို့သော်လည်း တိုးတက်လာစရာ အကြောင်းတွေတော့ အလားအလာတွေ မြင်နေရပါပြီ။”

ဒါ့အပြင် မြန်မာ့ စီးပွားရေး ပြုပြင်ပြောင်းလဲရေး ကာလအတွင်း အခု ဂျပန်က ပြန်ပေးမယ့် ဖွံ့ဖြိုးတိုးတက်မှု အကူအညီတွေက အထောက်အကူ ဖြစ်နိုင်ပါတယ်ဆိုပြီးလည်း သူက ထောက်ပြပါတယ်။

ဒါပေမဲ့ ပြည်ပရောက် နိုင်ငံရေး အတိုက်အခံ အင်အားစု တချို့ကတော့ ဖွံ့ဖြိုးရေး အကူအညီတွေ ပြန်ပေးဖို့ လူ့အခွင့်အရေး အခြေအနေ တိုးတက်မှု ရှိတဲ့အချိန်အထိ ဂျပန် အစိုးရအနေနဲ့ စောင့်ဆိုင်းသင့်တယ်ဆိုပြီး ပြောဆိုကြပါတယ်။ ဂျပန် အခြေစိုက် မြန်မာ့အရေး လှုပ်ရှားသူ ကိုဘုန်းမြင့်ထွန်းကတော့ သူ့သဘောထားကို အခုလို ပြောပါတယ်။

“မြန်မာပြည်ဟာ မပြောင်းလဲသေးဘူးပေါ့နော်။ ဥပမာ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်တယ် ဆိုတာကလည်း ပြောပလောက်တဲ့ အနေအထား မရှိဘူး။ ၁၀ ရာခိုင်နှုန်းလောက်ပဲ ပါတယ်။ တကယ့် တကယ် မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားက ၂,၀၀၀ ကျော် ရှိတယ်။ အခု လွတ်လာတာက ၂၀၀ ကျော်ပဲ ရှိတယ်။ အဲဒီတော့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ရမယ်။ ပြီးတော့ ODA နဲ့ပတ်သက်ပြီးတော့ လေ့လာစုံစမ်းချက်တွေ ရှိရမယ်။ တကယ်ပဲ အောက်ခြေကို သွားသလား မသွားဘူးလားဆိုတာတွေကို ကောင်တာလိုက်ခွင့် ရှိရမယ်။ နောက်ပြီးတော့ ဒီဟာတွေကို စောင့်ကြည့်လေ့လာတာတွေ ရှိရမယ်။ အဲဒါမျိုး အနေအထားတွေ ရှိတဲ့အခါကျတော့မှ အကူအညီတွေကို ချပေးပါ။ တိုင်းပြည်က မပြောင်းလဲဘဲနဲ့ ODA ပေးမယ်ဆိုလို့ရှိရင် သူတို့ရဲ့ အစိုးရထဲမှာပဲ ခြစားမှုတွေနဲ့ လာဘ်စားမှုတွေနဲ့ပဲ အဲဒီအခွင့်အရေးက ကုန်သွားပြီးတော့ တကယ့်တကယ် မြန်မာ နိုင်ငံသူနိုင်ငံသားတွေနဲ့ ပတ်သက်တဲ့ ဒုက္ခရောက်နေတဲ့ နေရာဒေသတွေကို ရောက်ဖို့ဆိုရင် အင်မတန်မှ နည်းနည်းပါးပါးပဲ ရောက်တယ်ဆိုတာကို ကျနော်တို့ကိုယ်တိုင် လေ့လာဆန်းစစ် တွေ့ရှိချက်တွေနဲ့ ကျနော်တို့က ထောက်ပြထားတယ်ခင်ဗျ။ ထောက်ပြ ပြောဆိုထားတယ်။”

အမျိုးသား ဒီမိုကရေစီအင်အားစု ပါတီ (NDF) ရဲ့ ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ဦးခင်မောင်ဆွေကတော့ မြန်မာအစိုးရဟာ ပြုပြင် ပြောင်းလဲရေး လမ်းကြောင်းပေါ်ကို ရောက်နေပြီ ဖြစ်တဲ့အတွက် နိုင်ငံတကာက အထောက်အပံ့တွေ ပေးကြဖို့ အချိန်ရောက်နေပြီလို့ ပြောဆိုပါတယ်။

“ချို့ယွင်းတာတွေ၊ ချွတ်ချော်တာတွေ၊ ကြားထဲက ဖြတ်စားလာဘ်စား လုပ်တယ် ဆိုတာတွေက မြန်မာနိုင်ငံကို ပေးတဲ့ အကူအညီတွေတင် မဟုတ်ပါဘူး။ NGO တွေကို ပေးနေတဲ့ လူတွေကြားထဲမှာတောင်မှ ဖြတ်စား လာဘ်စားတွေ ရှိနေတာကတော့ ကမ္ဘာကြီးအနှံ့မှာ အကုန် လက်တွေ့ပါပဲခင်ဗျာ။ ကြောင့်ကြပြီးတော့ မပေးပါနဲ့တို့၊ ကြောင့်ကြပြီးတော့ မဖြစ်နိုင်ပါဘူးတို့ ဆိုတာတွေက ခေတ်ဟောင်းကိုသွားနေတဲ့ အနေအထားမျိုး ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ ဒီမိုကရက်တစ် လူ့အဖွဲ့အစည်းဆီကို သွားဖို့ ခြေလှမ်းစနေတဲ့ အခါမျိုးမှာ ဟိုးတုန်းက ခေတ်ဟောင်း အတွေးအခေါ်တွေ၊ လွန်ခဲ့တဲ့ နှစ် ၂၀ စစ်အုပ်ချုပ်ရေး ကာလ အောက်မှာ ရှိခဲ့တဲ့ စိတ်ကူးစိတ်သန်းတွေနဲ့ အနေအထားတွေနဲ့ စဉ်းစားမယ်ဆိုလို့ရှိရင်တော့ ခေတ်နဲ့အမီ မလိုက်နိုင်တဲ့ အမြင်တွေ ဖြစ်တယ်လို့ပဲ ပြောရမှာပဲ။”

ဂျပန် နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ မြန်မာအစိုးရဟာ ဒီမိုကရေစီအရေး ရှေ့တိုး လုပ်ဆောင်လာတာနဲ့ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး လုပ်ငန်းတွေကို ကြိုဆို ထောက်ခံတယ်ဆိုပြီး ကြေညာချက် ထုတ်ပြန် ပြောဆိုပါတယ်။

ဒါ့အပြင် လာမယ့် ရက်ပိုင်းအတွင်း လာရောက်မယ့် မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်ရဲ့ ဂျပန်နိုင်ငံ ခရီးစဉ်အတွင်းမှာ ဂျပန်ရဲ့ ဖွံ့ဖြိုးရေး အကူအညီတွေနဲ့ နှစ်နိုင်ငံ ကုန်သွယ်ရေး ကိစ္စတွေ ဆွေးနွေးဖို့လည်း ရှိနေပါတယ်။

ဂျပန်ရောက် မြန်မာ့ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေကတော့ မြန်မာနိုင်ငံခြားရေး ဝန်ကြီးရဲ့ ဂျပန်နိုင်ငံ ခရီးစဉ်မှာ မြန်မာ့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ အရေးအတွက် ဆန္ဒပြ တောင်းဆိုမှုတွေ လုပ်ဆောင် သွားမယ်လို့ ပြောဆိုကြပါတယ်။

XS
SM
MD
LG