သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Ramon Magsaysay ဆုရှင် ဂျပန်လွှတ်တော်မှာ မြန်မာ့အရေးတင်ပြ


၂၀၁၀ ခုနှစ် Ramon Magsaysay ဆုရှင် ဒေါ်ဆိုင်းရော်
၂၀၁၀ ခုနှစ် Ramon Magsaysay ဆုရှင် ဒေါ်ဆိုင်းရော်

ဂျပန်လွှတ်တော်အမတ်များသမဂ္ဂ ဥက္ကဋ္ဌ နာဂါဆာဝါ မဆာဟာရူး ကနေ ဦးဆောင်ပြီး ဂျပန်နိုင်ငံရောက် မြန်မာတိုင်းရင်းသားများ စုပေါင်းဖွဲ့စည်းထားတဲ့ (Nonprofit Organization for Peace) အဖွဲ့တို့ကနေ ၂၀၁၀ ခုနှစ် Ramon Magsaysay ဆုရှင် ဒေါ်ဆိုင်းရော်ကို ဖိတ်ခေါ်ပြီးတော့ မြန်မာငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ စစ်ပြေးဒုက္ခသည်များ အရေးကိစ္စတွေကို ဂျပန်အောက်လွှတ်တော် အစည်းအဝေးခန်းမမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေသတင်းထောက် နိုင်ကွန်းအိန် က သတင်းပေးပို့ထားပါတယ်။

မြန်မာ့ငြိမ်းချမ်းရေးနှင့် တိုင်းရင်းသားအရေးကိစ္စတွေနဲ့ ပက်သက်ပြီး ဂျပန်လွှတ်တော်အမတ်များ သမဂ္ဂ ဥက္ကဋ္ဌ နာဂါဆာဝါ မဆာဟာရူးကနေ ၂၀၁၀ ခုနှစ် Ramon Magsaysay ဆုရှင် ဒေါ်ဆိုင်းရော်ကို ဖိတ်ခေါ်ပြီးတော့ သတင်းစာရှင်းလင်းပွဲတရပ်ကို နိုဝင်ဘာ ၁၇ ရက်နေ့က ဂျပန်အောက်လွှတ်တော် အစည်းအဝေးခန်းမမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ဒီသတင်းစာရှင်းလင်းပွဲမှာ ဒေါ်ဆိုင်းရော်က မြန်မာပြည် ငြိမ်းချမ်းရေး လုပ်ဆောင်မှုကိစ္စနဲ့ စစ်ပြေးဒုက္ခသည် အရေးကိစ္စတွေကို တင်ပြဆွေးနွေးသွားတယ်လို့ NOP Peace (Nonprofit Organization for Peace) အဖွဲ့ ဒါရိုက်တာ မိုင်းကျော်ဦးက အခုလို ပြောပါတယ်။

“မြန်မာပြည်က ငြိမ်းချမ်းရေး process နဲ့ ဖြစ်နေတဲ့ အနေအထားတွေရော၊ လက်ရှိ ဒုက္ခသည်တွေနဲ့ ပတ်သက်ပြီး ကူညီနေတဲ့ အနေအထားတွေရယ်၊ လိုအပ်ချက်တွေရော အကုန်လုံးပေါ့နော် ဂျပန်လာရောက်တင်ပြတာလေ။ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ရပ်နေတဲ့ ဒုက္ခသည်တွေကလည်း နေရပ်ကို ပြန်လို့မရတဲ့ အနေအထားဖြစ်နေတယ်။ အထူးသဖြင့်ပေါ့နော် ကျနော်တို့ ရှမ်းပြည်နယ်မှာ ဆောင်းရာသီ ရောက်တော့မယ်။ ဆောင်းရာသီ ရောက်တော့မယ့်အချိန်မှာ သူတို့တွေ ထပ်ပြီးတော့မှ ဒုက္ခသည်တွေ အိမ်ပြန်နိုင်တဲ့ လမ်းက မမြင်သေးဘူးပေါ့နော်။ တိုက်ပွဲတွေလည်း ပြန်ဖြစ်လာတဲ့အပေါ်မှာ ဆရာမကတော့ ဒီဂျပန်အစိုးရကို သိအောင်ပေါ့နော်။ နောက်ပြီးတော့ ဆရာမက သူ ကူညီတဲ့အချိန်မှာ ကြုံနေရတဲ့ အခက်အခဲတွေ၊ ပရဟိတလုပ်ငန်းတို့၊ ကျန်းမာရေးစောင့်ရှောက်မှုတို့၊ တိုင်းရင်းသားဒေသတွေမှာ လုပ်ခဲ့တဲ့ အတွေ့အကြုံလေးတွေကိုလည်း တိုက်ရိုက် ဂျပန်ကိုပြောပြတယ်။”

ဒီသတင်းစာရှင်းလင်းပွဲကို မြန်မာ့ဒီမိုကရေစီအရေး အကူအညီပေးရေး ဂျပန်လွှတ်တော်အမတ်များ သမဂ္ဂ ဥက္ကဋ္ဌ နာဂါဆာဝါ မဆာဟာရူးကနေ ဦးဆောင်ပြီး ဂျပန်နိုင်ငံရောက် မြန်မာတိုင်းရင်းသားများ စုပေါင်းဖွဲ့စည်းထားတဲ့ NOP Peace (Nonprofit Organization for Peace) အဖွဲ့တို့ကနေ စုပေါင်း စီစဉ်မှုနဲ့ ပြုလုပ်ခဲ့တာပါ။

ဂျပန်နိုင်ငံဟာ မြန်မာနိုင်ငံကို အဓိက အကူအညီတွေ ပေးနေတဲ့ နိုင်ငံဖြစ်သလို နောင်မြန်မာနိုင်ငံအတွက် အကူအညီပေးရာမှာ အရပ်သား လူမှုအဖွဲ့အစည်းတွေကနေတဆင့် အကူညီပေး ဆောင်ရွက်သွားဖို့ ဆရာမဒေါ်ဆိုင်းရော်က တိုက်တွန်းပြောကြားသွားတယ်လို့ မိုင်းကျော်ဦးက အခုလို ပြောပါတယ်။

“အကူအညီတွေအများကြီး မြန်မာနိုင်ငံကို ရောက်နေတဲ့အချိန်မှာ အထူးသဖြင့် ဒုက္ခသည်တွေနဲ့ ပတ်သက်ပြီး အကူအညီတွေဟာ တကယ်ပဲ ထိထိရောက်ရောက် ရောက်ဖို့အတွက် အစိုးရကလုပ်နေတဲ့ MPC သွားတာလည်း တပိုင်းပေါ့နော်။ တိုက်ရိုက်အရပ်သား လူမှုအဖွဲ့အစည်းတွေကို ပေးမယ်ဆိုရင် ပိုမို ထိရောက်တဲ့ဟာမျိုးတွေကို ဆရာမက ရှင်းပြတယ်လေ။”

ဂျပန်လွှတ်တော်အမတ်များ သမဂ္ဂ ဥက္ကဋ္ဌ မစ္စတာ နာဂါဆာဝါ မဆာဟာရူးဟာ မြန်မာ့ဒီမိုကရေစီအရေးကို အားပေးသူတယောက်ဖြစ်ပြီး မြန်မာ့အရေးကို စိတ်ဝင်စားသူတဦးလို့ မိုင်းကျော်ဦးက ပြောပါတယ်။

“သူကတော့ တစိုက်မတ်မတ် ကျနော်တို့ တိုင်းရင်းသားအရေးကို ကူညီနေတော့လေ သူတို့အာဏာရလာတဲ့အချိန်မှာ သူက ပညာရေးဝန်ကြီးတာဝန်ကို ထမ်းဆောင်တယ်။ တိုင်းရင်းသားအရေးကို အဓိက သူ ပြောဆိုလှုပ်ရှားတာ လွှတ်တော်မှာ သူကိုယ်တိုင်ကလည်း သိတယ်၊ နောက် ဆရာမကလည်း လာပြောတဲ့အတွက် နောက်ပြီး သူ လွှတ်တော်မှာ တင်ပြပြောဆိုတဲ့အခါမှာ ပိုပြီး အားဖြစ်သွားတာပေါ့နော်။ သူကိုယ်တိုင်က နယ်စပ်မှာလည်း ရောက်ဖူးတယ်၊ ပြည်တွင်းကိုလည်း အကြိမ်ကြိမ် ဝင်ပြီးတော့မှ လေ့လာတော့ အမတ်ကတော့ တော်တော်လေး သိပါတယ်။ သူတို့တိုင်လည်း တချို့အချက်ကလေးတွေ သိတာ ရှိပါတယ်။ ”

တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ နိုင်ငံရေးပြဿနာရပ်တွေဟာ ဒေသတွင်းထွက်တဲ့ သယံဇာတတွေနဲ့ ဆက်စပ်မှုရှိနေသလို လူမျိုးစုဆိုင်ရာ အခွင့်အရေးနဲ့ ပက်သက်လို့ တိုင်းရင်းသားတွေနဲ့ အစိုးရအကြား လွန်ဆွဲပွဲဖြစ်နေတယ်လို့လည်း ဒေါ်ဆိုင်းရော်ကနေ စာတမ်းတင်သွင်း ထောက်ပြခဲ့ပါတယ်။

ဒါ့အပြင် အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ တွေ့ဆုံဆွေးနွေးရေး ကိစ္စရပ်တွေမှာ တိကျခိုင်မာတဲ့ ကတိကဝတ်နဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပဖို့ သဘောတူညီချက် မရသေးသလို မြန်မာ့နိုင်ငံရေး အခြေအနေဟာလည်း ပဋိပက္ခ အလွန်ကာလသို့ မရောက်ရှိသေးကြောင်း ဒေါ်ဆိုင်းရော်ကနေ အစည်းအဝေးမှာ တင်ပြခဲ့ပါတယ်။

ဂျပန်နိုင်ငံ တိုကျိုမြို့ အောက်လွှတ်တော် အဆောက်အဦး အစည်းအဝေး ခန်းမမှာ ပြုလုပ်ခဲ့တဲ့ အခမ်းအနားကို ဂျပန်လွှတ်တော်အမတ်များ သမဂ္ဂ ဥက္ကဋ္ဌ နာဂါဆာဝါ မဆာဟာရူး အပါအဝင် ဂျပန်နိုင်ငံခြားရေးဌာနမှ တာဝန်ရှိသူတွေ အထက်နဲ့ အောက်လွှတ်တော်အမတ်တွေ Japan International Cooperation Agency - JICA က တာဝန်ရှိသူတွေ၊ ဂျပန်နိုင်ငံရောက် မြန်မာတိုင်းရင်းသားများ စုစုပေါင်း ၁၀၀ နီးပါး တက်ရောက်ခဲ့ကြပါတယ်။

XS
SM
MD
LG