သုံးရလွယ်ကူစေသည့် Link များ

တရုတ်နယ်စပ် ကုန်သွယ်ရေး မျှတမှုမရှိ

  • မနူးပန်

တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်း တခုဖြစ်တဲ့ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (KIO) ထိန်းချုပ်ရာ လိုင်ဇာဒေသကနေ မြစ်ကြီးနားနဲ့ ဗန်းမော်မြို့ တွေဆီကို ကုန်တင်သွင်းခွင့် မြန်မာစစ်အစိုးရဘက်ကနေ ပြီးခဲ့တဲ့လက ပိတ်ပင်ထားခဲ့ပါတယ်။ အခုဒီဇင်ဘာ ၁၂ ရက်နေ့ကနေစပြီး အဲဒီပိတ်ထားတဲ့ ကုန်သွယ်ရေးလမ်းကို ပြန်ဖွင့်ပေးလိုက်ပြီဆိုပေမဲ့ မြန်မာပြည်ဘက်က ငှက်ပျောခိုင်တွေကို တင်သွင်းနေတဲ့ တရုတ်ကုန်သည်တွေ အတွက်ပဲ ဖွင့်ပေးနေတာဖြစ်ပါတယ်။ ကုန်အ၀င်အထွက် ပိတ်ထားတာမို့လို့ ကချင်ပြည်နယ်မှာ ကုန်ဈေးနှုန်းတွေ တက်နေချိန်မှာ မြန်မာပြည်ဘက်က ကုန်သွယ်ခွင့်မရဘဲ တရုတ်ကုန်သည်တွေပဲ အကျိုးအမြတ်ရှိနေတာကြောင့် ကချင်ပြည်နယ်နဲ့ မြန်မာပြည်ဘက်က ကုန်သည်တွေ မကျေမနပ် ဖြစ်နေကြပါတယ်။ ဒီအကြောင်း ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် နူးပန်က သတင်းပေးပို့ထားပါတယ်။

မြန်မာစစ်အစိုးရက ကချင်ပြည်နယ်တွင်း တရားမ၀င် ကုန်သွယ်ရေးလမ်းဆိုပြီး ပိတ်ထားရာကနေ ဒီဇင်ဘာ ၁၂ ရက်နေ့ကစလို့ တရုတ်ငှက်ပျောသီး ကုန်သည်တွေပဲ သီးသန့် ကားကြီးတွေနဲ့ ၀င်ထွက်ခွင့်ပေးလိုက်တာလို့ ဒေသခံတွေက ပြောပါတယ်။
အခုဝင်ထွက်နေတဲ့ တရုတ်ကုန်သည်တွေဟာ တရုတ်ပြည် ယူနန်နယ်က ငပျောသီးကုန်သည်တွေ ဖြစ်ပြီး တရုတ်-မြန်မာနယ်စပ် လိုင်ဇာမြို့ကနေ ၁၀ မိုင်လောက်ဝေးတဲ့ ရှဒန်ပါမှာ ငှက်ပျောခင်း ဧက ၄ သောင်းကျော် လုပ်ကိုင်နေကြတာဖြစ်တယ်လို့ သိရပါတယ်။ အခု တရုတ်ငှက်ပျောသီးကုန်သည်တွေကို ဖြတ်သန်းခွင့်ပေးလိုက်ကတည်းက ၂၄ တန်ရှိတဲ့ ငှက်ပျောသီးတင်ကားကြီးတွေဟာ တရက်ကို အစီး ၅၀ ထက်မနည်း ဆက်တိုက်ဝင်နေတယ်လို့ လဂျားယန် ဒေသခံအမျိုးသမီးတစ်ယောက်က အခုလို ပြောပါတယ်။

“ကုန်တင်ပြီးတော့ သွားလို့မရဘူးပေါ့နော်။ ငှက်ပျောကားတွေကျတော့ တနေ့ကို ဘယ်နှစ်စီးလည်းဆိုတာ ရေလို့မရဘူး။ အ၀င်အထွက် ရှိတယ်။ အခုဆိုရင် ညနေဆိုရင် ပြန်ဝင်တော့မယ်။ တခါဝင်ပြီဆိုရင် သုံး-လေးဆယ်ပေါ့နော်။ သွားတာတော့ အများကြီးပဲလေ။ အ၀င်အထွက် သွားနေကြတယ်။ သူတို့တွေက မသွားနဲ့ဆိုရင်လည်း အဲဒီက ဒီလိုပဲ ဒီအထဲထိ တန်းစီပြီးမှ ဆင်းခဲ့ကြတယ်။ ဆင်းခဲ့တဲ့အချိန်ကျတော့ လူကြီးတွေက ဒီကနေမှ တနေ့ကတော့ လူတစ်ယောက်က သူတို့ဆီက လူတယောက်နဲ့တွေ့တဲ့ အချိန်ကျတော့ နေပြည်တော်ကနေ ပိုက်ဆံအများကြီး အကုန်ခံပြီးမှ ဒီလိုသွားရဖို့ လုပ်ထားတယ်ပေါ့။ တရားဝင် ဖြတ်သန်းခွင့်ပေးတယ်လို့ ပြောတယ်၊ ငှက်ပျောကားတွေကိုကျတော့ပေါ့။”

ငှက်ပျောသီးကုန်သည်တွေက အစိုးရက တရားဝင် ကုန်သွယ်လမ်းလို့ သတ်မှတ်တဲ့ ကန်ပိုင်တီဘက်ကနေ သွားလာဖို့ ခရီးဝေးပြီး အရင်းအနှီး ထိခိုက်တဲ့အတွက် ခုလိုဝင်ခွင့်ရဖို့အတွက်ကို နေပြည်တော်အထိ စစ်ခေါင်းဆောင်တွေနဲ့ အပြန်အလှန် ညှိနှိုင်းပြီးမှ ခွင့်ရလာခြင်း ဖြစ်တယ်လို့လည်း တရုတ်အသိုင်းအ၀ိုင်းက သိရပါတယ်။

အခုလို အလွယ်တကူ ညှိနှိုင်းပြီးမှ ဖြတ်သန်းခွင့်ပေးလိုက်ခြင်းဟာလည်း တရုတ်တွေတင်မက ထိခိုက်ခြင်းမဟုတ်ဘဲ မြန်မာစစ်အစိုးရ မှာလည်း အကျိုးတူလုပ်နေတာကြောင့် ထိခိုက်မှာဖြစ်တာမို့ ပူးပေါင်းလုပ်ဆောင်နေတာ ဖြစ်တယ်လို့ ကချင်သတင်းဌာနအယ်ဒီတာ ကိုနော်ဒင့်က ပြောပါတယ်။

“အဓိကအကျိုးခံစားတာ စစ်အစိုးရက အဓိကဖြစ်တယ်။ သူတို့ကတော့ ဒီငှက်ပျောခြံ လုပ်ဖို့အတွက် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က စစ်ဗိုလ်အရာရှိတွေကိုရော၊ ငှက်ပျောခြံ ပတ်ဝန်းကျင်မှာရှိတဲ့ မြန်မာစစ်တပ်အာဏာပိုင်တွေ အားလုံးကိုရော သူတို့ ငွေပေးရပါတယ်။ အခု KIO ကတော့ လဂျားယန်ဆိပ်ကနေ တဆင့်ဖြတ်သွားမှပဲ တကြိမ်ပဲ ငှက်ပျောကားတွေကို အခွန်ကောက်နေခြင်း ဖြစ်တယ်။ အဓိက မြန်မာစစ်အစိုးရကတော့ ပြည်သူလူထုအတွက် စဉ်းစားမှု မရှိဘူး။ တဖက်က သူတို့က KIO ကိုပိတ်ပင်ဖို့ ရည်ရွယ်ချက်နဲ့ ပိတ်ပင်တာ ဖြစ်ပေမဲ့လည်း ပြည်သူလူထုတွေပဲ နစ်နာမှုတွေရှိတယ် ဆိုတဲ့အပိုင်းမြင်တယ်။ အချုပ်အားဖြင့် ပြောရရင်တော့ သူတို့ ဒီလိုမျိုး ငှက်ပျောတင်ကားတွေကိုပဲ စစ်အစိုးရ ထိန်းချုပ်တဲ့ လဂျားယန်ဂိတ်ကနေ ဖြတ်ခိုင်းသွားလာခွင့်ပြုခြင်းဟာ အဓိကကတော့ တရုတ်ရဲ့ လွှမ်းမိုးမှုဟာ မြန်မာစစ်ခေါင်းဆောင်တွေအပေါ်မှာ အများကြီး ရှိနေသေးတယ်ဆိုတာကို ကျနော့်အနေနဲ့ သုံးသပ်မိပါတယ်။”

အခု ငှက်ပျောခင်းရှိတဲ့ ရှဒန်ပါမှာ မြန်မာအလုပ်သမားတွေက ၁,၀၀၀ အထက်ရှိပြီး တရုတ်တွေကတော့ ၁,၀၀၀ အောက်ရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။ အခုလို တိုင်းတပါးလူမျိုးတွေက နေ့တိုင်း ငှက်ပျောသီးတွေ တင်ပြီးဖြတ်သန်းနေချိန်မှာ ပြည်သူဘက်က ကုန်သည်တွေကတော့ ကုန်နည်းနည်းလေးမှ တင်ခွင့်မရတဲ့အတွက် ဒီမပေါ်မှာ မကျေမနပ်တွေ ဖြစ်နေကြတယ်လို့ ပြောပါတယ်။ မြန်မာကုန်သည်တွေ ဘက်ကလည်း ကုန်တွေတင်သွင်းခွင့်မရတော့လို့ ပုံနေသလို ဒေသခံတွေဘက်ကလည်း ကုန်ပစ္စည်းတွေ အသစ်မရောက်လို့ ကုန်ရှားပါးမှုတွေနဲ့ ဒုက္ခရောက်နေတယ်လို့ လဂျားယန် အမျိုးသမီးက ဆက်ပြောပါတယ်။

“အခက်အခဲတွေတော့ ရှိတာပေါ့နော်။ ဒေသခံတွေကျတော့ ဒီဟာလေးတွေပဲ ဒီလုပ်ငန်းတွေပဲ လုပ်စားလို့ရတယ်ဆိုတော့ အခက်ခဲတွေတော့ အမျိုးမျိုးရှိတာပေါ။ သွားရလာရတာ အခက်အခဲရှိတယ်။ ကားတွေပိတ်ထားတဲ့ အချိန်ကျတော့ မသွားနိုင်ဘူး။ ကုန်တွေက ပုံနေတယ်။ အဲလိုမျိုး ဖြစ်နေတာပေါ့နော်။ ကျမတို့အနေနဲ့ ခံစားရတာကတော့ ကိုယ့်လူမျိုးကိုကျတော့ ဒီလိုမျိုး ပိတ်ဆို့ထားပြီးမှ တခြားလူကိုကျတော့ ဖြတ်သန်းခွင့်ပေးတယ် ဆိုတော့ တော်တော်လေးတော့ ခံပြင်းပါတယ်။ မမျှတဘူးလို့ ပြောရမှာပဲ။”
မြန်မာစစ်အစိုးရက အခုလို အဓိက ကုန်သွယ်ရေးလမ်းတွေကို ပိတ်ထားကတည်းက ကချင်ပြည်နယ်ထဲမှာ တရုတ်ကုန်ပစ္စည်းတွေ ရှားပါးမှုဖြစ်နေပြီး ဈေးနှုန်းတွေ ဆက်တက်နေလို့ အခက်အခဲ ဖြစ်နေတယ်လို့ မြစ်ကြီးနားဒေသခံတွေက ပြောပါတယ်။

XS
SM
MD
LG