သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ ကြန့်ကြာရတာ အစိုးရကြောင့်ဟု KIO ဝေဖန်


ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ ကြန့်ကြာရတာ အစိုးရကြောင့်ဟု KIO ဝေဖန်
ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ ကြန့်ကြာရတာ အစိုးရကြောင့်ဟု KIO ဝေဖန်

မြန်မာအစိုးရနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIO အဖွဲ့တို့ကြား အစိုးရဘက်က နိုင်ငံရေးဆိုင်ရာ သဘောထားတွေအပေါ် တိကျတဲ့အဖြေမရသေးတာကြောင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ကြန့်ကြာ နေရတာဖြစ်တယ်လို့ KIO ဘက်ကပြောပါတယ်။ တချိန်တည်းမှာ ကချင်ကျေးရွာတွေကို အစိုးရတပ်ဘက်က အဓမ္မရွှေ့ပြောင်း ခိုင်းတာတွေလည်း ဖြစ်နေတယ်လို့ပြောပါတယ်။ ဒီအခြေအနေ အပြည်အစုံကိုတော့ မသင်းသီရိက တင်ပြထားပါတယ်။

သြဂုတ်လ ၁၂ ရက် သောကြာနေ့က နေပြည်တော်မှာပြုလုပ်ခဲ့တဲ့ အစိုးရရဲ့ သတင်းစာရှင်းလင်းပွဲတွင်းမှာ အပစ်အခတ်ရပ်ဆဲဖို့ KIO ဘက်က တုံ့ပြန်ချက်ကို စောင့်နေတယ်လို့ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းရဲ့ ပြောဆိုချက်အပေါ် KIO ဘက်က အခုလို တုံ့ပြန်လိုက်တာ ဖြစ်ပါတယ်။ အထူးသဖြင့် နိုင်ငံရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးမှု လုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး KIO အဖွဲ့ဘက်က မေးမြန်းချက်တွေအပေါ်မှာ အစိုးရဆီက တိကျတဲ့ တုံ့ပြန်မှုမရသေးတာကြောင့် အပစ်အခတ်ရပ်ဆဲရေး သဘောတူညီချက်တွေဟာ ရှေ့မတိုးနိုင်ဘဲ ဖြစ်နေတာလို့ ကချင် KIO အဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က ပြောပါတယ်။

“ကျနော်တို့ဘက်ကတော့ နိုင်ငံတွင်းမှာရှိတဲ့ ပစ်ခတ်တိုက်ခိုက်မှုအားလုံး ရပ်ဆိုင်းပြီးတော့ ငြိမ်းချမ်းရေး ရရှိအောင်ဆောင်ရွက်ရမည့် နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးမှုအစီအစဉ်များ ဆိုပြီးတော့ အဲဒါကို မေးမြန်းထားတယ်။ အဲဒီမေးမြန်းချက်ကို သူတို့က အခုထက်ထိ ဖြေကြားတာမျိုး မရှိဘူး။ တကယ်လို့များ သူတို့က နိုင်ငံရေးဆွေးနွေးမှု အစီအစဉ်ကို ဘယ်လိုလုပ်မယ်ဆိုတဲ့ ရှေ့လုပ်ငန်းစဉ်တွေကို ရှင်းရှင်းလင်းလင်း သူတို့ချပြမယ်ဆိုရင်တော့ ဒီဆွေးနွေးမှုကတော့ ရှေ့ကို ဆက်သွားမှာပါ။ မရှင်းမလင်းဖြစ်တဲ့ မရေရာတဲ့ အဖြေမျိုးကို ကျနော်တို့က သိပ်ပြီးတော့ အယုံအကြည် မရှိဘူးခင်ဗျ။”

ဒီကနေ့ထုတ်သတင်းစာတွေမှာ အပစ်အခတ်ရပ်စဲရေးအတွက် အစိုးရဘက်က အစွမ်းကုန် လိုက်လျောနေပြီး ဖြစ်သလို ဒေသခံတွေကို အတင်းအကျပ် ခြိမ်းခြောက်ကာ ဒုက္ခသည်တွေအဖြစ် ဖန်တီးပြီး သတင်း မီဒီယာတွေကို အသုံးချပြီး ငွေကြေးကောက်ခံဖို့ကြိုးစားနေတယ် ဆိုတဲ့ ပြန်ကြားရေးဝန်ကြီးရဲ့ ပြောဆိုချက်အပေါ် ကချင် KIO အဖွဲ့ရဲ့ တုံ့ပြန်ချက်က -

“သူတို့က ဒုက္ခသည်တွေကို အကြောင်းပြပြီးတော့ နိုင်ငံတကာကို အကူအညီတောင်းတာမျိုး၊ နောက်ပြီးတော့ နိုင်ငံကြီးတွေကို အကူအညီတောင်းတာမျိုး၊ ယူအဲန် အဖွဲ့ကို စာရေးအကြောင်းကြား အကူအညီတောင်း တာမျိုး တခုမှမလုပ်ပါဘူးခင်ဗျ။ အခု သတင်းမီဒီယာတွေကနေပြီးတော့ ကြားသိပြီးမှ ဒုက္ခသည်တွေရဲ့ ဒုက္ခတွေကို မီဒီယာတွေပေါ်မှာတင်တာပဲ ရှိပါတယ်။ သူတို့ကနေပြီးတော့ အဲဒါကို တကူးတက ကဏ္ဍကြီးတခုအနေနဲ့ တင်ပြတာမျိုး အခုထက်ထိလည်း မလုပ်သေးပါဘူး။ ကျနော်တို့ကတော့ ဒီအပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ စပြီးတော့ ကမ်းလှမ်းတာမျိုး မရှိခဲ့ဘူးခင်ဗျ။ သူတို့ဘက်က အပစ်အခတ်ရပ်စဲရေးအတွက် ကမ်းကုန်နေပြီဆိုရင်လည်း ဒါက သူတို့ရဲ့ ဆုံးဖြတ်ချက်ပဲဖြစ်ပါလိမ့်မယ်။”

ပြီးခဲ့တဲ့ သြဂုတ်လ ၂ ရက်နေ့မှာ ကချင်ပြည်နယ် အစိုးရအဖွဲ့ကစေလွှတ်ထားတဲ့ ငြိမ်းချမ်းရေးအဖွဲ့နဲ့ KIO အဖွဲ့တွေ တတိယအကြိမ်တွေ့စဉ်အတွင်း တနိုင်ငံလုံးအတိုင်းအတာအရ အပစ်အခတ်ရပ်စဲရေး အပါအဝင် ပင်လုံစာချုပ်အပေါ် အစိုးရသစ်ရဲ့ သဘောထားတွေကို KIO အဖွဲ့က မေးမြန်းထားတာ ဖြစ်ပါတယ်။ ဒါပေမဲ့ အစိုးရဘက်က တရားဝင် နိုင်ငံရေးပါတီအဖြစ်ဖွဲ့စည်းပြီး လွှတ်တော်တွင်းမှာကျမှ ဆွေးနွေးပါလို့ ပြောဆိုလာတာကို KIO အဖွဲ့က လက်မခံနိုင်ဘူးလို့လည်း ပြောပါတယ်။

“လက်နက်ကိုင်လမ်းစဉ်ကိုစွန့်ပြီးတော့ နိုင်ငံရေးပါတီဖွဲ့မယ်၊ နိုင်ငံရေးပါတီဖွဲ့ပြီးတော့ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ်၊ အဲဒီကနေတဆင့် လွှတ်တော်ကိုယ်စားလှယ်တွေ ဖြစ်လာပြီးမှ လွှတ်တော်မှာပဲ ကိုယ်လိုချင်တဲ့ဟာကို ပြောဆိုဖို့ဆိုတဲ့ လမ်းကြောင်းကို သူတို့ပြောဆိုထားတယ်ခင်ဗျ။ ကျနော်တို့လိုချင်တာက အဲဒီလမ်းကြောင်း မဟုတ်ပါဘူးခင်ဗျ။”

ဒါကလဲ ၁၉၉၄ ခုနှစ် အပစ်အခတ်ရပ်စဲရေးတုန်းက သဘောတူညီချက်တွေပေါ်မှာ အစိုးရက ဂတိမတည်ခဲ့တာတွေကြောင့် ဖြစ်တယ်လို့လည်း ထောက်ပြပါတယ်။

“နှစ်နဲ့ချီပြီးတော့ အပြန်အလှန် ဆွေးနွေးကြပါတယ်။ ဆွေးနွေးတုန်းကတော့ အပစ်အခတ် ရပ်ဆိုင်းရေး လုပ်ကြရအောင်၊ နောက်မှပဲ နိုင်ငံရေးဆွေးနွေးပွဲ လုပ်ရအောင်ဆိုတဲ့ဟာကို ပြောလာတယ်။ အဲဒီအချိန်မှာ ကျနော်တို့ လူကြီးတွေကလည်း အဲဒီသဘောကို လက်ခံလိုက်တယ်။ အပစ်အခတ် ရပ်စဲရေးလုပ်ပြီးတာနဲ့ ‘ကဲ နိုင်ငံရေးဆွေးနွေးပွဲ လုပ်ကြရအောင်။’ ဆိုတဲ့အခါမှာ သူတို့က တပ်မတော်အစိုးရဖြစ်တယ်။ နောက်တက်လာမယ့် အစိုးရနဲ့ကျမှ နိုင်ငံရေးဆွေးနွေးပွဲ လုပ်ကြပါ ဆိုတဲ့ဟာမျိုး ပြန်ပြီးတော့ ခေါင်းစဉ်လှည့်ပြီးပြောလာတယ်။ အဲဒီအပစ်အခတ်ရပ်ဆိုင်းရေးတုန်းက မပြောဆိုခဲ့ကြတဲ့ အစီအစဉ်တခု ထွက်လာတယ်။ အဲဒီအစီအစဉ်က လက်နက်ဖျက်သိမ်းရေး ဆိုတဲ့ဟာကြီး မူ ဖြစ်လာတယ်။ ဒါကြောင့်မို့ အခုလည်း ကျနော်တို့ သိချင်တာကတော့ ဒီ အပစ်အခတ်ရပ်စဲရေး လုပ်ပြီးတာနဲ့ လုပ်ရမယ့် ရှေ့လုပ်ငန်းစဉ်တွေကို နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု အစီအစဉ်တွေကို ကျနော်တို့က တိတိကျကျ ရှင်းရှင်းလင်းလင်းနဲ့ သိချင်တယ်။ အဲဒါကြောင့်မိုလို့ ဒီလို ကြန့်ကြာနေတာပါ။”

ဒီလို အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွေ မအောင်မမြင်ဖြစ်နေပေမဲ့ ဒီရက်ပိုင်းတွေအတွင်း တိုက်ပွဲတွေ ဖြစ်တာတော့ မရှိသေးဘူးလို့ KIO အဖွဲ့ကပြောပါတယ်။ ဒါပေမဲ့ အစိုးရစစ်တပ်ဘက်က တိုက်ပွဲတွေ ပြင်းထန်လာတော့မှာမို့ ရွာတချို့ကို အတင်းအဓမ္မ ရွှေ့ပြောင်းခိုင်းတာမျိုးတွေ ရှိနေတယ်လို့ပြောပါတယ်။

“ဒီ သြဂုတ်လ ၁၅ ရက်နေ့ကစပြီးတော့ တိုက်ပွဲတွေ ပြင်းထန်လာမယ်၊ မန်ဇီမြို့နယ် မိုင်းထောင်ကျေးရွာ အနီးပတ်ဝန်းကျင်မှာရှိတဲ့ ရွာတွေကို သူတို့ မိုးမောက်နဲ့ မန်သီကို၊ နောက်ပြီးတော့ ဗန်းမော်ဘက်ကို အတင်းရွှေ့ပြောင်းခိုင်းတာ ရှိတယ်။ အမျိုးသမီးတွေကို အဓမ္မပြုကျင့်တာမျိုးလည်း သတင်းကြားနေတယ်။ အဲဒီ သြဂုတ်လ ၇ ရက်နေ့မှာပဲ နောက်ဆုံးထားပြီးတော့ မိုးမောက်မြို့နယ်တွင်းမှာရှိတဲ့ ကျေးရွာတချို့ကို မိုးမောက်နဲ့ ဗန်းမော်မြို့ကို အတင်းအဓမ္မ ပြောင်းရွှေ့ခိုင်းတာ ရှောင်ခိုင်းတာရှိတယ်။”

KIO အဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ဦးလနန် ပြောပြခဲ့တာပါ။ ကချင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့ကတည်းက တိုက်ပွဲတွေ စ ဖြစ်နေတာဖြစ်ပြီး ဒီတိုက်ပွဲတွေကြောင့် ထွက်ပြေးနေရတဲ့ ဒုက္ခသည်အရေအတွက်ဟာ တစ်သောင်းကျော်မက ရှိနေတယ်လို့ ကချင်အဖွဲ့တွေကပြောပါတယ်။ ဒီဒုက္ခသည်တွေဟာလည်း ခုချိန်ထိ နေရပ်ရင်းကိုမပြန်နိုင်ကြသေးဘဲ တရုတ်-မြန်မာနယ်စပ်က ရွာတွေမှာ နေထိုင်နေကြရဆဲ ဖြစ်ပါတယ်။

XS
SM
MD
LG