သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကရင်နီဒေသမှာ တရုတ်နိုင်ငံသားတချို့ အတိုက်ခိုက်ခံရ


ကရင်နီဒေသမှာ တရုတ်နိုင်ငံသားတချို့ အတိုက်ခိုက်ခံရ
ကရင်နီဒေသမှာ တရုတ်နိုင်ငံသားတချို့ အတိုက်ခိုက်ခံရ

မြန်မာနိုင်ငံ အရှေ့ဘက်ခြမ်း သံလွင်မြစ်ပေါ်က ရေကာတာဆောက်လုပ်ရေး စီမံကိန်းတခုကို သွားရောက် တဲ့ ယာဉ်တန်းတခုကို ကရင်နီတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့က ကယားပြည်နယ် ဖရူးဆိုးမြို့နယ် အတွင်းမှာ မနေ့က ချုံခိုတိုက်ခိုက်ခဲ့ပါတယ်။ တရုတ်နိုင်ငံသား ဆောက်လုပ်ရေးလုပ်သားတွေ အပါအဝင် အနည်းဆုံး ၃ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရမှုတွေ ရှိခဲ့တယ်လို့သိရပါတယ်။ ကရင်နီ လက်နက်ကိုင် အဖွဲ့တွေအနေနဲ့ ဘာကြောင့် အခုလိုတိုက်ခိုက်ခဲ့တာလဲဆိုတာကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ မနန္ဒာချမ်းက တင်ပြထားပါတယ်။

သံလွင်မြစ်ကြောင်းတလျှောက် ရေကာတာဆောက်လုပ်မှုတွေကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့တွေ၊ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ ဒေသခံတိုင်းရင်းသားအဖွဲ့တွေက ကန့်ကွက်ပြောဆိုနေကြချိန် အခု နောက်ဆုံး တရုတ်နိုင်ငံသား ဆောက်လုပ်ရေးလုပ်သားတွေ လိုက်ပါလာပြီး မြန်မာစစ်တပ် အစောင့် အကြပ်နဲ့ မောင်းနှင်လာတဲ့ ယာဉ်တန်းရှည်တခုကို ထိုင်း-မြန်မာနယ်စပ်အခြေစိုက် ကရင်နီပြည် တိုးတက်ရေးပါတီ (KNPP) အဖွဲ့ကနေ သောကြာနေ့ နေ့လည်ပိုင်းက ကယားပြည်နယ်၊ ဖလူးဆို မြို့နယ် အတွင်းမှာ ချုံခို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် ယာဉ်တန်းမှာလိုက်ပါလာတဲ့ တရုတ် နိုင်ငံသား ဆောက်လုပ်ရေးလုပ်သားတွေ အပါအဝင် အနည်းဆုံး ၃ ဦး သေဆုံးခဲ့တယ်လို့ KNPP အတွင်း ရေးမှူး-၁ ခူးဦးရယ်က ဗွီအိုအေကို အခုလို အတည်ပြု ပြောကြားခဲ့ပါတယ်။

“ကျနော် ခန့်မှန်းချိန်ကတော့ နေ့လည် ၁၂ နာရီလောက် ဖြစ်ပါလိမ့်မယ်။ အဲ့ဒီမှာ နိုင်ငံခြားကုမ္ပဏီ တခုက ဝန်ထမ်းတွေနဲ့ အင်ဂျင်နီယာတွေပါတဲ့ အစီး ၂၀ လောက်ပါတဲ့ ယာဉ်တန်းကို ကျနော်တို့တပ်က ဖရးူဆိုးမြို့နယ်မြောက်ပိုင်း ၃ မိုင်လောက်အကွာပဲ ရှိပါလိမ့်မယ်။ အဲ့ဒီလောက်နေရာကနေပြီးတော့ ချုံခို ဖြတ်ပြီးတော့ တိုက်ခိုက်တာတော့ ဒါ အမှန်အကန်ပဲ ဖြစ်ပါတယ်။”

ဒါ့အပြင် အခု ကရင်နီလက်နက်ကိုင်အဖွဲ့ KNPP က တိုက်ခိုက်ခဲ့တဲ့ အခြေအနေနဲ့ ပတ်သက်လို့ပဲ ကရင်နီဖွံ့ဖြိုးရေးသုတေသနအဖွဲ့ တာဝန်ခံ ကိုသော်ရာကလည်း အခုလို ပြောပြပါသေးတယ်။

“ဒေသက ဖရူးဆိုးမြို့နယ်ထဲက တီပေါဆို ရွာကို မရောက်ခင်လေးမှာဖြစ်တာ။ တရုတ် အလုပ်သမား တွေက ၇၀၊ ၈၀ ဝန်းကျင်မှာရှိမယ်။ တရုတ်အလုပ်သမားတွေ အဲ့လောက်အများကြီးနဲ့ ဆင်းလာတယ် ဆိုတာ ဒီတခေါက် ပထမဆုံးပဲဖြစ်တယ်။ ယာဉ်တန်းက တရုတ်ဆောက်လုပ်ရေး ဝန်ထမ်းတွေလည်း ပါတယ်ဆိုတာကို သူတို့ကြိုသိထားတဲ့ပုံနဲ့ သွားပြီးတော့မှ စောင့်တယ်လေ။ သူတို့ ဆင်းလာတဲ့အခါ ဝင်တိုက်တယ်လေ။ သူပစ် ကိုယ်ပစ်ဖြစ်မှာပေါ့။ စစ်သားတွေလည်း လုံခြုံရေးပါလာတယ် ယာဉ်တန်း ထဲမှာလေ။ သူတို့လည်း ပြန်ပစ်မှာပဲ။ သေချာတယ်။ အဲ့လို ပစ်တဲ့အထဲမှာ ကား ၁ စီးတော့ သေချာ တယ်။ မှောက်သွားတယ်။ ဒဏ်ရာတွေ သေတာတချို့ရှိတယ်လို့တော့ ကြားတယ်။ ဘယ်လောက် ဒဏ် ရာရတယ်။ ဘယ်လောက် သေဆုံးတယ်ဆိုတာတော့ အသေးစိတ် မသိရဘူး။”

KDRG ကရင်နီဖွံ့ဖြိုးရေးသုတေသနအဖွဲ့ တာဝန်ခံ ကိုသော်ရာ ပြောသွားတာပါ။ KNPP အတွင်းရေးမှူး - ၁ ခူးဦးရယ်ကတော့ တရုတ်နိုင်ငံသား ဆောက်လုပ်ရေး လုပ်သားတွေအပါအဝင် အနည်းဆုံး ၃ ဦး သေဆုံးခဲ့ပြီး အခုလို တိုက်ခဲ့တာဟာ ကယားပြည်နယ်တွင်း သံလွင်မြစ်ပေါ်မှာ ရေကာတာဆောက်လုပ် မှုကို မကြိုက်လို့ ကန့်ကွက်တဲ့အနေနဲ့ လုပ်ဆောင်တာဖြစ်တယ်လို့ အခုလို ပြောခဲ့ပါတယ်။

“အနည်းဆုံးတော့ ဒီ ရေကာတာတည်ဆောက်မယ့် ကုမ္ပဏီက ဝန်ထမ်းတွေ လုပ်သားတွေ ၃ ယောက် လောက်တော့ သေဆုံးတယ်လို့တော့ ကျနော်တို့ သိရတယ်။ ထိခိုက်ဒဏ်ရာရတဲ့ အခြေအနေတော့ လောလောဆယ် ကျနော်တို့ မသိရသေးဘူး။ ကျနော်တို့ကတော့ သံလွင်တကျောမှာ ရေကာတာတည် ဆောက်မယ့်ကိစ္စနဲ့ ပတ်သက်ပြီး လုံး၀ လက်မခံနိုင်တဲ့ အကြောင်းအရင်းကတော့ ကရင်နီမှာ တည်ဆောက်မယ်ဆိုရင် ရှမ်းပြည်မှာနေတဲ့လူထုရော၊ ကရင်ပြည်မှာနေထိုင်တဲ့ လူထုရောအပါအဝင် ဒီရေကာတာရဲ့ အထက်နဲ့ အောက်မှာ နေထိုင်တဲ့ လူတွေအားလုံးကတော့ အနည်းနဲ့ အများကတော့ အတိဒုက္ခရောက်မယ့် အခြေအနေမှာရှိတယ်။

“ဒါ့အပြင် သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်လို့ကလည်း ပျက်ဆီးဆုံးရှုံးမယ့် အနေအထားတွေရှိသလိုပဲ တောရိုင်းတိရစ္ဆာန်တွေလည်း သေကျေပျက်ဆီးမယ့် အနေအထားတွေ အများကြီးရှိပါတယ်။ ဒါတွေနဲ့ ပတ်သက်ပြီးတော့ ရေကာတာ တည်ဆောက်မယ့်ကိစ္စ ဘယ်လိုအနေအထားမျိုးနဲ့ပဲ တည်ဆောက် ဆောက် ကျနော်တို့က လက်မခံဘူးဆိုတဲ့ အနေအထားပေါ်မှာ အခြေခံပြီးတော့ တောက်လျှောက် တိုက်သွားမယ်။ နိုင်ငံတကာသိအောင်လည်း ကျနော်တို့ ဖော်ထုတ်သွားမယ်ဆိုတဲ့ အခြေခံအောက်မှာ ကျနော်တို့ ဒီတိုက်ခိုက်မှုကို လုပ်ခဲ့ရတာဖြစ်ပါတယ်။”

KNPP အတွင်းရေးမှူး-၁ ခူးဦးရယ် ပြောသွားခဲ့တာဖြစ်ပါတယ်။ ဒီလို သံလွင်မြစ်ကြောင်းတလျှောက် ရေကာတာတည်ဆောက်ရေး စီမံကိန်းကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့တွေ၊ လူ့အခွင့်အရေး အဖွဲ့တွေနဲ့ တိုင်းရင်းသား အဖွဲ့အစည်းအသီးသီးက ကန့်ကွက်နေကြတာဖြစ်ပါတယ်။ အခုနောက်ဆုံး ဒီဇင်ဘာလ ၁၅ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ ရှမ်းသဘာဝပတ်ဝန်းကျင်ရေးရာအဖွဲ့နဲ့ ရှမ်းအမျိုးသမီးရေးရာ အဖွဲ့တို့ရဲ့ ပူးတွဲအစီရင်ခံစာထဲမှာ ဒီရေကာတာစီမံကိန်းကြောင့် ရှမ်းပြည်နယ် မြောက်ပိုင်းမှာနေထိုင်တဲ့ ဒေသခံ ၁ သိန်း ၆ သောင်းကျော်ဟာ ဒုက္ခတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ ဆိုပါတယ်။ ဒီမြစ်ကို မှီခို အားထားပြီး လုပ်ကိုင်စားသောက်နေကြတဲ့ ဒေသခံတွေဟာလည်း မြစ်ရေရဲ့ အတက်အကျ မတည်ငြိမ်မှု ကြောင့် လုပ်ကိုင်စားသောက်လို့ မရတော့ဘူးလို့ ရေးသားထားပါတယ်။

ဒါ့အပြင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့တွေကလည်း ပတ်ဝန်းကျင်ပျက်ဆီးပြီး တောရိုင်း တိရစ္ဆာန်တွေ ပျက်ဆီးဆုံးရှုံးမှုနဲ့ ရင်ဆိုင်ရနိုင်တယ်ဆိုပြီး တောက်လျှောက် ကန့်ကွက်နေကြတာပါ။ ဒီလို အကြီးအကျယ်ကန့်ကွက်မှုတွေ ရှိနေတဲ့ကြားကပဲ အရှေ့တောင်အာရှမှာ အကြီးဆုံးဖြစ်လာမယ့် သန်းပေါင်း ၁ သောင်းတန် ရေအားလျှပ်စစ် စီမံကိန်းကို အကောင်အထည်ဖော်ဖို့ ပြီးခဲ့တဲ့ နိုဝင်ဘာလထဲမှာပဲ တရုတ်၊ မြန်မာနဲ့ ထိုင်း ၃ နိုင်ငံကနေ သဘောတူ လက်မှတ်ရေးထိုးခဲ့ပါတယ်။

XS
SM
MD
LG