ကရင်အမျိုးသားအစည်းအရုံး KNU က ငြိမ်းချမ်းရေးအတွက် ပြည်ထောင်စုအစိုးရနဲ့သာ တိုက်ရိုက် ဆွေးနွေးနိုင်မယ်လို့ ပြောပါတယ်။ ဒီလို ဆွေးနွေးမယ်ဆိုရင်တောင် တစ်ဖွဲ့တည်း ဆွေးနွေးတာမျိုး လက်မခံဘဲ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ ပူးပေါင်းဖွဲ့စည်းထားတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC အနေနဲ့သာ ဆွေးနွေးမယ်လို့ ဆိုလိုက်ပါတယ်။ မကြာခင်ကပဲ KNU ကို ငြိမ်းချမ်းရေးစကားပြောဖို့ အစိုးရဘက်က ကမ်းလှမ်းခဲ့တဲ့အပေါ် KNU က အခုလို တုံ့ပြန်လိုက်တာ ဖြစ်ပါတယ်။ အပြည့်စုံကို မသိင်္ဂီထိုက်က တင်ပြထားပါတယ်။
မကြာခင်ရက်ပိုင်းက မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ကို ငြိမ်းချမ်းရေး ဆွေးနွေးဖို့ သွားရောက်တွေ့ဆုံ ကမ်းလှမ်းခဲ့တာပါ။ KNU အနေနဲ့ အစိုးရသစ်နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးလိုရင် ကရင်ပြည်နယ်အစိုးရနဲ့ ဆက်သွယ် ဆောင်ရွက်ဖို့လည်း ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။ KNU ဘက်ကတော့ တန်းတူညီမျှရေးနဲ့ ငြိမ်းချမ်းရေးအတွက် ပြည်ထောင်စုအစိုးရနဲ့ပဲ တိုက်ရိုက် ဆွေးနွေးနိုင်မယ့် အကြောင်းနဲ့ KNU တဖွဲ့တည်းမဟုတ်ဘဲ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၆ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ ညီညွတ်သာ တိုင်းရင်းသားများ ဖယ်ဒရယ်ကောင်စီ UNFC အနေနဲ့ပဲ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲ လုပ်ဆောင်နိုင်မယ့်အကြောင်း အကြောင်းပြန်လိုက်တယ်လို့ KNU ရဲ့ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူး စောလှငွေက ပြောဆိုလိုက်ပါတယ်။
“ကျနော်တို့ ဒီဘက်မှာ အတူရပ်တည်နေကြတဲ့ UNFC နဲ့ ပြောကြဆိုကြတဲ့အတိုင်း ကျနော်တို့က နိုင်ငံရေးအရပဲ ဆွေးနွေးချင်တယ်။ ဗဟိုအစိုးရနဲ့ပဲ ကျနော်တို့ ဆွေးနွေးမယ်။ ဒီလိုမျိုး အဆင့်နဲ့ မလုပ်ဘူးဆိုတာကိုတော့ ကျနော်တို့ ပါးစပ်နဲ့ပဲ ပြောလိုက်တယ်။”
မြန်မာအစိုးရနဲ့ လွန်ခဲ့တဲ့နှစ်ကာလတွေအတွင်း ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေကနေ တိုင်းရင်းသားတွေ အမှန်တကယ် တောင်းဆိုတာတွေ မရခဲ့ဘူးလို့လည်း KNU က ပြောဆိုပါတယ်။ မြန်မာအစိုးရဟာ တိုင်းရင်းသားတွေကို တန်းတူညီမျှရေး အနေအထားမျိုးနဲ့မဟုတ်ဘဲ လက်နက်စွန့်စေလိုတဲ့ သဘောထားမျိုး အစဉ်အဆက် လုပ်ဆောင်ခဲ့တယ်လို့လည်း ဗိုလ်မှူး စောလှငွေက ပြောဆိုပါတယ်။
“ကျနော်တို့ရဲ့ ဖြတ်သန်းချက်တွေအရ လေးငါးကြိမ်လောက်၊ ကျနော်တို့ သမိုင်းတလျှောက်လုံးမှာ ဆွေးနွေးခဲ့တဲ့ ကျနော်တို့ရဲ့ အတွေ့အကြုံတွေအရဆိုရင်တော့ ကျနော်တို့ ရည်မှန်းချက်မပေါက်ဘဲနဲ့ ကျနော်တို့လိုချင်တဲ့ အပြန်အလှန် လေးစားရေးအပေါ်မှာ နိုင်ငံရေးပြဿနာကို ဆွေးနွေးတာမျိုးထက် အင်အားကြီးတဲ့ လက်ရှိအာဏာရထားတဲ့ အစိုးရတွေကနေပြီးတော့ သူတို့ကိုင်ထားတဲ့ ဥပဒေဘောင် အတွင်းကနေပြီးတော့ သူတို့အကြိုက်လိုက်ပြီးတော့၊ နောက်ဆုံး ပြောရမယ်ဆိုရင် လက်နက်ချရေးကိုပဲ ဦးတည်သွားတာတွေက များတဲ့အခါကျတော့ နိုင်ငံဆွေးနွေးတဲ့ဆီကို ကျနော်တို့ တခါမှ မရောက်ခဲ့ဘူး။”
ကရင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် KNU ကို ငြိမ်းချမ်းရေးစကားပြောဖို့ ကမ်းလှမ်းနေတဲ့ တချိန်တည်းမှာပဲ တိုင်းရင်းသားဒေသတွေမှာ မြန်မာစစ်တပ်တွေရဲ့ စစ်ရေးပြင်ဆင်မှုတွေ၊ အင်အားဖြည့်တင်းမှုတွေ ဆက်တိုက်ဆိုသလို ရှိနေတယ်လို့လည်း KNU က ပြောဆိုလိုက်ပါတယ်။
လအတော်ကြာ မြန်မာအစိုးရတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA နဲ့လည်း ရှေ့တန်းစစ်မျက်နှာမှာ နေ့စဉ်ဆိုသလို ကြိုကြားတိုက်ပွဲတွေ ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။ ဒါ့အပြင် KIO ဌာနချုပ် လိုင်ဇာ ဘက်ကိုလည်း မြန်မာစစ်တပ်က စစ်အင်အားဖြည့်တင်းမှုတွေ လုပ်ဆောင်နေတယ်လို့ KIO က ကိုဟင်နရီ က အခုလို ပြောပါတယ်။
“မနေ့ကအထိတော့ အင်အား ၃ ထောင်ကျော်ပြီ။ ဒီ လိုင်ဇာ ဘက်ကို ဦးတည်လာတဲ့ စစ်ကြောင်းတွေပေါ့။ သူတို့ မြစ်ကို ကျော်နေပြီ။ လိုင်ဇာကိုတော့ မရောက်သေးဘူး။ ထိန်ညောင်ပင် တဝိုက်နဲ့ တောထဲမှာ သူတို့ တပ်အင်အား ဖြန့်ထားတယ်လို့ပြောတယ်။ လိုင်ဇာနဲ့ ဘယ်လောက်ဝေးလဲဆိုတော့ မြစ်ကြီးနားနဲ့ လိုင်ဇာနဲ့ အလယ်ခေါင်လောက်မှာ ကျတယ်။”
တိုင်းရင်းသား အပစ်ရပ်အဖွဲ့ ဝပြည်သွေးစည်း ညီညွတ်ရေးတပ်မတော် UWSA နဲ့ ရှမ်းပြည်နယ်အစိုးရ အဖွဲ့ဝင်တွေ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်တွေလည်း ဒီရက်ပိုင်းအတွင်းမှာပဲ ငြိမ်းချမ်းရေး တွေ့ဆုံ ဆွေးနွေးခဲ့ကြပါသေးတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကတော့ မြန်မာအစိုးရဟာ နိုင်ငံရေးအရ ငြိမ်းချမ်းရေးစကား ပြောဆိုဖို့ ကမ်းလှမ်းနေတဲ့ တချိန်တည်းမှာပဲ တိုင်းရင်းသား ဒေသတွေမှာ စစ်ရေးအရလည်း အရှိန်မြင့် ဆောင်ရွက်နေတာတွေကြောင့် စစ်မှန်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှု အမှန်တကယ် ဖော်ဆောင်နိုင်ပါ့မလား ဆိုတာကို သတိထား စောင့်ကြည့် နေကြရတယ်လို့ ပြောဆိုကြပါတယ်။