သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းချမ်းရေးဆွေးနွေးဖို့ KNU ပြင်ဆင်


ငြိမ်းချမ်းရေးဆွေးနွေးဖို့ KNU ပြင်ဆင်
ငြိမ်းချမ်းရေးဆွေးနွေးဖို့ KNU ပြင်ဆင်

မြန်မာနိုင်ငံမှာ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြား ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေကို နိုင်ငံရေးအရ ဆွေးနွေး ဖြေရှင်းဖို့အတွက် ကရင်အမျိုးသားအစည်းအရုံး (KNU) ကနေ ကော်မတီတရပ်ကို ဖွဲ့စည်းလိုက်ပါတယ်။ မကြာသေးခင်က ထိုင်း-မြန်မာနယ်စပ်တနေရာမှာ ပြုလုပ်တဲ့အစည်းအဝေးအတွင်း အခုလို ဖွဲ့စည်းခဲ့တာဖြစ်တယ်လို့ KNU အရာရှိတစ်ဦးက ပြောပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ် မေးမြန်းထားတဲ့ မနန္ဒာချမ်း က တင်ပြထားပါတယ်။

သမ္မတဦးသိန်းစိန်အစိုးရဘက်က ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးနိုင်ဖို့အတွက် ဒီရက်ပိုင်းအတွင်း ပြုလုပ်ခဲ့တဲ့ KNU အရေးပေါ်ဗဟိုအစည်းအဝေးကနေ ပြည်တွင်းငြိမ်းချမ်းမှုတည်ဆောက်ရေး ၇ ဦးပါဝင်တဲ့ ကော်မတီတစ်ခုကို ဖွဲ့စည်းလိုက်တာပါ။ ဒီကော်မတီထဲမှာ KNU ဒုဥက္ကဋ္ဌ ပဒိုဒေးဗစ် သာကပေါ၊ အတွင်းရေးမှူး နော်စီဖိုးရာစိန်၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ်မူတူး တို့ပါဝင်ကြပါတယ်။ လောလောဆယ် ဆွေးနွေးကြမယ့် အချိန်နဲ့ နေရာ အတိအကျကိုတော့ မသတ်မှတ်ရသေးဘူးလို့ ဆိုပါတယ်။

အခုလို ငြိမ်းချမ်းရေးဆွေးနွေးဖို့ကို KNU က သဘောတူပေမဲ့ ဒီဆွေးနွေးမှုတွေကို ဗဟိုအစိုးရနဲ့သာ တိုက်ရိုက်ပြုလုပ်လိုတယ်လို့ ပြောဆိုထားတာရှိတဲ့အကြောင်း KNU ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူး စောလှငွေ က ပြောပါတယ်။ အစိုးရဘက်ကတော့ လောလောဆယ် တုံ့ပြန်လာတာ မရှိသေးပါဘူး။ အခုလို KNU ဘက်က တွေ့ဆုံဆွေးနွေးဖို့ လက်ခံတာဟာ ကနဦးအဆင့် တဘက်နဲ့တဘက်အကြား ယုံကြည်မှု တည်ဆောက်နိုင်မယ့် နည်းလမ်းတွေကို ရှာဖွေဖို့ဖြစ်တယ်လို့ KNU ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးစောလှငွေ က ပြောခဲ့ပါတယ်။

“အဓိက ကတော့ ကျနော်တို့က အမျိုးသားပြန်လည်ရင်ကြားစေ့ရေး အတွက် အဖြေရှာဖို့ပါပဲ။ အဓိက ကတော့ ပြည်တွင်းစစ်ရပ်စဲရေး၊ တိုင်းရင်းသားနယ်မြေတွေမှာ စစ်တွေရပ်စဲရေး၊ ပြီးတဲ့အခါကျတော့ ကျနော်တို့တွေ တတိုင်းပြည်လုံးရဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီး တဘက်နဲ့တဘက် အခိုင်အမာ condition တွေ ချည်မထားဘဲ ကျနော်တို့ လောလောလတ်လတ် အဖြေရှာရေးစကားတွေ၊ နိုင်ငံရေးအဖြေရှာနိုင်မယ့် စကားတွေ ဘယ်လို စပြောကြရင် ယုံကြည်မှုတည်ဆောက်မလဲ ဆိုတာကို ရှာဖွေဖို့ပါပဲ။ သက်ဆိုင်ရာ အာဏာရအစိုးရတွေ လာမယ်ဆိုရင် အဆင်ပြေသည်ဖြစ်စေ၊ မပြေသည်ဖြစ်စေပေါ့လေ။ အနည်းဆုံး ကျနော်တို့က ပြဿနာဖြေရှင်းဖို့ စကားပြောလို့ရမယ်ဆိုရင်တော့ ကျနော်တို့က တိုင်းပြည်ရဲ့ပြဿနာတွေကို ဆွေးနွေးမှာပါပဲ။ ကျနော်တို့ကလည်း ဒီနေ့ပြောင်းလဲနေတဲ့ အခြေအနေအောက်မှာ ကျနော်တို့နိုင်ငံဟာ တဝဲလည်လည်နဲ့ အချင်းချင်း အငြင်းပွားပြီး ရန်ဖြစ်နေကြပြီးတော့ သတ်နေပြီးတော့ ဘာမှအဖြေမရဘဲနဲ့ ကြာလေ ကျနော်တို့က failed state ဖြစ်သွားမယ့်ဟာမျိုးကို မလိုလားတဲ့အပေါ်မှာ အဖြေရှာဖို့အတွက်တော့ ကျနော်တို့အနေနဲ့ကလည်း အကောင်းမျှော်လင့်ချက် ရှိပါတယ်။”

ပြီးခဲ့တဲ့ သြဂုတ်လ ၁၈ ရက်နေ့က အစိုးရရဲ့ “ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ခြင်း” ဆိုတဲ့ ကြေညာချက်ထဲမှာ လက်နက်ကိုင် ပဋိပက္ခဖြေရှင်းပြီး ငြိမ်းချမ်းရေး ဖော်ဆောင်လိုတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ တဖွဲ့ချင်းအလိုက် ပထမအဆင့်အဖြစ် သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့တွေနဲ့ ဆက်သွယ်ဆောင်ရွက်ဖို့ကို ပြောဆိုထားတာဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိ တိုင်းရင်းသားတွေအရေးကိစ္စတွေကို ဆွေးနွေးပြောဆိုရာမှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်နိုင်ဖို့ကိုလည်း လိုလားကြောင်း KNU ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးစောလှငွေ က ဆက်ပြောပါတယ်။

“ကျနော်တို့က UNFC အနေနဲ့ပဲဖြစ်စေ၊ KNU တဖွဲ့ချင်းအနေနဲ့ပဲ ဖြစ်စေပေါ့လေ၊ ဒီမိုကရေစီခေါင်းဆောင် တစ်ဦးဖြစ်တဲ့ တိုင်းရင်းသားရေးရာကိုလည်း အင်မတန်မှကို ပြေလည်စေချင်ပြီးတော့ သဘာပတိ ခေါင်းဆောင် တစ်ဦးတစ်ယောက်အနေနဲ့က စစ်အစိုးရကိုရော၊ တိုင်းရင်းသား ခေါင်းဆောင်တွေ အားလုံးကနေပြီးတော့ သူ့ကို တကယ်တမ်း ကြားနေစေ့စပ်ပေးနိုင်မယ့် ခေါင်းဆောင်တစ်ယောက် အနေနဲ့ ကျနော်တို့ လူရိုသေရှင်ရိုသေ စံပြပုဂ္ဂိုလ်အနေနဲ့ သူ့ကိုထည့်ပေးရင်တော့ ဒါက အတိုင်းထက်အလွန် ဝမ်းမြောက်စရာပေါ့။”

KNU ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးစောလှငွေ ဖြစ်ပါတယ်။ လက်ရှိ သမ္မတ ဦးသိန်းစိန်အစိုးရ တက်လာပြီး ကတည်းက ၁ နှစ်အတွင်းမှာ KNU နဲ့ မြန်မာအစိုးရ ကိုယ်စားလှယ်တွေအကြား ၃ ကြိမ် တွေ့ဆုံခဲ့ပြီး ဖြစ်ပါတယ်။

XS
SM
MD
LG