သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မတူကွဲပြားစာပေအကျိုးကျေးဇူး ဒေါ်စုဟောပြော


ဧရာဝတီစာပေပွဲတော် တက်ရောက်နေတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်။ (ဖေဖော်ဝါရီလ ၂ ရက်၊ ၂၀၁၃၊)
ဧရာဝတီစာပေပွဲတော် တက်ရောက်နေတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်။ (ဖေဖော်ဝါရီလ ၂ ရက်၊ ၂၀၁၃၊)
မတူညီတဲ့ ယဉ်ကျေးမှုနဲ့ စာပေတွေကတဆင့် မတူကွဲပြားမှုရဲ့ စွမ်းအားနဲ့ အကျိုးကျေးဇူးတွေကို သိရှိနိုင်တယ်လို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ ရန်ကုန်မြို့ Inya Lake ဟိုတယ်မှာ ကျင်းပနေတဲ့ ဧရာဝတီစာပေပွဲတော်မှာ စနေနေ့ က ဒေါ်အောင်ဆန်းစုကြည် ခုလို ဟောပြောခဲ့တာဖြစ်ပါတယ်။ စာပေတွေကနေတဆင့် အကျဉ်းထောင်တွေရဲ့ အကြောင်းတွေကိုလည်း သိခွင့်ရခဲ့တယ် လို့ ဒေါ်အောင်ဆန်း စုကြည် ပြောကြားခဲ့တာနဲ့ ပတ်သက်လို့ မစုမြတ်မွန်က အပြည့်အစုံ တင်ပြထားပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းက ရန်ကုန်မြို့ Inya Lake ဟိုတယ်မှာကျင်းပနေတဲ့ ဧရာဝတီ စာပေပွဲတော်မှာ နိုင်ငံတကာက စာရေးဆရာ ဆရာမတွေနဲ့အတူ မြန်မာနိုင်ငံက စာရေးဆရာ၊ ကဗျာဆရာ၊ ဘလော့ဂါတွေ ပါဝင်ဟောပြော ဆွေးနွေးနေကြပါတယ်။ ခုလို နိုင်ငံစုံ ဒေသစုံက စာရေးဆရာမျိုးစုံ လာရောက် ဟောပြောပြီး အတေ့ွအကြုံ ဖလှယ်ကြတဲ့ စာပေပွဲတော်မျိုးကနေ မြန်မာနိုင်ငံရဲ့ သဘော သဘာဝကို ပိုပြီး လူတွေ တန်ဖိုးထားနိုင်ကြလိမ့်မယ်လို့ စနေနေ့က စာပေပွဲတော်မှာ ဟောပြောသွားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

“ကွဲပြားတဲ့ ယဉ်ကျေးမှုတွေ၊ မတူညီတဲ့ စာပေတွေနဲ့ ထိတွေ့ခွင့်ရတဲ့အတွက် မတူကွဲပြားမှုမှာ ဘယ်လိုစွမ်းအားတွေရှိတယ်၊ မတူကွဲပြားမှုမှာ ဘယ်လို အကျိုးတွေရှိတယ် ဆိုတာကို ကျမတို့ ပိုပြီးနားလည်လာနိုင်ပါတယ်။ မြောက်များလှတဲ့ တိုင်းရင်းသားလူမျိုးတွေ၊ ယဉ်ကျေးမှုတွေနဲ့ ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံမှာ နိုင်ငံတကာစာပေပွဲတော် ကျင်းပတဲ့အတွက်လည်း ကိုယ့်နိုင်ငံရဲ့ အခြေအနေကို ပိုပြီး အသိအမှတ်ပြု သဘောပေါက်နိုင်ပါလိမ့်မယ်။ ကျမတို့အားလုံး မြင်ချင် တဲ့ ပြည်ထောင်စုကြီးအဖြစ် ပုံဖော်ဖို့အတွက် အထောက်အကူရနိုင်ပါလိမ့်မယ်။”


မြန်မာနိုင်ငံမှာ နိုင်ငံခြားဘာသာနဲ့လည်း ဟောပြောတဲ့ နိုင်ငံတကာ စာပေပွဲတော် ဖြစ်ဖို့ အတွက် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံမတ်ကြီးကတော် Jane Heyn က ဦးဆောင်စီစဉ် ခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာကျော်စာရေးဆရာတွေနဲ့ အတူ မြန်မာနိုင်ငံက စာရေးဆရာတွေ ကဏ္ဍမျိုးစုံကနေ ပါဝင်ကြတဲ့ပွဲတော် နာယက ကတော့ ဒေါ်အောင်ဆန်းစုကြည် ဖြစ်ပါတယ်။ အကျဉ်းထောင်တွေအကြောင်း၊ အကျဉ်းသားတွေရဲ့ ဘဝအကြောင်း စာတွေကနေ အတုယူစရာတွေ သိခဲ့ရတာကိုလည်း စနေနေ့က ဟောပြောစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်က ခုလို ပြောပြခဲ့ပါတယ်။

“အကျဉ်းသားမျိုးစုံရဲ့အကြောင်းနဲ့ ထောင်တွေထဲမှာ သူတို့ုဖြတ်သန်းမှု အကြောင်းတွေကို အများကြီး ကျွန်မဖတ်ထားဖူးတော့ အကျဉ်းထောင်တွေနဲ့ ပတ်သက်လို့ ကျမ နိုင်ငံရေးမလုပ်ခင် ဟိုးအရင်ထဲက ကောင်းကောင်းသိနေပြီးသားပါ။ ကျမ အင်းစိန်ထောင်ထဲရောက်တဲ့ ပထမဆုံးနေ့မှာပဲ နောင်ကျရင် ကိုယ့်အတွက် ဘာများ အသုံးဝင်နိုင်မလဲဆိုတာကို တတ်နိုင်သမျှ လိုက်ကြည့် မှတ်သားဖြစ်ပါတယ်။ အဲဒါက စာအုပ်ထဲမှာ ဖတ်ထားဖူးထားပြီး တနေ့ ကိုယ့်အတွက် အသုံးဝင်လာလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့တဲ့ အတွေ့အကြုံမျိုးပါ။”

Inya Lake ဟိုတယ်မှာကျင်းပနေတဲ့ ဧရာဝတီစာပေပွဲတော်က ဒီကနေ့ ဖေဖော်ဝါရီလ ၃ ရက် နေ့မှာ ပြီးဆုံးမှာဖြစ်ပါတယ်။ နိုင်ငံခြားစာပေတွေ ကျယ်ကျယ်ပြန့်ပြန့် မရနိုင်သေးတဲ့ မြန်မာနိုင်ငံမှာ ခုလို နိုင်ငံတကာ စာပေဟောပြောပွဲကို ပထမဆုံးအကြိမ် ကျင်းပနိုင်ခွင့်ရခဲ့တဲ့ အတွက် နောင်မှာ နိုင်ငံခြား စာပေမျိုးစုံကို ပိုပြီး ဖတ်ရှုနိုင်၊ လက်လှမ်းမီနိုင်လာလိမ့်မယ်လို့ စာပေဝါသနာရှင်တွေက မျှော်လင့်နေကြပါတယ်။
XS
SM
MD
LG