သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့ဘဏ်နဲ့ADB မြန်မာကိုကြွေးသစ်ပေးမည်


အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်မှာရှိတဲ့ ကမ္ဘာ့ဘဏ် အဆောက်အဦး။ (ဇန်နဝါရီလ ၁၈ ရက်၊ ၂၀၀၈)။
အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်မှာရှိတဲ့ ကမ္ဘာ့ဘဏ် အဆောက်အဦး။ (ဇန်နဝါရီလ ၁၈ ရက်၊ ၂၀၀၈)။
ကမ္ဘာ့ဘဏ်နဲ့ ADB အာရှဖွံ့ဖြိုးမှုဘဏ်တွေ အပေါ် မြန်မာနိုင်ငံက တင်နေတဲ့ အကြွေးတွေကို ဂျပန်ရဲ့ အကူအညီနဲ့ ပြန်လည် ဆပ်နိုင်ခဲ့ပြီးနောက်မှာ မြန်မာကို အကြွေးသစ်ပေးဖို့ ကမ္ဘာ့ဘဏ်နဲ့ အာရှဖွံ့ဖြိုးမှုဘဏ်တို့က ကြေညာခဲ့ကြပါတယ်။ နှစ်ပေါင်း ၃၀ အတွင်း မြန်မာနိုင်ငံကို ပထမဆုံးချေးငွေအဖြစ် ADB ကဒေါ်လာ ၅၁၂ သန်းပေးမှာဖြစ်သလို၊ ကမ္ဘာ့ဘဏ်က ဒေါ်လာသန်း ၄၄၀ ချေးမယ်လို့ အသိပေးကြေညာလိုက်ပါတယ်။ ဒါပေမဲ့ အဲဒီငွေတွေအားလုံးကို မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သုံးနိုင်မှာပါလား၊ မစုမြတ်မွန်က တင်ပြပါမယ်ရှင်။

မြန်မာ့စီးပွားရေးကို ပြိုင်ဆိုင်နိုင်တဲ့ စီးပွားရေးအခြေအနေရောက်အောင် ကူညီဖို့အတွက်လို့ဆိုပြီး ADBအာရှဖွံ့ဖြိုးမှုဘဏ်က ဒေါ်လာ ၅၁၂ သန်းချေးမယ်လို့ ကြေညာလိုက်သလို၊ ဆင်းရဲမွဲတေမှု ကျဆင်းရေးနဲ့ သာယာဝပြောလာမှုကို အားလုံးမျှဝေခံစားနိုင်ရေး မြန်မာအစိုးရရဲ့ ကြိုးပမ်းမှုတွေကို တွန်းအားပေးတဲ့အနေနဲ့ မြန်မာနိုင်ငံကို ဒေါ်လာ သန်း ၄၄၀ အကြွေးပေးဖို့ ကမ္ဘာ့ဘဏ် အုပ်ချုပ်မှုအဖွဲ့က အတည်ပြုလိုက်ပြီလို့ ကမ္ဘာ့ဘဏ်က ကြေညာခဲ့တာဖြစ်ပါတယ်။ ကမ္ဘာ့ဘဏ်နဲ့ ADB တို့အပေါ် မြန်မာနိုင်ငံတင်နေတဲ့ အကြွေးတွေကို ပြန်မဆပ်ခဲ့တဲ့အတွက် နှစ်ပေါင်း ၃၀ လောက် မြန်မာနိုင်ငံအပေါ် ထောက်ပံ့ ကူညီမှုတွေကို ရပ်ဆိုင်းထားရာကနေ ခုလို ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ချေးငွေတွေ ပြန်ပေးမယ်လို့ ကြေညာခဲ့ကြတာဖြစ်ပါတယ်။

ADB ကို မြန်မာနိင်ငံက တင်နေတဲ့ အကြွေး သန်း ၅၀၀ လောက်နဲ့ ကမ္ဘာ့ဘဏ်အပေါ်တင်နေတဲ့ အကြွေး သန်း ၄၀၀ နီးပါးကို နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဂျပန်ဘဏ် JBIC ကနေ အခုဇန်နဝါရီလထဲမှာပဲ ကြားကနေ ယာယီ ဝင်ဆပ်ပေးခဲ့ပြီးနောက်မှာ ခုလို မြန်မာနိုင်ငံ ကို ပြန်လည် ချေးငွေထုတ်ပေးတော့မယ်လို့ ကြေညာခဲ့ကြတာ ဖြစ်ပါတယ်။ ဒါဟာ မြန်မာနိုင်ငံ အတွက် သမိုင်းဝင် အရေးပါတဲ့ အချိန်ဖြစ်တယ်လို့ ADB ဒုဥက္ကဋ္ဌ Stephen Groff က ကြေညာချက်ထဲမှာ ပြောထားပါတယ်။ အလှူရှင်တွေ ပြန်လည်ပေးလာတဲ့ အကူအညီတွေကို အကျိုးအရှိဆုံး သုံးစွဲတဲ့ အခြေအနေဖြစ်ဖို့အတွက် တည်ငြိမ်ပြီး ရေရှည်ခံတဲ့ ကိစ္စတွေအပေါ်မှာ ADB က အာရုံစိုက်လုပ်မယ်လို့ ဖော်ပြထားပါတယ်။

လူမှုရေးနဲ့ စီးပွားရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုတွေတွက် မြန်မာနိုင်ငံထဲမှာ ADB ရဲ့ ကူညီထောက်ပံ့ရေး လုပ်ငန်းတွေကို ပြန်စမယ်ဆိုတာကိုလည်း ဒီကနေ့ တနင်္လာနေ့ နေ့စွဲနဲ့ ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ အသိပေးထားပါတယ်။ ကမ္ဘာ့ဘဏ်ကလည်း ဘဏ္ဍာရေးနဲ့ နည်းပညာအကူအညီတွေကို အပြည့်အဝ ပြန်ပေးတော့မယ်ဆိုတာကို တနင်္ဂနွေနေ့က ထုတ်ပြန်ကြေညာပါတယ်။ အခုလို စီးပွားရေးဆိုင်ရာ အပြောင်းအလဲတွေ ဖြစ်လာအောင် မြန်မာနိုင်ငံ ဟာ အချိန်တော်တော်ကြာ ဖြတ်သန်းလာခဲ့ရတာ ဖြစ်တယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှုး Annette Dixon က ပြောပါတယ်။ မြန်မာနိုင်ငံမှာ နောက်ထပ် လုပ်စရာတွေ အများကြီးရှိနေသေးတယ် ဆိုတာကိုလည်း ကမ္ဘာ့ဘဏ်ရဲ့ ထုတ်ပြန်ချက်ထဲမှာ သူကပြောထားပါတယ်။

မြန်မာနိုင်ငံမှာ လာရောက် ရင်းနှီးမြှုပ်နှံချင်သူတွေကို စွဲဆောင်နိုင်ဖို့၊ တိုးတက်မှုတွေ ရှိလာအောင်လို့နဲ့ အလုပ်အကိုင်တွေ ဖန်တီးနိုင်ဖို့အတွက် ကမ္ဘာ့ဘဏ်အနေနဲ့ အာရှဖွံ့ဖြိုးမှုဘဏ်၊ ဂျပန်အစိုးရအပြင် တခြားမိတ်ဖက် အဖွဲ့အစည်းတွေနဲ့ လက်တွဲဆောင်ရွက်နေတယ် လို့လည်း ကမ္ဘာ့ဘဏ်က ဆိုပါတယ်။ မြန်မာနိုင်ငံမှာ သမ္မတဦးသိန်းစိန်လက်ထက် ပြုပြင်ပြောင်းလဲမှုတွေ လုပ်လာတဲ့နောက်ပိုင်း မြန်မာအစိုးရနဲ့ ပြန်လည် ပူးပေါင်းဆောင်ရွက် လာတဲ့ အဖွဲ့အစည်းတွေထဲမှာ ကမ္ဘာ့ဘဏ်နဲ့ ADB အာရှဖွံ့ဖြိုးမှုဘဏ်တို့လည်း ပါဝင်ပါတယ်။ ဘဏ် ၂ ခုလုံးက ရုံးခွဲတွေကို မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ နှစ်က ဖွင့်လှစ်ခဲ့ကြပါတယ်။

အခု ADB က ဒေါ်လာ ၅၁၂ သန်းနဲ့ ကမ္ဘာ့ဘဏ်က ဒေါ်လာ သန်း ၄၄၀ ပြန်လည် ချေးတယ်ဆိုပေမဲ့ ဒီဘဏ်တွေဆီက ခုလို အကြွေးပြန်ရနိုင်ဖို့ ကြားကနေ အကြွေးဆပ်ပေးထားတဲ့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဂျပန်ဘဏ် JBIC ကို မြန်မာက ပြန်ပြီး အကြွေးတွေ ဆပ်ရဦးမှာဖြစ်ပါတယ်။ အကြွေးသစ် စုစုပေါင်း ၉၅၂ သန်းထဲက အကြွေးနဲ့ အတိုးသန်း ၉၀၀ လောက်ကို မြန်မာက ပြန်ဆပ်ရမယ့် အခြေအနေဖြစ်ပါတယ်။
XS
SM
MD
LG