သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခရိုင်၊ မြို့နယ်၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေ ရာထူးအခေါ် ပြောင်းပေမဲ့ အများစု လူမပြောင်း


ခရိုင်၊ မြို့နယ်၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေ ရာထူးအခေါ် ပြောင်းပေမဲ့ အများစု လူမပြောင်း
ခရိုင်၊ မြို့နယ်၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေ ရာထူးအခေါ် ပြောင်းပေမဲ့ အများစု လူမပြောင်း

မြန်မာနိုင်ငံမှာ အစိုးရသစ် ပြောင်းလဲ ဖွဲ့စည်းပြီးတဲ့နောက် တိုင်းနဲ့ပြည်နယ် အသီးသီးက ရယက ခေါ် ရပ်ကွက်နဲ့ ကျေးရွာ အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌတွေကို အုပ်ချုပ်ရေးမှူး အမည်နဲ့ အစားထိုး ပြောင်းလဲလိုက်ချိန်မှာ တချို့ဒေသတွေမှာတော့ အရင် ရယက ဥက္ကဋ္ဌတွေကို ဆက်လက် ခန့်ထားတဲ့အပေါ် ကန့်ကွက်တာတွေ ရှိနေပါတယ်။ ချင်းပြည်နယ် အတွင်းမှာတော့ အသစ်ပြောင်းလဲလိုက်တဲ့ အုပ်ချုပ်ရေး အဖွဲ့သစ်က အုပ်ချုပ်ရေး ရန်ပုံငွေအတွက်ဆိုပြီး တအိမ်ထောင်ကို တလ ၅၀၀ ကျပ် ကောက်ခံနေတာကြောင့် ဒေသခံတွေ စိတ်ပျက်နေကြတယ်လို့ ဆိုပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

မတ်လ ၃၀ ရက်နေ့က ပြည်ထောင်စု အစိုးရအဖွဲ့ကို သမ္မတသစ် ဦးသိန်းစိန် စတင် တာဝန်ယူချိန်မှာ နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေး ကောင်စီရဲ့ အုပ်ချုပ်ရေး ယန္တရား အဆင့်ဆင့်ကို ဖျက်သိမ်းကြောင်း တရားဝင် ကြေညာခဲ့တာ ဖြစ်ပါတယ်။

ဒီလို ကြေညာပြီးတဲ့ နောက်ပိုင်းမှာ ရပ်ကွက်နဲ့ ကျေးရွာအဆင့် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေး ကောင်စီတွေကို ဖျက်သိမ်းပြီး အရင် ရယက ဥက္ကဋ္ဌ အမည်အစား အုပ်ချုပ်ရေးမှူးအဖြစ် အစားထိုး ပြောင်းလဲလိုက်ပါတယ်။ ဒါပေမဲ့ နေရာဒေသ အတော်များများမှာ အရင် ရယက ဥက္ကဋ္ဌတွေကိုပဲ အုပ်ချုပ်ရေးမှူးအဖြစ် ဆက်လက်ခန့်ထားပြီး စကားလုံး ပြောင်းလဲလိုက်ပေမဲ့ လူမပြောင်းလဲတာကြောင့် တချို့ဒေသတွေမှာ ကန့်ကွက်တာတွေ ရှိနေပါတယ်။

ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ် အတွင်းက အခြေအနေကိုတော့ လွှတ်တော်ကိုယ်စားလှယ် တဦးဖြစ်တဲ့ ဦးသိန်းညွန့်က အခုလို ပြောပါတယ်။

“ကျနော်တို့ကတော့ သင်္ဃန်းကျွန်းက ၆ ရပ်ကွက်ကို အုပ်ချုပ်ရေးမှူးတွေ အပြောင်းအလဲ လုပ်ပေးဖို့ လူထုက ဒီလို တင်ပြလာတယ် ဆိုတာကိုတော့ ပြည်ထဲရေးဝန်ကြီးဆီကို ကျနော် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်နဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်တို့က လက်မှတ်ထိုးပြီးတော့ တင်ပြထားပါတယ်။

“ကျနော်တို့ကတော့ ကွင်းဆင်း လေ့လာပြီးတော့ လူထုရဲ့အသံက ဒီလို၊ တကယ့် ဖြစ်ပျက်နေတဲ့ ဖြစ်ရပ်က ဒီလို၊ အဲဒီအခြေအနေကို လွှတ်တော် အစည်းအဝေး ကျင်းပချိန် မဟုတ်တဲ့အတွက် လွှတ်တော်ထဲမှာ ပြောဆိုခွင့် အချိန်မရသေးတဲ့ အချိန်မှာ သက်ဆိုင်ရာ ပြည်ထဲရေး ဝန်ကြီးဆီကိုတော့ ဖြစ်ကြောင်းရယ် ကုန်စင်ကို ကျနော်တို့ ရေးသား ပေးပို့နေတာပေါ့။”

သင်္ဃန်းကျွန်း ၆ ရပ်ကွက်က အုပ်ချုပ်ရေးမှူး ပြောင်းလဲဖို့ တင်ပြ တောင်းဆိုရတာဟာ ရယက ဥက္ကဋ္ဌ တာဝန်ယူစဉ်က စီမံခန့်ခွဲမှု အားနည်းတာနဲ့ လာဘ်စားမှုတွေ ရှိတာကြောင့် ဖြစ်တယ်လို့ ဦးသိန်းညွန့်က အခုလို ဆက်ပြောပါတယ်။

“လူထုက တင်ပြတဲ့ အထောက်အထားတွေအရ အခုခန့်ထားတဲ့ အုပ်ချုပ်ရေးမှူးတွေက အရင် ရယက ဥက္ကဋ္ဌ လုပ်တုန်းက အရက်ပုန်းရောင်းတဲ့သူတွေ ပါတယ်ဗျာ။ ဧည့်စာရင်းတို့ အိမ်ရှင် အိမ်ငှား စာချုပ်တို့ကို အကြောင်းပြုပြီးတော့ လူထုဆီက ငွေကို တရားမဝင် တောင်းခံတာပေါ့၊ အဲဒီအချက်တွေကို အဓိကထားပြီး တင်ပြပေးထားပါတယ်။

“ဒီအထဲမှာ အဆိုးဆုံးကတော့ ရပ်ကွက် အုပ်ချုပ်ရေးမှူး ခန့်ဖို့အတွက် ထောက်ခံပေးတဲ့သူ၊ ခန့်တဲ့သူတွေက သမ္မတကြီး ဦးသိန်းစိန် ပြောကြားထားတဲ့ လာဘ်ပေးလာဘ်ယူမှုနဲ့ မကင်းတဲ့ သတင်းတွေလည်း ကျနော်တို့ ကြားနေရတယ်။ လူထုကလည်း ထုတ်ဖော် ပြောနေကြပါပြီ။ ကျနော်တို့ သင်္ဃန်းကျွန်းက ၆ ရပ်ကွက် ဆိုပေမဲ့ နောက်ထပ် လာဦးမယ်လေ။ တခြားမြို့နယ်တွေမှာလည်း ဒီသတင်းတွေက တော်တော်များများ အသံထွက်နေပြီကိုး။”

ဒီကိစ္စနဲ့ ပတ်သက်ပြီး အစိုးရက မကြာခင်မှာ အရေးယူ ဆောင်ရွက်ပေးလိမ့်မယ်လို့လည်း ဦးသိန်းညွန့်က မျှော်လင့်ကြောင်း ပြောပါတယ်။

ဧရာဝတီတိုင်း မြောင်းမြမြို့နယ်က အမည်မဖော်လိုသူ တယောက်ကလည်း သူတို့မြို့နယ် အတွင်းမှာ အလားတူ အုပ်ချုပ်ရေး ညံ့ဖျင်းမှုနဲ့ လာဘ်စားတာတွေ ရှိတာကြောင့် အရင် ရယက ဥက္ကဋ္ဌတွေကို အုပ်ချုပ်ရေးမှူး ဆက်မခန့်ဖို့ တောင်းဆိုတာတွေ ရှိနေတယ်လို့ ပြောပါတယ်။

ချင်းပြည်နယ် ဟားခါးမြို့မှာတော့ အရင် ရယက ဥက္ကဋ္ဌတွေကို အုပ်ချုပ်ရေးမှူးအဖြစ် ဆက်လက်ခန့်ထားနေပြီး အုပ်ချုပ်ရေးအဖွဲ့က လစဉ် ရန်ပုံငွေ ကောက်ခံနေတာကြောင့် လူထုက စိတ်ပျက်နေကြတယ်လို့ မြို့ခံတဦးက အခုလို ပြောပါတယ်။

“အခု ဟားခါးမှာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ ရန်ပုံငွေအတွက် ဆိုပြီးတော့ တအိမ်ထောင်ကို တလ ၅၀၀ ကျပ် ရန်ပုံငွေ ကောက်ခံနေတယ်။ ဟားခါးမှာ အိမ်ထောင်က ၄,၀၀၀ လောက် ရှိတယ်။ လစဉ် လစဉ် ကောက်တဲ့ဟာက ကျနော်တွက်ကြည့်တော့ သိန်း ၂၀ လောက် ကောက်နေတယ်။ ရပ်ကွက်ရန်ပုံငွေ ဆိုတာက ဒီငွေတွေနဲ့ ဘာများလုပ်ဖို့ ရှိသလဲ ဆိုတော့လည်း သူတို့ ဘာမှမပြောဘူး။ အထက်ခွင့်ပြုချက်နဲ့ ကောက်တာလား၊ သူတို့ဟာသူတို့ ကောက်တာလား ဆိုတာလည်း ကျနော်တို့ မသိဘူး။ ပြည်သူလူထုက ညည်းနေကြတယ်။ ဒါကြောင့် အခု ဒီမိုကရေစီ ထူထောင်နေတယ် ဆိုပေမဲ့ အရင် နအဖ စစ်တပ် အုပ်ချုပ်တုန်းက အတိုင်းပါပဲ။ ဘာမှ ထူးမခြားနားဘူးလို့ ပြောနေကြတယ်။”

ဟားခါးမြို့ လူထုက တစုံတရာ ကန့်ကွက်တာ မရှိဘူးလို့ သူက ပြောပါတယ်။ အချို့ဒေသတွေမှာတော့ လူထုက ကန့်ကွက်သူတွေကို အစားထိုး ခန့်အပ်တာ ရှိတယ်လို့လည်း သိရပါတယ်။

ဒီလို နေရာဒေသ အများစုမှာ အုပ်ချုပ်ရေးမှူး ခန့်ထားတဲ့အပေါ် ကန့်ကွက်တာ မကျေနပ်တာတွေ ရှိပေမဲ့ မကွေးတိုင်း မင်းဘူးမြို့မှာတော့ ရယက ဥက္ကဋ္ဌကို အုပ်ချုပ်ရေးမှူးအဖြစ် ဆက်လက် ခန့်ထားတဲ့ အပေါ်မှာ ကျေနပ်သူတွေလည်း ရှိပါတယ်။

“လက်ရှိလူတွေကိုပဲ ပေးထားတာပါ။ အပြောင်းအရွှေ့ မရှိပါဘူး။ ကျေးရွာဆိုလည်း အရင်တုန်းက လုပ်ခဲ့တယ်ပေါ့လေ။ ရွေးချယ်ပွဲ မတိုင်ခင်က လူတွေပဲ အုပ်ချုပ်ရေးမှူးဆိုပြီး ပေးတာပေါ့။ ကျမတို့ အမှတ် ၂ မှာဆိုရင်လည်း အုပ်ချုပ်ရေးမှူးဆိုပြီး ဦးတင်ကြိုင်ကို အဲဒီလိုပဲ ပေးတာပေါ့။ စစ်အုပ်ချုပ်ရေးတုန်းကလည်း ဦးတင်ကြိုင်ပဲ။ အခုလည်း ဦးတင်ကြိုင်ပဲ။ ရပ်ကွက်ကလည်း ကြိုက်ပါတယ်။ သူ့ရဲ့ လုပ်ရပ်ကလေးတွေကလည်း ကောင်းပါတယ်။ ရပ်အကျိုး၊ ရွာအကျိုး၊ ကျောင်းအကျိုး၊ ကျန်းမာရေးအကျိုး၊ အဆောက်အဦးတွေက အစ တိုးတက်တယ်လေ။ အဲဒီတော့ ဦးတင်ကြိုင်ကို ကြိုက်ကြပါတယ်။”

မင်းဘူးမြို့ခံတယောက် ပြောသွားတာ ဖြစ်ပါတယ်။

စစ်အစိုးရက ရေးဆွဲ အတည်ပြုခဲ့တဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေမှာတော့ ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်ချုပ်ရေးကို ရပ်ရွာက ကြည်ညိုလေးစားပြီး သိက္ခာ သမာဓိ ရှိသူကို ဥပဒေနဲ့အညီ ခန့်ထားရမယ်လို့ ဖော်ပြထားပါတယ်။ သမ္မတသစ် ဦးသိန်းစိန်ရဲ့ မိန့်ခွန်းမှာလည်း အဂတိ လိုက်စားတာတွေကို ပပျောက်အောင် လုပ်ဆောင်မယ်လို့ ကတိပြု ပြောကြားထားတာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG