သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွှတ်တော်ကော်မရှင် ဖိတ်ခေါ်မှု ဖွဲ့စည်းပုံခုံရုံး ဖီဆန်


လွှတ်တော်ကော်မီတီနဲ့ ကော်မရှင်တွေဟာ ပြည်ထောင်စုအဆင့်မဟုတ်ဘူးလို့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးက ဆုံးဖြတ်ခဲ့ပြီးတဲ့နောက် ဒါဟာ တည်ဆဲဥပဒေတွေနဲ့ ကိုက်ညီခြင်း ရှိမရှိ စုံစမ်း စစ်ဆေးဖို့အတွက် လွှတ်တော်စုံစမ်းရေးကော်မရှင်က ခုံရုံးအဖွဲ့ဝင်တွေကို ဗုဒ္ဓဟူးနေ့ တုန်းက ခေါ်ယူခဲ့ ပါတယ်။ ဒါပေမဲ့ ခုံရုံးဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင်တွေ မလာခဲ့ကြပါဘူး။ ဒါဟာ ဘာသဘောပါလဲ။ ဘန်ကောက်ရုံးကနေ ဗွီအိုအေ ဝိုင်းတော်သား ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ဖွဲ့စည်းပုံဥပဒေဆိုင်ရာ ခုံရုံးက လွှတ်တော်ကော်မီတီ၊ ကော်မရှင်တွေဟာ ပြည်ထောင်စုအဆင့် မဟုတ်ဘူးလို့ ဆုံးဖြတ်ချက် ချလိုက်ပြီးတဲ့နောက်ပိုင်း လွှတ်တော်နဲ့ ဖွဲ့စည်းပုံခုံရုံးအကြား သဘောထား ကွဲပြားမှုတွေ ဖြစ်လာခဲ့တာ အခုဆို လနဲ့ချီ ကြာလာပြီဖြစ်ပါတယ်။

နောက်ဆုံးမှာတော့ ဒီကိစ္စဟာ လုပ်ပိုင်ခွင့် မူဝဒါတွေနဲ့ ဆက်နွယ် ပတ်သက်နေတာကြောင့် လွှတ်တော် နှစ်ရပ်စလုံးက ခုံရုံးအဖွဲ့အနေနဲ့ သူတို့ ဆုံးဖြတ်ချက် ပြန်ပြင်ပေးဖို့ တိုက်တွန်း လုပ်ဆောင်လာခဲ့တာမှာ မူအားဖြင့် လွှတ်တော်အမတ်အများစုက ထောက်ခံခဲ့တဲ့အတွက် စုံစမ်းရေး ကော်မရှင် ဖွဲ့ပြီး တာဝန်ပေးအပ်ခဲ့တာပါ။

သူတို့ရဲ့လုပ်ဆောင်ချက်နဲ့ပတ်သက်လို့ ကော်မရှင်ထံမှာ လာရောက် ရှင်းလင်းတင်ပြဖို့ အကြိမ်ကြိမ် အကြောင်းကြားခဲ့ပေမယ့် ခုံရုံးဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင်တွေက လာရောက် ထွက်ဆိုပေးခြင်းမရှိဘူးလို့ လွှတ်တော်စုံစမ်းရေးကော်မရှင် အဖွဲ့ဝင်လည်းဖြစ်၊ ကျောက်ဖြူမဲဆန္ဒနယ်ကိုယ်စားပြု ရခိုင်တိုင်း ရင်းသားများ တိုးတက်ရေးပါတီက ပြည်သူ့လွှတ်တော်အမတ်လည်းဖြစ်တဲ့ ဦးဘရှင်က ပြောပါတယ်။

“ကျနော်တို့က သုံးရက်နေ့ကပဲ ဒီလူတွေကို စစ်ဖို့ ချိန်းထားပါတယ်။ ၃ ရက်၊ ၄ ရက်၊ ၅ ရက်- တယောက်မှ မလာပါဘူး။ သူတို့က စာနဲ့ရေးပြီးပို့တာ။ ကျနော်တို့က စာနဲ့ရေးပို့နေတာတော့ ကြာပါပြီ။ သူတို့ဆီက စာကတော့ လှမ်းလှမ်းပြီးပို့တယ်။ သူတို့မှာ အဲဒီလို စာပို့ဖို့ အခွင့်အရေးရှိသလို ကျနော်တို့ ကလည်း စုံစမ်းစစ်ဆေးရေးအဖွဲ့မှာ ပေးအပ်ထားတဲ့ ဥပဒေနဲ့အညီ၊ ညွှန်ကြားချက်နဲ့အညီ၊ စည်းမျဉ်း စည်းကမ်းနဲ့အညီ တာဝန်ပေးအပ်ထားတဲ့ လုပ်ပိုင်ခွင့်တွေကို ကျင့်သုံးပြီး ဆက်ပြီး အလုပ်လုပ်မှာပါ။”

တဘက်မှာ ဒီကိစ္စနဲ့ပတ်သက်လို့ မပြေလည်မှုတွေ ဆက်လက် ဖြစ်ပေါ်နေတဲ့အချိန်မှာပဲ စစ်တပ်က တရားဝင်ထုတ်ဝေတဲ့ မြဝတီ နေ့စဉ်သတင်းစာ ထဲမှာ နောက်ဆက်တွဲ ဆန်းစစ်ချက် ဆောင်းပါး တစောင် ရေးလာပြန်တဲ့အတွက် သြဂုတ်လ ၅ ရက်နေ့ လွှတ်တော်စည်းဝေးပွဲအတွင်း လွှတ်တော် ကိုယ်စားလှယ်တွေဘက်က မေးခွန်းထုတ်စရာ ဖြစ်ပေါ်လာပြန်တာပါ။

ဒီဆောင်းပါအကြောင်းအရာနဲ့ပတ်သက်လို့ လွှတ်တော်အတွင်း ဆွေးနွေးဖြစ်ကြပုံတွေကိုတော့ သီပေါမြို့ မဲဆန္ဒနယ်ကိုယ်စားပြု ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီက ပြည်သူ့လွှတ်တော် အမတ် ဦးရဲထွန်းက ရှင်းပြပါတယ်။

“ဦးသိန်းထွန်းဦး အမရပူရမဲဆန္ဒနယ်က မေးတဲ့ Union Level --- သို့မဟုတ် ပြည်ထောင်စုအဆင့် ဖွင့်ဆိုခြင်း၏ နောက်ဆက်တွဲ ဆန်းစစ်ချက်ဆိုတဲ့ ဒီဆောင်းပါးနဲ့စပ်လျှဉ်းပြီး မေးခွန်း-ဆိုတာ။ အဲဒါက ၄ ရက်နေ့ကမှ မြဝတီသတင်းစာမှာပါလာတဲ့ ဒေါက်တာမာလာအောင်ရဲ့ ဆောင်းပါး။ အဲဒီ ဆောင်းပါး ကတော့ အခု လွှတ်တော်နဲ့ ခုံရုံးနဲ့မှာ ဖြစ်နေတဲ့ကိစ္စကို သူကနေပြီးတော့ ဥပဒေကြောင်းဆိုင်ရာ အရ ဆောင်းပါးရေးထားတာ။ အဲဒါနဲ့ ပတ်သက်ပြီးတော့ လွှတ်တော်ကိုယ်စားလှယ် တော်တော် များများက မကျေမနပ်ဖြစ်နေကြတယ်။ ဆောင်းပါးရေးတဲ့ ပုဂ္ဂိုလ်ကလည်း ဘက်လိုက်မှု ရှိပြီးတော့ သူရေးတဲ့အရေးအသားတွေကလည်း သိပ် ကျိုးကြောင်းဆီလျှော်မှု မရှိဘူးပေါ့။ မျှတမှု မရှိဘူးဆိုတဲ့ ဟာကို ဦးသိန်းထွန်းဦးက မေးတာ။ မေးတော့ ပြန်ကြားရေးဝန်ကြီးဌာနကိုလည်း ဘာကြောင့် ဒီဟာ ကို နိုင်ငံပိုင် သတင်းစာမှာ ထည့်ရသလဲ-ပေါ့။ အဲသလိုလည်း မေးတယ်။”

ဒီမေးခွန်းနဲ့ပတ်သက်လို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်က လွှတ်တော်အတွင်း လာရောက် ဖြေကြားခဲ့ပေမယ့်လည်း သူ့အနေနဲ့ ဒီကိစ္စကို အနားကပ်ပြီးမှ သိရတဲ့အတွက် ရှေ့တပတ် တနင်္လာနေ့မှ ဖြေကြားခွင့်ပြုဖို့ ရက်တိုးတောင်းခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံ ဖွဲ့စည်းပုံဆိုင်ရာခုံရုံးရဲ့ လုပ်ဆောင်ချက်နဲ့ပတ်သက်လို့ လွှတ်တော် စုံစမ်းရေးကော်မရှင် ကိုတော့ အဖွဲ့ဝင် ၁၅ ဦးနဲ့ သြဂုတ်လ ၂၉ ရက်နေ့မှာ ဖွဲ့စည်းပေးလိုက်တာပါ။

လွှတ်တော်အတွင်း သြဂုတ်လ ၅ ရက်နေ့မှာ တခြား ဆွေးနွေးခဲ့ကြတဲ့ အကြောင်းအရာတွေကတော့ ကိုယ့်ဒေသအခြေအနေတွေနဲ့ ပတ်သက်လို့ ဆောင်ရွက်ပေးရမယ့် လုပ်ငန်းများကိစ္စအပါအဝင် သင်္ဃန်းကျွန်းမြို့မဲဆန္ဒနယ်ကိုယ်စားပြု အမျိုးသားဒီမိုကရေစီ ပါတီသစ်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် အမတ် ဦးသိန်းညွှန့်ရဲ့ အဂတိလိုက်စားမှု တားမြစ်ရေးဆိုင်ရာ ဥပဒေမူကြမ်းကိစ္စကို ဆွေးနွေးဖို့ ရှိပေမယ့်လည်း အမျိုးသားလွှတ်တော်ဘက်ကလည်း အလားတူ ဥပဒေကြမ်းကို တင်သွင်းလာတာ ရှိတဲ့အတွက် သူ့ဥပဒေကြမ်းကို ရုပ်သိမ်းကြောင်း ဦးသိန်းညွှန့်က အဆိုတင်သွင်းခဲ့တာတွေ ဖြစ်တယ်လို့ သိရပါတယ်ခင်ဗျား။
XS
SM
MD
LG