သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံ ငှက်ဖျားရောဂါတိုက်ဖျက်ရေး ဒေါ်လာ သန်း ၂၀ လိုအပ်


မြန်မာနိုင်ငံ ငှက်ဖျားရောဂါတိုက်ဖျက်ရေး ဒေါ်လာ သန်း ၂၀ လိုအပ်
မြန်မာနိုင်ငံ ငှက်ဖျားရောဂါတိုက်ဖျက်ရေး ဒေါ်လာ သန်း ၂၀ လိုအပ်

မြန်မာနိုင်ငံမှာ ငှက်ဖျားရောဂါ ကာကွယ်တိုက်ဖျက်ဖို့ အမေရိကန် ဒေါ်လာ ခန့်မှန်းခြေ သန်း ၂၀ လောက် လိုအပ်နေတယ်လို့ ကုလသမဂ္ဂ ကလေးသူငယ်များ ရန်ပုံငွေအဖွဲ့ (UNICEF) က ပြောလိုက်ပါတယ်။ ရောဂါကာကွယ်ဖို့အတွက် ဆေးစိမ်ခြင်ထောင်တွေ ဖြန့်ဝေပေးရေးနဲ့ ရောဂါဆန်းစစ်ပြီး လိုအပ်တဲ့ ကုသမှုတွေပေးနိုင်ဖို့ ထောက်ပံ့ငွေတွေလိုအပ်နေတယ်လို့ UNICEF ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေအကြီးအကဲ Osamu Kunil က ပြောပါတယ်။

ငှက်ဖျားရောဂါတိုက်ဖျက်ရေးမှာ အဓိက စိန်ခေါ်နေတာက ထောက်ပံ့ငွေ မလုံလောက်မှုနဲ့ ဆေးမတိုးတဲ့ ငှက်ဖျားရောဂါတွေဖြစ်တယ်လို့ သူကပြောပါတယ်။ ထိုင်း-မြန်မာနယ်စပ်နဲ့ မွန်ပြည်နယ်တောင်ပိုင်းတွေမှာ ဆေးမတိုးတဲ့ ငှက်ဖျားရောဂါတွေကို တွေ့ရတယ်လို့ ပြောပါ တယ်။

နိုင်ငံတကာ NGO အဖွဲ့အစည်းက လူတယောက်ကလဲ ငှက်ဖျားရောဂါသည်တွေရှိတဲ့ နေရာတွေဆီ သွားလာရေးပိုင်းမှာ ကန့်သတ်ချက်တွေရှိတာ၊ ထောက်ပံ့ရေးပစ္စည်းတွေ ပို့ဆောင်ပေးတဲ့နေရာမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေကလဲ ငှက်ဖျားရောဂါ တိုက်ဖျက်ရေး အတွက် စိန်ခေါ်မှုတွေဖြစ်တယ်ဆိုတာကို ရန်ကုန်ကလာတဲ့ IRIN သတင်းမှာ ဖော်ပြထားပါ တယ်။

မြန်မာနိုင်ငံမှာ တနှစ်တနှစ်ကို ငှက်ဖျားရောဂါဖြစ်ပွားသူ လေးသန်းကျော်ကနေ ရှစ်သန်းခွဲ လောက်ရှိမယ်လို့ လေ့လာသူတွေက ခန့်မှန်းထားပါတယ်။

မြန်မာနိုင်ငံ လူဦးရေ သန်း ၅၀ ကျော်ရဲ့ လေးပုံ သုံးပုံကျော်ဟာ ငှက်ဖျားရောဂါ ကူးစက်ဖြစ်ပွားနိုင်တဲ့ ဒေသတွေမှာ နေထိုင်နေကြတာဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံပေါင်း ၉၀ မှာရှိတဲ့ လူသန်း သုံးရာကျော်ဟာ ငှက်ဖျားရောဂါ ခံစားနေရပြီး အဲဒီအထဲက လူတသန်းကျော်လောက်လည်း နှစ်စဉ် သေကြေမှုတွေ ရှိနေပါတယ်။ သေဆုံးမှုအများစုဟာ အာဖရိကတိုက်မှာ ဖြစ်ပါတယ်။

XS
SM
MD
LG