သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မီဒီယာဥပဒေကို လွတ်လပ်ခွင့်ပေးရေး အခြေခံနဲ့ ချဉ်းကပ်သင့်


လွှတ်တော်မှာ မကြာခင် အဆိုပြု တင်သွင်းဖို့ရှိနေတဲ့ မီဒီယာဆိုင်ရာ ဥပဒေမူကြမ်းနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ ရှေ့နေများကောင်စီ (BLC) က ဘာတွေ အဆိုပြုထားပါသလဲ။ ဦးစံမိုးဝေက တင်ပြထားပါတယ်။

မြန်မာအစိုးရကနေ ရေးဆွဲထားတဲ့ ပုံနှိပ်ထုတ်ဝေခွင့် ဥပဒေကြမ်းကို ပြန်ကြားရေးဌာနကနေ ရှေ့နေချုပ်ရုံးကို တင်ထားတယ်လို့ ဆိုပါတယ်။ ပြည်ပမှာအခြေစိုက်တဲ့ မြန်မာနိုင်ငံ ရှေ့နေများကောင်စီ အထွေထွေ အတွင်းရေးမှူး ဦးအောင်ထူးကတော့ မီဒီယာနဲ့ပတ်သက်ပြီး ဥပဒေ ရေးဆွဲမယ်ဆိုရင် လူထုရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုပိုင်ခွင့်ကို အကာအကွယ်ပေးတဲ့ နည်းလမ်းနဲ့ အဲဒီဥပဒေကို ချဉ်းကပ်သင့်တယ်လို့ ပြောပါတယ်။

“လူထုကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အခွင့်အရေး ပေးမယ်ဆိုတဲ့ အခြေခံနဲ့ ချဉ်းကပ်ဖို့လိုပါတယ်။ လူထုက လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ကျင့်သုံးတာကို ထိန်းချုပ်မယ်ဆိုတဲ့ အခြေခံနဲ့ ချဉ်းကပ်ခဲ့တာ ကြာပါပြီ။ အဲဒီတော့ ဒီချဉ်းကပ်မှုကို ပြောင်းစေချင်တယ်။ လက်တွေ့အရ ပြောမယ်ဆိုရင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ (၃၅၄) မှာရှိတဲ့ ပြဌာန်းချက်ဟာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုနိုင်ခွင့်ကို ကန့်သတ်တဲ့ ပိတ်ပင်တားဆီးဖို့ အခြေခံကနေ ချဉ်းကပ်ထားတာပါ။ အဲဒီတော့ ကျနော်တို့က ဥပဒေအရ စဉ်းစားပုံကို မှန်မှန်ကန်ကန် စဉ်းစားစေချင်တယ်။ အဲဒီတော့ အခု အထဲထဲမှာဗျာ၊ မီဒီယာ workshop လုပ်နေကြတယ်။ ကျနော်တို့က သူတို့ဘာတွေ ချဉ်းကပ်လဲမသိဘူး။ ကျနော်တို့ အကြံပေးချင်တဲ့အချက်က ဘာလဲဆိုတော့ ချဉ်းကပ်ပုံ ချဉ်းကပ်နည်းက လူထုရဲ့ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုပိုင်ခွင့်ကို ပိတ်ပင်တဲ့ ထိန်းချုပ်တဲ့အခြေခံက မချဉ်းကပ်ဘဲနဲ့ ဖွင့်ပေးတဲ့ အားပေးတဲ့အခြေခံက ချဉ်းကပ်ဖို့လိုတယ်။”

လက်ရှိ တည်ဆဲဥပဒေထဲမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုပိုင်ခွင့်ကို အဟန့်အတား ဖြစ်နေတာတွေ အများကြီးရှိနေတယ်။ အဲဒီဥပဒေတွေ တည်ရှိနေသ၍ မီဒီယာဥပဒေကောင်းတစ်ခု ထွက်လာနိုင်မှာ မဖြစ်နိုင်ကြောင်းလည်း သူက ထောက်ပြပါတယ်။

“လက်ရှိ မြန်မာနိုင်ငံမှာ တည်ရှိနေတဲ့ အဟန့်အတားဖြစ်နေတဲ့ ဥပဒေဆိုးတွေကို ရုပ်သိမ်းဖို့လိုတယ်။ ဥပမာအားဖြင့်ဗျာ ၁၉၆၂ ခုနှစ် ပုံနှိပ်သူများနဲ့ ထုတ်ဝေသူများ မှတ်ပုံတင်ဥပဒေ၊ ၁၉၇၅ ခုနှစ် နိုင်ငံတော်ကို နှောက်ယှက်ဖျက်ဆီးသူများ အန္တရာယ်အား ကာကွယ်ရေး ဥပဒေ၊ ၁၉၉၆ ခုနှစ် ကွန်ပျူတာပညာ ဥပဒေ၊ ၂၀၀၄ ခုနှစ် အီလက်ထရောနစ် ဆက်သွယ် ဆောင်ရွက်ရေး ဥပဒေ။ ဒီဥပဒေတွေက လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုနိုင်ခွင့်ကို အနှောက်အယှက် အဟန့်အတားပေးနေတဲ့ ဥပဒေတွေ။ ဆိုတော့ ဒါတွေကို မရုပ်သိမ်းဘဲနဲ့ ဘယ်တော့မှာ မီဒီယာဥပဒေကောင်း ထွက်မလာနိုင်ဘူး။”

ဒီမိုကရေစီနိုင်ငံတွေမှာရှိတဲ့ လူတိုင်း လွတ်လပ်စွာ သိခွင့် ဆိုတဲ့ဥပဒေကို ပြဌာန်းဖို့လိုကြောင်းနဲ့ အဓိက အရေးကြီးဆုံးကတော့ လွတ်လပ်တဲ့ တရားစီရင်ရေး ဖြစ်တယ်လို့ မြန်မာနိုင်ငံ ရှေ့နေများကောင်စီ အထွေထွေ အတွင်းရေးမှူး ဦးအောင်ထူးက ပြောပါတယ်။

“သတင်းမီဒီယာဆိုင်ရာ ဥပဒေကို မပြဌားန်ခင်မှာ နိုင်ငံသားတိုင်းမှာ Right to Know ဆိုတာ ရှိပါတယ်။ အဲဒါဘာလဲဆိုတော့ သိခွင့်ဆိုတာ ရှိတယ်။ နိုင်ငံသားတိုင်းရဲ့ သိခွင့်ကို ဥပဒေတစ်ရပ် ပြဌာန်းဖို့လိုတယ်။ ဒီမိုကရေစီ နိုင်ငံတွေမှာရှိတယ်။ အိမ်နီးချင်း ထိုင်းနိုင်ငံမှာရှိတယ်၊ အိန္ဒိယနိုင်ငံမှာ ရှိတယ်။ Information Act လို့ခေါ်တယ်။ ဒီအက်ကို အရင်ပြဌာန်းဖို့ လိုတယ်။ ဘယ်လိုပဲ မီဒီယာဥပဒေ ပြဌာန်းပြဌာန်း၊ ဒါကို ထိန်းကျောင်း ကာကွယ်မယ့် တရားစီရင်ရေး မလွတ်လပ်ရင် ဘာမှ လက်တွေ့မှာ ကျနော်တို့ သတင်းစာဆရာတွေ အကျိုးရှိမှာမဟုတ်ဘူး။ ဒါကြောင့် ဒီ မီဒီယာဥပဒေကို မပြဌာန်းခင်နဲ့ ပြဌာန်းတဲ့အချိန်မှာ တရားစီရင်ရေး လွတ်လပ်မှုကို တည်ဆောက်ဖို့ လိုတယ်။”

ရန်ကုန်မြို့မှာ ကျင်းပနေတဲ့ မီဒီယာအလုပ်ရုံ ဆွေးနွေးပွဲနဲ့ တိုက်ဆိုင်ပြီးတော့ ပြည်ပအခြေစိုက် မြန်မာနိုင်ငံ ရှေ့နေများကောင်စီက ပြီးခဲ့တဲ့ ၁၀ နှစ်နီးပါးအတွင်း လေ့လာဆွေးနွေးပြီး မူကြမ်းရေးဆွဲထားတဲ့ လူထုသတင်း ဖြန့်ချိရေးဆိုင်ရာ မီဒီယာဥပဒေကို အဆိုပြု ထုတ်ပြန်လိုက်တယ်လို့လည်း သိရပါတယ်။

XS
SM
MD
LG