မြန်မာနိုင်ငံမှာ လွတ်လွတ်လပ်လပ် သတင်းမီဒီယာ လုပ်ငန်းတွေ လုပ်ကိုင်နိုင်ရေးအတွက် မြန်မာနိုင်ငံ စာပေစာနယ်ဇင်း အရေးပေါ်ညီလာခံတစ်ခုကို ဒီကနေ့ မတ်လ ၂၄ ရက် စနေနေ့မှာ ပြုလုပ်ခဲ့ပါတယ်။ သတင်းသမားတွေရဲ့ အခွင့်အရေးတွေကို အကာအကွယ်ပေးဖို့၊ သတင်းမီဒီယာကဏ္ဍ ဖွံ့ဖြိုးလာဖို့နဲ့ နိုင်ငံမှာ သတင်းမီဒီယာ လွတ်လပ်ခွင့် အပြည့်အ၀ ရရှိဖို့တွေကို ဒီအသင်းအဖွဲ့က လုပ်ကိုင်နိုင်ဖို့ ဖြစ်တယ်လို့လည်း အဖွဲ့ဖြစ်မြောက်ရေး တာဝန်ခံတွေက ပြောပါတယ်။ ဒီအကြောင်းကို မသင်းသီရိက တင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ သတင်းမီဒီယာလုပ်ငန်းတွေ လွတ်လပ်ပြီး ဖွံဖြိုး တိုးတက်လာဖို့အတွက် ဒီကနေ့ မတ်လ ၂၄ ရက်မှာ မြန်မာနိုင်ငံ စာပေစာနယ်ဇင်းအဖွဲ့က အရေးပေါ် ညီလာခံတစ်ခုကို ရန်ကုန်က သူနာပြုတက္ကသိုလ် ခန်းမမှာ လုပ်ခဲ့တာပါ။ မြန်မာနိုင်ငံ သတင်းစာဆရာအသင်း၊ မြန်မာနိုင်ငံ စာရေးဆရာအသင်းနဲ့ မြန်မာနိုင်ငံ ပုံနှိပ်ဖြန့်ချိသူများ အသင်း ဆိုပြီး အသင်း ၃ သင်း ဖွဲ့စည်းပြီး သတင်းလုပ်ငန်းတွေကို လုပ်ဖို့ စီစဉ်ကြပါတယ်။ ဒီအသင်းတွေဟာ ထိန်းချုပ်မှု ကင်းပြီး သတင်းလုပ်ငန်းတွေကို လွတ်လွတ်လပ်လပ် လုပ်နိုင်ဖို့ အဓိက ရည်ရွယ်ထားတယ်လို့ သတင်းစာဆရာ အသင်း ဖြစ်မြောက်ရေး ကော်မတီထဲမှာ ဒုတိယ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ Reuters သတင်းဌာနက ဦးအောင်လှထွန်းက ပြောပါတယ်။
“အဓိက ကတော့ independent ဖြစ်တဲ့ body တစ်ခု၊ ကျနော်တို့ရဲ့ သတင်းထောက်တွေပေါ့၊ journalist တွေရဲ့ အခွင့်အလမ်းကို ကာကွယ်ပေးမယ့် အမှီအခိုကင်းတဲ့ လွတ်လပ်တဲ့အဖွဲ့အစည်းတစ်ခု ပေါ်ပေါက်လာရေးအတွက် ဖြစ်ပါတယ်။ ကျနော်တို့ ကိုယ့်ဟာကိုယ် အချင်းချင်း ထိန်းကျောင်းသွားကြမယ်၊ အဲဒီဟာကို ရည်ရွယ်ပါတယ်ခင်ဗျ အဓိက ကတော့။ အခုကတော့ အားလုံးသိတဲ့အတိုင်းလေ ကျနော်တို့ တိုင်းပြည်ရဲ့ နိုင်ငံရေး အခြေအနေကလည်း ပြောင်းလဲနေပါပြီ။ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး ကဏ္ဍတွေမှာလည်း အားလုံး ရှေ့တန်း ရောက်နေကြပါပြီ။ ကျနော်တို့ရဲ့ စတုတ္ထမဏ္ဍိုင်တော့ နောက်က ကျန်ခဲ့တာပေါ့။ အမှန်တော့ အားလုံးကို စောင့်ကြည့်ရမယ့်အချိန်ပေါ့။ အစိုးရက အဲဒါကို ပြုပြင်ချင်တဲ့ဆန္ဒ ရှိလိမ့်မယ်လို့ ကျနော် ထင်ပါတယ်။ ကျနော်တို့ တောင်းဆိုခဲ့တာလည်း ကြာပါပြီ။”
အခုဖွဲ့စည်းကြမယ့် အသင်း သုံးသင်းစလုံးကို သုံးလအတွင်း အပြီးဖွဲ့စည်းသွားမယ့် လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်လို့လည်း ရန်ကုန်တိုင်းမ် ဂျာနယ် အယ်ဒီတာချုပ် ဦးကိုကို (စက်မှု) က ရှင်းပြပါတယ်။
“အဲဒီအသင်း သုံးသင်းစလုံးကို ကျနော်တို့က သုံးလတွင်းအပြီး ဇွန် ၂၄ ရက် နောက်ဆုံးထားပြီး ဖွဲ့စည်းရမှာဖြစ်ပါတယ်။ သို့သော် ပုံနှိပ်ထုတ်ဝေ ဖြန့်ချိသူများအသင်းကတော့ လက်ရှိမှာ မြန်မာနိုင်ငံမှာ ပုံနှိပ်ထုတ်ဝေလုပ်ငန်းရှင်များအသင်း ရှိပြီးသား ဖြစ်တဲ့အတွက်ကြောင့် လက်ရှိအသင်းပေါ်မှာပဲ အခြေခံပြီး ပြုပြင်ပြောင်းလဲ ဖွဲ့စည်းသွားမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံ စာရေးဆရာအသင်းကတော့လည်း လက်ရှိ ကျနော်တို့ တည်ရှိတဲ့ မြန်မာနိုင်ငံ စာပေစာနယ်ဇင်းအဖွဲ့ရဲ့ အဖွဲ့ဝင်အင်အား၊ အသင်းရဲ့ ရန်ပုံငွေ အစရှိသည်ဖြစ်ပေါ့လေ။ အဲဒီဟာအားလုံးကို မြန်မာနိုင်ငံ စာရေးဆရာအသင်းက အမွေ ဆက်ခံသွားပါမယ်။ အဲဒီအတွက်တော့ မြန်မာနိုင်ငံ သတင်းစာဆရာအသင်းက လုံးဝ အသစ်ဖြစ်သွားပြီးတော့ ကျနော်တို့ အစအဆုံးပေါ့လေ၊ ငွေရေးကြေးရေးကစပြီးတော့ အသင်းဝင်အင်အားတွေကအစ တစ်ကနေ၊ အစကနေ ပြန်လုပ်ရမယ့်အသင်း ဖြစ်ပါတယ်ခင်ဗျ။”
မြန်မာနိုင်ငံ စာပေစာနယ်ဇင်းအဖွဲ့ဟာ ပြန်ကြားရေး ၀န်ကြီးဌာန လက်အောက်ခံ အဖွဲ့အစည်းတစ်ခု ဖြစ်ခဲ့တယ်၊ ဒီအဖွဲ့မှာလည်း အများရွေးချယ် ခန့်အပ်တဲ့သူတွေ နည်းတယ်ဆိုတဲ့ ဝေဖန်ချက်တွေ ရှိခဲ့ပါတယ်၊။ အခုဖွဲ့ကြမယ့် အသင်းအဖွဲ့တွေကရော ဘယ်လောက်ထိ မှီခိုမှု၊ ထိန်းချုပ်မှုကင်းတဲ့ အဖွဲ့အစည်းတွေ ဖြစ်လာမယ်လို့ ပြောနိုင်ပါသလဲ၊ Reuters သတင်းဌာနက ဦးအောင်လှထွန်းကတော့ မြန်မာနိုင်ငံဟာ ကောင်းတဲ့အပြောင်းအလဲဘက်ကို သွားနေပြီမို့ သတင်းလုပ်ငန်းတွေလည်း တိုးတက်လာဖို့ရှိတယ်လို့ ဆိုပါတယ်။
“ကျနော်တို့ အလားအလာ ကောင်းတယ်ထင်ပါတယ်။ ကျနော် အဲဒီလိုထင်လို့ အဲဒါကို ကျနော် လက်ခံခဲ့တာပါ။ လွတ်လွတ်လပ်လပ် ဆိုတာမှာ အစိုးရတောင်မကဘူး၊ ဘယ်အဖွဲ့အစည်း ဘယ်သူ့ရဲ့သြဇာခံမှ မဖြစ်ရဘူး ဆိုတဲ့ အဲဒီလို နားလည်မှုနဲ့ လက်ခံခဲ့တာပါ။ အရေးကြီးတာ ကျနော်တို့အပိုင်းကလည်း ညီညီညွတ်ညွတ်နဲ့ တသံတည်းထွက်နိုင်ဖို့ သိပ်အရေးကြီးမယ် ထင်ပါတယ်။ ခွဲခြားခြင်းမရှိဘဲ အားလုံး ၀ိုင်းဝန်းလုပ်လိုက်ရင်တော့ ပိုကောင်းမယ်ထင်ပါတယ်။ ၀ိုင်းဝန်းပြီးတော့ ပူးပေါင်း ပါဝင်ဖို့အတွက် ကျနော်တို့ သဘောတူခဲ့တာပါ။ တကယ်လို့ အဲဒါ ပြောထားတဲ့အတိုင်း မဖြစ်ရင်လည်း အဲဒီအချိန်မှာပဲ နုတ်ထွက်မှာပါပဲ ကျနော်တို့ကတော့။”
ဒီအသင်းကြီးတွေ ဖြစ်မြောက်ရေး အတွက် ဘယ်လို အခက်အခဲတွေ ရှိလာနိုင်ပါသလဲ။
“အခက်အခဲကတော့ ဒီအဆင့်တစ်ခု ပြီးသွားရင်တော့ မီဒီယာဥပဒေ ပြဌာန်းဖို့ကိစ္စ ရှိပါတယ်။ Media law ကို အစိုးရပိုင်းကလည်း မူကြမ်းရေးဆွဲနေပြီလို့ ပြောပါတယ်။ ကျနော်ကတော့ အရင်ကလည်း အဲဒီ ဆွေးနွေးပွဲ အခမ်းအနားမှာလည်း ကျနော် တင်ပြဖူးပါတယ်။ မီဒီယာဥပဒေ ရေးဆွဲတာ တစ်ကဏ္ဍ၊ နောက်တစ်ခုက freedom of press ကို ခြိမ်းခြောက်နေတဲ့ အဟန့်အတားပြုနေတဲ့ ဥပဒေတစ်ခု ရှိပါတယ်။ ဥပမာ ပြောရရင် အီလက်ထရောနစ်ဥပဒေ ဆိုပါတော့။ အဲဒါမျိုးက ၇ ခုလောက် ရှိပါတယ်ခင်ဗျ ကျနော် ကိုယ့်ဟာကိုယ် လေ့လာထားသလောက်ပါ။ ကျနော်ကတော့ နောက်တဆင့်အနေနဲ့ အဲဒါကို ဖျက်သိမ်းပေးဖို့ တရားဝင် တောင်းဆိုမယ်လို့ စဉ်းစားထားပါတယ်။ နောက် အစိုးရပိုင်းနဲ့ ကျနော်တို့အပိုင်းမှာလည်း အပြန်အလှန် ယုံကြည်မှုကို တဆင့်ချင်း တည်ဆောက်သွားရင်တော့ ဖြစ်နိုင်လိမ့်မယ်လို့ ထင်ပါတယ်။”
သတင်းစာဆရာ အသင်း ဖြစ်မြောက်ရေးကော်မတီထဲမှာ ဒုတိယ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ Reuters သတင်းဌာနက ဦးအောင်လှထွန်း ဖြစ်ပါတယ်။ မတ်လ ၂၄ ရက် စနေနေ့က ကျင်းပခဲ့တဲ့ ဒီအရေးပေါ် ညီလာခံကို ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းလည်း တက်ရောက်ခဲ့ပြီး မီဒီယာ ဥပဒေသစ်နဲ့ ပတ်သက်လို့ ရှင်းပြခဲ့သလို ဆင်ဆာဖြတ်တောက်မှု လျော့ချပေးနေတဲ့အကြောင်းတွေအပြင် ဒီအသင်းတွေဖြစ်လာဖို့ကို ပြန်ကြားရေး ၀န်ကြီးဌာနက သဘောတူသလို နိုင်ငံမှာ ဒီလိုအသင်းတွေ တကယ်လိုအပ်တယ်ဆိုတာကိုလည်း ထည့်သွင်း ပြောကြားသွားပါတယ်။