သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သတင်းထိန်းချုပ်မှု လျှော့ချဖို့ စီစဉ်နေလို့ ပြန်ကြားရေးဝန်ကြီးဆို


မြန်မာနိုင်ငံမှာ သတင်းမီဒီယာ ထိန်းချုပ်မှုတွေ လျှော့ချပေးဖို့ စီစဉ်နေတယ်လို့ ပြန်ကြားရေး ဝန်ကြီးက ပြောကြားလိုက်ပါတယ်။ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်း လျှောက်လှမ်းနေရာမှာ အစိုးရအနေနဲ့ ခေတ်စနစ်နဲ့အညီ သတင်းမီဒီယာ ကဏ္ဍမှာ ထိန်းချုပ်မှုတွေ လျှော့ချပေးဖို့ စီစဉ်ထားတယ်လို့ ရန်ကုန်မြို့မှာ စနေနေ့က အရေးပေါ် ခေါ်ယူကျင်းပတဲ့ မြန်မာနိုင်ငံ စာပေစာနယ်ဇင်း ညီလာခံမှာ စာရေးဆရာများ၊ ထုတ်ဝေသူများနဲ့ သတင်းသမားများကို ပြန်ကြားရေး ဝန်ကြီး ဦးကျော်ဆန်းက အသစ်ထုတ်ပြန်လိုက်တဲ့ မီဒီယာ ဥပဒေနဲ့ ပတ်သက်ပြီး ရှင်းလင်းပြခဲ့ပါတယ်။

“ကနေ့ မီဒီယာလောကကိုလည်း ခေတ်စနစ်နဲ့အညီ ပြုပြင်ပြောင်းလဲ လိုကြတာမို့ မြန်မာနိုင်ငံ စာပေနဲ့ စာနယ်ဇင်း အဖွဲ့ကြီးကို ခေတ်စနစ်နဲ့ လိုက်လျော ညီထွေ ဖြစ်မယ့် အသင်းအဖွဲ့များ၊ အဲဒီလို အဖွဲ့အစည်းများ ပေါင်းစုတဲ့ မီဒီယာအဖွဲ့ စသဖြင့် ဖြစ်ထွန်း ပေါ်ပေါက်လာဖို့ ရည်ရွယ်ပြီး ဒီကနေ့ အရေးပေါ် ညီလာခံကို ခေါ်ယူခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားလိုပါတယ်။”

အစိုးရသစ်အဖွဲ့ အာဏာရယူခဲ့တဲ့ တစ်နှစ်နီးပါး အချိန်အတွင်းမှာပဲ အရင်က အစိုးရထိန်းချုပ်မှု အပြည့်ရှိတဲ့ သတင်းမီဒီယာ ကဏ္ဍကို နိုင်ငံရေးကင်းရှင်းတဲ့ လွတ်လပ် အဖွဲ့အစည်းဖြစ်အောင် တဖြည်းဖြည်း ပြောင်းလဲဖို့ လုပ်ဆောင်လာခဲ့တယ်လို့လည်း ပြောပါတယ်။

ညီလာခံကို တက်ရောက်လာကြတဲ့ သတင်းသမားတွေကလည်း ဒီအပြောင်းအလဲအတွက် ကြိုဆိုခဲ့ကြပြီး ရှေ့လျှောက် ပိုမို လွတ်လပ် ပွင့်လင်းမှု ရဖို့ မျှော်လင့် ထားကြကြောင်း ပြောကြားခဲ့ကြပါတယ်။ ဒီညီလာခံမှာပဲ မီဒီယာဥပဒေသစ် အတွက် မူကြမ်းအတွက် ဆွေးနွေးခဲ့ကြပါတယ်။

XS
SM
MD
LG