သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံပိုင်သတင်းစာတွေ အသွင်ပြောင်းဖို့ အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့


မြန်မာသံဃာတော်တပါး သတင်းစာဖတ်နေပုံ။ (နိုဝင်ဘာလ ၈ ရက်၊ ၂၀၁၀)။
မြန်မာသံဃာတော်တပါး သတင်းစာဖတ်နေပုံ။ (နိုဝင်ဘာလ ၈ ရက်၊ ၂၀၁၀)။
နိုင်ငံတော်ပိုင် သတင်းမီဒီယာတွေဖြစ်တဲ့ မြန်မာ့အလင်း၊ ကြေးမုံနဲ့ အင်္ဂလိပ်လို ထုတ်ဝေတဲ့ The New Light Of Myanmar သတင်းစာ တွေကို အစိုးရနဲ့ကင်းတဲ့ လူထုဝန်ဆောင်မှု သတင်းမီဒီယာတွေ အဖြစ် သီးခြား လွတ်လပ်စွာ ရပ်တည်ဖို့အတွက် တဖြည်းဖြည်းနဲ့ ပြောင်းလဲ သွားနိုင်ရေး စီစဉ်နေတယ်လို့ သတင်းစာ အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်တဦးက ပြောဆိုလိုက်ပါတယ်။ ဒါပေမဲ့လည်း စိန်ခေါ်ချက်တွေ ကတော့ ရှိနေဆဲဖြစ်ပြီး၊ အဓိကကတော့ အဲဒီသတင်းမီဒီယာတွေက ဝန်ထမ်းတွေနဲ့ အစိုးရအကြီးအကဲတွေရဲ့ အတွေးအခေါ်တွေကို ပြောင်းလဲဖို့က အရေးကြီးတယ် လို့ ပြောဆိုခဲ့ ပါတယ်။ အပြည့်အစုံကိုတော့ မနန္ဒာချမ်း က တင်ပြထားပါတယ်။

အစိုးရပြန်ကြားရေး ဝန်ကြီးဌာနကနေ ထုတ်ဝေနေတဲ့ မြန်မာ့အလင်း၊ ကြေးမုံနဲ့ The New Light of Myanmar သတင်းစာ ၃ စောင်ကို အစိုးရနဲ့ကင်းပြီး သီးခြား လွတ်လပ်တဲ့ လူထုဝန်ဆောင်မှု သတင်းစာတွေအဖြစ် ပြောင်းလဲနိုင်ဖို့အတွက် သတင်းစာအုပ်ချုပ်ရေးအဖွဲ့ကို ဒီရက်ပိုင်းမှာပဲ ဖွဲ့စည်းခဲ့ပါတယ်။ ဒီအဖွဲ့အနေနဲ့ ဒီသတင်းစာတွေ လည်ပတ်နိုင်ရေး လက်ရှိ ပြန်ကြားရေး ဝန်ကြီးဌာနရဲ့ ငွေကြေး ထောက်ပံ့မှု အကူအညီတွေကိုလည်း နောက်ပိုင်းမှာ ရယူတော့မှာမဟုတ်ဘဲ သီးခြား ရပ်တည်သွားနိုင်အောင် ပြောင်းလဲသွားမှာ ဖြစ်တယ်လို့ သတင်းစာအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်တဦးဖြစ်တဲ့ ဦးရဲနိုင်မိုး က ပြောပါတယ်။

“သူတို့ ပြောင်းလဲမယ့် ပုံစံကတော့ ပြန်ကြားရေးဝန်ကြီးက နေပြီးတော့ မြန်မာ့အလင်း၊ ကြေးမုံနဲ့ New Light of Myanmar သတင်းစာတွေကို ငွေကြေးထောက်ပံ့ပြီး ချုပ်ကိုင်ထားတာကို ရှေ့မှာ ဆက်လုပ်တော့မှာ မဟုတ်ဘဲနဲ့ ဒီထက်ပိုပြီးတော့ လွတ်လွတ်လပ်လပ် ရှိပြီးတော့ Public Service Media ပုံစံကို လုပ်ပါမယ်လို့ ပြောလာပါတယ်။ သဘောကတော့ ပြန်ကြားရေး ဝန်ကြီးဌာနက တဖြည်းဖြည်းနဲ့ နောက်ဆုတ်သွားမယ်။ လောလောဆယ်မှာတော့ ငွေကြေးအရ အထောက်အပံ့ ဖြစ်နေသော်လည်းဘဲ Public Service Media ဖြစ်လာပြီဆိုတဲ့အခါမှာ အရှေ့မှာ ဥပမာအားဖြင့် ပြည်သူကို ကိုယ်စားပြုတဲ့ လွှတ်တော်က ငွေကြေး ထောက်ပံ့ မလား။ ရာခိုင်နှုန်း တစုံတရာကို ပြည်သူတွေကြားထဲမှာ ရှယ်ယာကို ထုတ်ရောင်းမလားလို့ သူတို့ စပြီးတော့ ပြင်ဆင်လာပါတယ်။ အဲ့ဒါတွေကို လုပ်ဖို့အတွက် အစိုးရပြန်တမ်းအရတော့ အမြင့်ဆုံးအာဏာပိုင် အဖွဲ့ဖြစ်တဲ့ ဒီ Governing Body အုပ်ချုပ်ရေးအဖွဲ့ကို ဖွဲ့တယ်လို့ ဖြစ်လာပါတယ်ခင်ဗျ။”

မြန်မာနိုင်ငံမှာ အစိုးရက ထုတ်ဝေတဲ့ သတင်းစာ ၃ စောင်ပဲရှိပြီး ဒီသတင်းစာတွေကို အစိုးရရဲ့ ဝါဒဖြန့်ချိရေး၊ အစိုးရအာဘော် သတင်းစာတွေအဖြစ် ပြည်သူအများက လက်ခံထားပြီး ပြည်သူတွေရဲ့ ယုံကြည်မှုကို မရခဲ့တာ ဆယ်စုနှစ်ပေါင်းများစွာ ရှိခဲ့ပြီဖြစ်ပါတယ်။

ဒါကြောင့်လည်း နိုင်ငံတကာအဆင့်မှီ သတင်းလမ်းကြောင်းပေါ်ကနေ သွေဖီနေတာကြာပြီဖြစ်တဲ့ ဒီသတင်းစာတွေမှာ အစိုးရရဲ့ နေ့စဉ်လုပ်ဆောင်ချက်တွေကို ဖော်ပြမယ့်အစား ပြည်သူတွေ ဘဝအတွက် အရေးပါတဲ့ သတင်းတွေကို ဖော်ပြဖို့ လိုအပ်ကြောင်း အစိုးရနဲ့ တွေ့ဆုံစဉ် ထောက်ပြ အကြံပြုခဲ့တယ်လို့ ဦးရဲနိုင်မိုး က ပြောပါတယ်။ ဒီလို အစိုးရနဲ့ကင်းပြီး သီးခြား လွတ်လပ်တဲ့ လူထုဝန်ဆောင်မှု သတင်းစာတွေအဖြစ် ပြောင်းလဲနိုင်ဖို့အတွက် ရှေ့မှာ ရင်ဆိုင်ရမယ့် စိန်ခေါ်ချက်တွေတော့ အများကြီး ရှိနေဆဲဖြစ်တယ်လို့ သူက အခုလို ဆက်ပြောခဲ့ပါတယ်။

“ကျနော့်အမြင် ပြောရရင် အခု ပုံစံက နှစ် ၄ - ၅ ဆယ်လောက် အရိုးစွဲလာနေတဲ့ ပုံစံ ဖြစ်နေပါတယ်။ ဒီ သတင်းစာ ၃ စောင်မှာ လုပ်နေတဲ့ အယ်ဒီတာတွေ သတင်းထောက်တွေ၊ ဒီသတင်းစာ ၃ စောင်ကို အမှီပြုပြီး အစိုးရဝန်ကြီးဌာနတွေ၊ ခေါင်းဆောင်ပိုင်းတွေက ချက်ချင်း သူတို့ရဲ့ အတွေးအခေါ်တွေကို ပြောင်းလဲဖို့ဆိုတာ အတော်လေး ခက်ခဲမှာပါ။ ဒါက ကျနော်တို့ အဖွဲ့အနေနဲ့ အကြီးမားဆုံး ရင်ဆိုင်ရမယ့် စိန်ခေါ်မှု ဖြစ်ပါတယ်။ ကျနော်တို့မှာ ရှိနေတဲ့ စိန်ခေါ်မှုတွေနဲ့ အဓိက ပြောင်းလဲရမယ့် အရေးကြီးဆုံး အချက်ကတော့ ပြီးခဲ့တဲ့နှစ်တွေ တော်တော်များများ လုပ်နေတဲ့ ဝန်ထမ်းတွေရယ်၊ နောက်ပြီးတော့ သူတို့ကို လွှမ်းမိုးထား တဲ့ အတွေးအခေါ်တွေရယ်၊ နောက်ပြီးတော့ သူတို့ကို လေ့ကျင့်သင်ကြားထားတဲ့ ပုံစံတွေရယ်ဟာ နိုင်ငံတကာက နားလည်ထားတဲ့ သတင်းစာပုံစံနဲ့ အရမ်းကြီးကို အလှမ်းဝေးနေပါတယ်။ အဲ့ဒါကို ပြောင်းလဲဖို့က အဓိက အကျဆုံးပဲလို့ ကျနော် ထင်ပါတယ်။ စိန်ခေါ်မှုတွေ ရှိပေမဲ့လည်း ကျနော်တို့ ပြောင်းလဲလို့ရမှာပါ။ ဒါပေမဲ့ အဲ့လိုပြောပေမဲ့ ကျနော်တို့ လုပ်ပိုင်ခွင့် ချက်ချင်း ၁၀၀ ရာခိုင်နှုန်း ပြုပြင် ပြောင်းလဲ လို့ အဆင်ပြေမယ်လို့ ကျနော် မမျှော်လင့်ပါဘူး။ ဒါပေမဲ့ သိသိသာသာ ပြောင်းလဲခွင့် ရဖို့အတွက်တော့ ရာခိုင်နှုန်း တစုံတရာရှိတယ်လို့ ယုံကြည်ထားပါတယ်။”

သတင်းစာအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးရဲနိုင်မိုး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ကြာသပတေးနေ့ ကတော့ နှစ်ပေါင်းများစွာ အဖြူ အမည်း ထုတ်ဝေလာခဲ့တဲ့ ဒီ သတင်းစာ ၃ စောင်စလုံးကို ရောင်စုံ သတင်းစာတွေအဖြစ်နဲ့ စတင်ထုတ်ဝေလာခဲ့ပါတယ်။ နေပြည်တော် နဲ့ မန္တလေးမြို့တွေ မှာ ရောင်စုံ နေ့တိုင်း ထုတ်ဝေသွားမှာ ဖြစ်ပြီးတော့ ရန်ကုန်မှာတော့ မြန်မာ့အလင်းနဲ့ ကြေးမုံ သတင်းစာတွေကို တပတ်စီ ရောင်စုံ ထုတ်ဝေသွားမှာပြီး ဒီဇင်ဘာလကျမှ အားလုံးကို ရောင်စုံ ထုတ်ဝေသွားမယ်လို့ သတင်းစာတွေရဲ့ အယ်ဒီတာ့ အာဘော်မှာ ရေးသားထားပါတယ်။
မြန်မာနိုင်ငံမှာ အရင် စစ်အစိုးရလက်ထက်က သတင်းလွတ်လပ်ခွင့် မရှိဆုံး နိုင်ငံများစာရင်းမှာ ထည့်သွင်းခံခဲ့ရပြီး ပြင်သစ်အခြေစိုက် RSF နယ်ခြားမဲ့သတင်းထောက်များအဖွဲ့က ထုတ်ပြန်တဲ့ ၂၀၁၁ - ၂၀၁၂ ခုနှစ် သတင်းလွတ်လပ်မှု အညွှန်းကိန်းမှာတော့ နိုင်ငံပေါင်း ၁၇၉ နိုင်ငံစာရင်းမှာ မြန်မာနိုင်ငံက ၁၆၉ အဆင့်မှာ ရှိနေတာဖြစ်ပါတယ်။ ဒါဟာဆိုရင် သတင်းလွတ်လပ်ခွင့် မရှိဆုံး နိုင်ငံတွေ စာရင်းမှာ မြန်မာနိုင်ငံက ၁၁ နေရာမှာ ရှိနေတာလည်း ဖြစ်ပါတယ်။
XS
SM
MD
LG