သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မီဒီယာဥပဒေအတွက် စာနယ်ဇင်းသမားတွေ အကြံဉာဏ်ယူမည်


မီဒီယာဥပဒေအတွက် စာနယ်ဇင်းသမားတွေ အကြံဉာဏ်ယူမည်
မီဒီယာဥပဒေအတွက် စာနယ်ဇင်းသမားတွေ အကြံဉာဏ်ယူမည်

မြန်မာနိုင်ငံမှာ သတင်းမီဒီယာနဲ့ပတ်သက်တဲ့ ဥပဒေသစ်တစ်ရပ်အတွက် စာနယ်ဇင်းသမားတွေရဲ့ အကြံဉာဏ်တွေ ဒီတပတ်ထဲမှာပဲ တင်ပြဖို့ ဖိတ်ခေါ်ထားပါတယ်။ ဒီအတွက် မြန်မာစာနယ်ဇင်းသမားတွေ ဆွေးနွေးမှုတွေလည်း လုပ်နေကြတာဖြစ်ပါတယ်။ စာနယ်ဇင်း လွတ်လပ်ခွင့် နိမ့်ကျတဲ့တိုင်းပြည်တစ်ခုအဖြစ် နိုင်ငံတကာက သတ်မှတ်ထားတဲ့ မြန်မာနိုင်ငံမှာ စာနယ်ဇင်းလွတ်လပ်ခွင့် အလားအလာတွေ ရှိလာတော့မှာလား ဆိုတာကို ဆက်သွယ်မေးမြန်းထားတဲ့ မသိင်္ဂီၤထိုက်က တင်ပြထားပါတယ်။

ပြည်သူ့လွှတ်တော်ရဲ့ အားကစား၊ ယဉ်ကျေးမှုနဲ့ ပြည်သူ့ဆက်ဆံရေး ကော်မတီဝင် လွှတ်တော်အမတ်တွေက စာပေ စာနယ်ဇင်းသမားတွေ လာမယ့် သောကြာနေ့မှာ ရန်ကုန်မှာ တွေ့ဆုံပြီး မီဒီယာဥပဒေကြမ်းမှာ ပါသင့်တဲ့အချက်အလက်တွေကို ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲမှာ ဂျာနယ်မဂ္ဂဇင်းတွေက အယ်ဒီတာတွေ၊ တာဝန်ရှိသူတွေက မီဒီယာဥပဒေမှာ ပါသင့်တဲ့ ထည့်သွင်းသင့်တဲ့ အချက်အလက်တွေကို တစ်ဦးချင်း ဆွေးနွေးကြဖို့ ရှိပါတယ်။ ပြည်သူ့ခေတ် အယ်ဒီတာ ဦးဖေမြင့်ကတော့ စာနယ်ဇင်း လွတ်လပ်ခွင့်ကို အဓိကထား တင်ပြသွားမယ်လို့ ပြောပါတယ်။

“ကျနော်တို့ကတော့ စာနယ်ဇင်းလွတ်လပ်ခွင့်ပေါ့နော်။ မီဒီယာတွေကို စတုတ္ထမဏ္ဍိုင် လို့ ပြောဆိုနေတာ ရှိတာပေါ့နော်။ အဲဒီတော့ ကျနော်တို့ စတုတ္ထမဏ္ဍိုင်စစ်စစ်ပေါ့နော်၊ တကယ် ကြံ့ခိုင်တဲ့ စတုတ္ထမဏ္ဍိုင် ဖြစ်အောင် ဆိုလို့ရှိရင် မီဒီယာတွေမှာ လွတ်လပ်ခွင့် ဘယ်နည်းဘယ်ပုံ လွတ်လပ်ခွင့် ရှိသင့်တယ်။ မီဒီယာတွေကို ချုပ်ချယ်ကန့်သတ်တဲ့ ဥပဒေတွေ မရှိသင့်ဘူး စသည်ဖြင့်ပေါ့။ အဲဒီ မီဒီယာ စာနယ်ဇင်း လွတ်လပ်ခွင့်နဲ့ ပတ်သက်တဲ့အပိုင်းလေးတွေ ကျနော်တို့ အဓိကထားပြီးတော့ ဆွေးနွေးဖို့ရှိပါတယ်။ အခုတော့ တစ်ဦးချင်းပဲ ဆွေးနွေးကြမယ့်သဘော ရှိပါတယ်ခင်ဗျ။ ပေါင်းပြီးတော့ စာတမ်းတင်တယ်တို့ ဘာတို့ အနေအထားမျိုးအထိတော့ မရှိသေးပါဘူး။”

သတင်းရယူတဲ့အတွက် သတင်းသမားတွေ ဖမ်းဆီး ထိန်းသိမ်းခံနေရတာ၊ သတင်းဖော်ပြမှုကြောင့် အသရေဖျက်မှု စွဲဆိုချက်တွေနဲ့ ကြုံတွေ့နေရတဲ့ မြန်မာ စာပေနယ်ပယ်မှာ သတင်းသမားတွေရဲ့ လုံခြုံရေးကို အာမခံချက်ပေးနိုင်တဲ့ တိကျတဲ့ ဥပဒေတွေ ပေါ်ထွက်လာရေးနဲ့ သတင်းလွတ်လပ်ခွင့်ကို အဓိကထား ရေးဆွဲနိုင်ဖို့ ပြင်ဆင်သင့်တယ် ဆိုပြီးလည်း ပြည်ပအခြေစိုက် မြန်မာသတင်းသမဂ္ဂ ဒု ဥက္ကဋ္ဌ ဦးဇင်လင်းက အခုလို ပြောပါတယ်။

“မီဒီယာသမားကို ပထမတဆင့်အနေနဲ့ သူတို့ ဥပဒေနဲ့ ထိန်းချုပ်မယ် စသည်ဖြင့် ဒါမျိုးတွေ ဖြစ်လာနိုင်စရာ ရှိတယ်။ ဒါကြောင့်မိုလို့ ဒီဆွေးနွေးပွဲတွေမှာ အဓိက မီဒီယာသမားတွေ ပြောရဆိုရမှာကတော့ အဲဒီလိုကိစ္စတွေကို သူတို့ ဘယ်လို ကာကွယ်ပေးနိုင်မလဲ၊ ဘယ်လို အကာအကွယ်ရအောင် လုပ်မလဲ ဆိုတာတွေကို ဦးစားပေး စဉ်းစားပြီးတော့ အဲဒါတွေကို ဥပဒေဖြစ်လာအောင် ဥပဒေကျွမ်းကျင်တဲ့ ဒေသတွင်းက မီဒီယာဥပဒေကျွမ်းကျင်သူတွေ၊ နိုင်ငံတကာက မီဒီယာဥပဒေ ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ပြီးတော့ ဒီဥပဒေကို အလျှော့အတင်း လုပ်လို့မရအောင် ရေးဆွဲနိုင်အောင် အဲဒါကို မီဒီယာသမားတွေက အားထုတ်ရမယ်လို့ ကျနော်တို့ အဲဒီလို ယူဆတယ်။”

ဒါ့အပြင် စာပေ လွတ်လပ်ခွင့်ကို ပြဌာန်းပေးနိုင်တဲ့ မီဒီယာ ဥပဒေတစ်ရပ် ပေါ်ထွက်လာရေးအတွက် ပြည်တွင်းက မီဒီယာ သမားတွေတင်မကဘဲ ဥပဒေရေးရာ ကျွမ်းကျင်သူတွေနဲ့ပါ အချက်အလက် စုဆောင်းသင့်တယ် ဆိုပြီးလည်း ပြောပါတယ်။

“မြန်မာနိုင်ငံ အခြေအနေဟာလည်း မြန်မာ မီဒီယာသမားတွေ အနေနဲ့ကလည်း ဖိနှိပ်မှုအောက်မှာ အနှစ် လေးငါးဆယ် နေလာခဲ့ရတဲ့အခါကျတော့ နိုင်ငံတကာမှာ ရှိနေတဲ့ မီဒီယာအခင်းအကျင်းတွေ မီဒီယာဥပဒေတွေ စသည်ဖြင့်လည်းပဲ အခုခါမှ သူတို့စတင်ပြီးတော့ လေ့လာကြည့်ကြတဲ့အနေအထားမျိုးတွေ ရှိတယ်။ အဲဒီအခါမျိုးကျတော့ သာမန်ပြည်တွင်းမှာ သတင်းစာဂျာနယ်တွေမှာ အလုပ်လုပ်နေကြတဲ့ ပုဂ္ဂိုလ်များလောက်နဲ့တော့ ကျနော်တို့ ဒီလို မီဒီယာဥပဒေကို ရေးဆွဲဖို့ ဆွေးနွေးတာမျိုးဆိုရင် ကျနော်တို့ မပြည့်စုံဘူးလို့ ယူဆတယ်။”

လတ်တလောမှာတော့ ပြည်တွင်းမှာ သတင်းရယူမှုကြောင့် အကျဉ်းထောင်တွေမှာ ဖမ်းဆီးခံထားရသူတွေ ရှိနေသလို လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်လည်း မရှိပါဘူး။ စာပေ၊ အနုပညာ နယ်ပယ် အသီးသီးက ရေးသားထုတ်ဝေမှု အားလုံးကို အစိုးရက စိစစ်တည်းဖြတ်နေတာလည်း ဖြစ်ပါတယ်။ မီဒီယာဥပဒေ ထွက်ပေါ်လာရင်တော့ စာပေ အနုပညာ လွတ်လပ်ခွင့် အခုထက်ပိုပြီး ရလာနိုင်တယ်ဆိုပြီး မျှော်လင့်နေကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG