သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့မီဒီယာဥပဒေကြမ်း CPJ ဝေဖန်


CPJ logo
CPJ logo
သတင်းမီဒီယာနဲ့ပတ်သက်လို့ မြန်မာနိုင်ငံမှာ အသစ်ပြဌာန်းမယ့် ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေမူကြမ်းဟာ သမ္မတ ဦးသိန်းစိန် အစိုးရရဲ့ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်အောက်မှာ သိပ်မကြာသေးခင်က ရရှိလာခဲ့တဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့်တချို့ကိုတောင် ပြန်ရုပ်သိမ်းမယ့် ခြိမ်းခြောက်မှုမျိုး ဖြစ်နေတယ်လို့ သတင်းလွတ်လပ်ခွင့်နဲ့ သတင်းသမားများကို အကာအကွယ်ပေးနေတဲ့ CPJ အဖွဲ့က မနေ့က သောကြာနေ့မှာ ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။

ဒီဥပဒေမူကြမ်းမှာ မြန်မာစစ်တပ်ဦးဆောင်ရေးဆွဲတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ဝေဖန် ထောက်ပြတာ၊ ဒါမှမဟုတ် သတင်းရေးသားတာ အပါအဝင် အကြောင်းအရာ အတော်များများကို တင်ပြခွင့် ကန့်သတ်ထားသလို၊ အစိုးရထံမှာ သက်ဆိုင်ရာလုပ်ငန်း အသိအမှတ်ပြုလက်မှတ် မရှိဘဲနဲ့ ထုတ်ဝေခဲ့ရင် ထောင်ဒဏ် ၆ လပြစ်ဒဏ် ချမှတ်ခံရမယ်လို့ ဖော်ပြထားတာပါ။ ဒါဟာ မြန်မာနိုင်ငံအတွက် နောက်ပြန်ဆွဲတဲ့ ဥပဒေတရပ် ဖြစ်တယ်လို့ CPJ က ဝေဖန်ပါတယ်။

စစ်တပ် အဓိက လွှမ်းမိုးထားတဲ့ မြန်မာလွှတ်တော်မှာ ဒီမူကြမ်းကို ဥပဒေတရပ်အသွင် မကြာခင်မှာ ပြဌာန်းနိုင်သလို တကယ်လို့ ဒီဥပဒေမူကြမ်း ဒီအတိုင်း အတည်ဖြစ်သွားခဲ့ရင် အရင်စစ်အစိုးရလက်ထက်က ပြဌာန်းခဲ့တဲ့ မီဒီယာဥပဒေနေရာမှာ အလားတူ တင်းကျပ်တဲ့ ဥပဒေတရပ် အစားထိုးဝင်ရောက်လာမှာ ဖြစ်တယ်လို့ CPJ အဖွဲ့က ပြောပါတယ်။

သတင်းမီဒီယာတွေကို စောင့်ကြည့်စစ်ဆေးပြီး မှတ်ပုံတင်ထုတ်ပေးမှုတွေကို ထိထိရောက်ရောက်ရောက် ဆောင်ရွက်နိုင်ဖို့အတွက် မှတ်ပုံတင်အရာရှိတဦး ခန့်အပ်ဖို့လည်း ဒီမူကြမ်းထဲမှာ တောင်းဆိုထားပါတယ်။ ဒါကြောင့် မှတ်ပုံတင်အရာရှိသစ် အနေနဲ့ ဒေသခံ သတင်းမီဒီယာတွေရဲ့ ထုတ်ဝေခွင့်လုပ်ငန်းတွေမှာ ကန့်သတ်ပိတ်ပင်တာတွေ လုပ်လာမှာကို ဒေသခံသတင်းမီဒီယာအဖွဲ့တွေက စိုးရိမ်နေကြတယ်လို့လည်း CPJ အဖွဲ့ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိအချိန်ထိ မြန်မာနိုင်ငံမှာ ပုဂ္ဂလိက နေ့စဉ်သတင်းစာတွေ ထုတ်ဝေခွင့်မရှိသလို ဧပြီလ ၁ ရက်နေ့က စပြီးတော့မှသာ ပုဂ္ဂလိကနေ့စဉ်သတင်းစာတွေ ထုတ်ဝေနိုင်မှာ ဖြစ်ပါတယ်။
XS
SM
MD
LG