ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနဲ့ ပြည်သူ့ဆက်ဆံရေးရာ ကော်မတီ ဥက္ကဋ္ဌဟာ လွတ်လပ်တဲ့ မီဒီယာအဖွဲ့တွေနဲ့ တွေ့ဆုံပြီး အသစ်ပြဌာန်းလာမယ့် မီဒီယာဥပဒေနဲ့ ပတ်သက်လို့ ဆွေးနွေး တိုင်ပင် ခဲ့ကြပါတယ်။ ပြန်ကြားရေးဌာနက ရေးဆွဲနေတဲ့ မီဒီယာ ဥပဒေသစ်ကို လွှတ်တော်တွင်း တင်ပြလာတဲ့အခါ အဲဒီရေးရာကော်မတီက သုံးသပ် ဆွေးနွေးနိုင်ဖို့အတွက် အခုလို လွတ်လပ်တဲ့ သတင်းမီဒီယာသမားတွေနဲ့ ကြိုတင် တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲအကြောင်း အပြည့်အစုံကိုတော့ မသင်းသီရိက တင်ပြထားပါတယ်။
ပြည်သူ့လွှတ်တော် အားကစား ယဉ်ကျေးမှုနဲ့ ပြည်သူ့ဆက်ဆံဖွံ့ဖြိုးမှု တိုးတက်ရေးရာကော်မတီ ဥက္ကဋ္ဌ သူရဦးအေးမြင့်နဲ့အဖွဲ့ဟာ သတင်းမီဒီယာ လုပ်ငန်းတွေမှာ အလုပ်လုပ်နေကြသူတွေနဲ့ ဒီကနေ့ ဒီဇင်ဘာလ ၂၃ ရက် သောကြာနေ့က ရန်ကုန် (၈) မိုင်မှာရှိတဲ့ ရန်ကုန်ဟော်တယ်မှာ တွေ့ဆုံခဲ့ကြတာပါ။
အဓိကတော့ ပြန်ကြားရေးဝန်ကြီးဌာနက ရေးဆွဲနေတဲ့ မီဒီယာဥပဒေကို လွှတ်တော်မှာ တင်ပြလာတဲ့အခါ သုံးသပ်နိုင်ဖို့အတွက် ရေးရာကော်မတီဟာ လက်ရှိလုပ်ငန်းတွင်းကသူတွေနဲ့ ကြိုတင်တွေ့ဆုံပြီး အချက်အလက် စုဆောင်းတာလည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ အသစ်ပြဌာန်းဖို့ ရေးဆွဲနေတဲ့ မီဒီယာဥပဒေထဲမှ ဘယ်လိုအချက်တွေ ပါဝင်မယ်ဆိုတာ သတင်းမီဒီယာသမားတွေ မသိရပေမဲ့ ဒီဥပဒေတွေထဲမှာ စာနယ်ဇင်းသမားတွေအတွက် အချုပ်အနှောင်နဲ့ အကန့်အသတ်တွေ ပါလာမှာစိုးတဲ့အတွက် ဒီဆွေးနွေးပွဲအတွင်းမှာ သတင်းနဲ့ စာနယ်ဇင်းဆိုင်ရာ လွတ်လပ်ခွင့်ဆိုင်ရာ ကိစ္စတွေအတွက် ဆွေးနွေးခဲ့ကြတယ်လို့ ပြည်သူ့ခေတ်ဂျာနယ် အယ်ဒီတာချုပ် ဦးဖေမြင့်က ပြောပါတယ်။
“စာနယ်ဇင်းများကို လွတ်လပ်စွာ ရေးသားဖို့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမှာ လွတ်လပ်စွာ ရေးသား ပြောဆိုခွင့် ဆိုတာကို ပြဌာန်းပေးထားတဲ့နောက်မှာ ဆင်ဆာပေါ့နော်။ ကြိုတင်ပြီး စိစစ်ဖြတ်တောက်တဲ့ အစိတ်အပိုင်းတွေ မရှိသင့်တော့ဘူးဆိုတဲ့ အကြောင်းကို တော်တော်များများက အလေးအနက် ပြောကြတယ်ဗျာ။ ဥပဒေသစ် ဖြစ်မလာသေးခင် စပ်ကြားမှာလည်း အရင်တုန်းက ကျနော်တို့ ချုပ်ချယ် ကန့်သတ်ရာရောက်တဲ့ ဥပဒေမျိုးတွေ၊ ပြီးတော့ စာနယ်ဇင်းသမားတွေကို တရားစွဲ အရေးယူလေ့ရှိတဲ့ ဥပဒေမျိုးတွေဟာ အခုချိန်မှာ ကျင့်သုံးနေတဲ့ မူဝါဒတွေနဲ့ မညီညွတ်တော့ဘူးဆိုရင် အဲဒါတွေကို ပြင်ဆင်ဖို့ ဖျက်သိမ်းဖို့ အတွက်ကို အဲဒါတွေကို အရင် ကြည့်ရှုသင့်တယ်ဆိုတာမျိုး ပြောတာရှိတယ်ခင်ဗျ။ ဥပမာဆိုရင် အီလက်ထရောနစ် ဥပဒေပေါ့ဗျာ။ အီလက်ထရောနစ် ဥပဒေနဲ့ ပတ်သက်ပြီး ပြောကြဆိုကြတာ ရှိပါတယ်။ ဒီဥပဒေက သိပ်ပြီးတော့ ပြင်းထန်နေတယ်၊ စာနယ်ဇင်းသမားတွေအတွက် တော်တော်ကြီးမားတဲ့ ခြိမ်းခြောက်မှု ဖြစ်နေတယ်ဆိုတဲ့ အနေအထားကိုလည်း ဆွေးနွေးကြတာရှိပါတယ်။”
သတင်းနဲ့ စာနယ်ဇင်းလွတ်လပ်ခွင့် အပေါ် ထိန်းချုပ်ကန့်သတ်မှု ကြီးခဲ့တဲ့ မြန်မာနိုင်ငံအတွက် စာနယ်ဇင်း လွတ်လပ်ခွင့် ရဖို့ဆိုတာက နိုင်ငံရေး ပြောင်းလဲတိုးတက်လာမှုအပေါ်မှား အများကြီး အခြေခံတယ်လို့ ဦးဖေမြင့်က သုံးသပ်ပါတယ်။
“လွတ်လပ်စွာရေးသားခွင့်ကတော့ ကျနော်တို့ စဉ်းစားလို့ ရသလောက်ကတော့ ကျနော်တို့ နိုင်ငံရေး အခြေအနေ ဘယ်လောက် တိုးတက်ပြောင်းလဲလာသလဲ အပေါ်မှာပဲ မူတည်လိမ့်မယ်လို့ ကျနော် ထင်ပါတယ်။ နိုင်ငံရေး အခြေအနေ သိပ်ပြီးတော့ တိုးတက် ပြောင်းလဲလာလို့ရှိရင် ထုတ်ဖော်ရေးသားခွင့်တို့၊ ပြောဆိုခွင့်တို့ ပြည်သူ့အခွင့်အရေးတွေပေါ့နော် အဲဒါတွေလည်း တိုးတက်လာလိမ့်မယ်လို့ မြင်တယ်ခင်ဗျ။ ကျနော်တို့ တစ်ဦးတည်းတော့ သီးခြား၊ လွတ်လပ်စွာရေးသားခွင့်တွေ ကျနော်တို့ချည်းပဲ ရသွားတယ်၊ ကျန်တဲ့ဟာတွေက မရသေးတဲ့အနေအထားမျိုးတော့လည်း ဖြစ်မယ်လို့ မထင်ဘူး။ အားလုံးဟာ တတွဲတည်းပဲ သွားလိမ့်မယ်လို့ ထင်တယ်။”
ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနဲ့ ပြည်သူ့ဆက်ဆံရေးရာ ကော်မတီဟာ အခုလို စာနယ်ဇင်းသမားတွေအပြင် ကော်မတီအောက်မှာ ရှိတဲ့ ရုပ်ရှင်၊ သဘင်၊ အားကစား စတဲ့ကဏ္ဍတွေက သူတွေနဲ့လည်း ဆွေးနွေးပါတယ်။
အဲဒီမှာလည်း လက်ရှိ ရုပ်ရှင်လုပ်ငန်းတွေထဲ ကြုံနေရတဲ့ ပြဿနာတွေ၊ ဒီလုပ်ငန်းသမားတွေ ဖြစ်စေချင်တဲ့ ရုပ်ရှင်မူဝါဒတွေနဲ့ ပတ်သက်လို့ ရုပ်ရှင်သရုပ်ဆောင် ဇင်ဝိုင်းက တင်ပြဆွေးနွေးခဲ့ပါတယ်။ တကယ်တော့ မီဒီယာဥပဒေသစ်ကို ရေးဆွဲနေတဲ့ ပြန်ကြားရေးဝန်ကြီး ဌာနဟာ မီဒီယာလုပ်ငန်းခွင်ထဲက လက်ရှိ အလုပ်လုပ်ကိုင်နေကြတဲ့ သူတွေရဲ့ ဆန္ဒနဲ့ သဘောထားတွေ၊ လိုအပ်ချက်တွေကို နားထောင်တာမရှိတာမို့ အများပြည်သူအကျိုးရှိမယ့် ဥပဒေတစ်ရပ် ဖြစ်ပါ့မလားလို့ သံသယရှိကြတယ်လို့လည်း ဆိုပါတယ်။
“ခုနက ကျနော်တို့ အလုပ်ရုံဆွေးနွေးပွဲလုပ်ပြီး တရားဝင် တင်သွင်းလိုက်တဲ့ ဆင်ဆာမူဝါဒများ လျှော့ပေါ့ပေးရေးအတွက် မြန်မာ့ ရုပ်ရှင်အဖွဲ့အစည်းက လူထုလူတန်းစားတွေကို ပြန်ကြားရေးဝန်ကြီးကနေ တွေ့ဆုံညှိနှိုင်းပွဲ ဆိုတာ လုပ်ပါတယ်။ သို့သော် စာသားရှင် ကျနော့်ကိုရော၊ ဒီစာသားကို ၀ိုင်းဝန်း ပြုစုကြတဲ့ ပုဂ္ဂိုလ်များရော၊ ကျနော်တို့ ၀ိုင်းဝန်းလက်မှတ်ထိုးကြတဲ့ အတော်များများကိုတော့ လုံးဝ ဖိတ်ကြားခြင်း မရှိပါဘူး။ မီဒီယာဥပဒေ တစ်ခုတည်း ဆိုတာကတော့ ဘယ်လို ပေါ်ထွက်လာမလဲ ဆိုတာကိုတော့ ထွက်လာတဲ့အခါမှသာလျင် ကျနော်တို့ သိနိုင်မှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ခုချိန်ထိ ပြန်ကြားရေး ၀န်ကြီးဌာနက ရေးဆွဲနေတယ်ဆိုတဲ့ မီဒီယာဥပဒေကို ကျနော်တို့ အောက်ခြေလူတန်းစားများ ထားလို့ ပြည်သူ့လွှတ်တော်က ဥပဒေပြုအာဏာကို ယူထားတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များလည်း သူတို့လည်း ဘာမှန်းမသိကြသေးပါဘူး။”
ရုပ်ရှင်သရုပ်ဆောင် ဇင်ဝိုင်း ဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲကို ပြည်သူ့လွှတ်တော် အားကစား ယဉ်ကျေးမှုနဲ့ ပြည်သူ့ဆက်ဆံရေးရာ ကော်မတီ ဥက္ကဋ္ဌ အပါအ၀င် အဖွဲ့ဝင် ၈ ဦးနဲ့အတူ စာပေစာနယ်ဇင်း၊ ရုပ်ရှင်၊ သဘင် အားကစား စတဲ့လုပ်ငန်းတွေက လူပေါင်း ၅၀ နီးပါး တက်ရောက်ပြီး ၅ နာရီကျော်ကြာ သုံးသပ် ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။