အသစ်ပြဌာန်းဖို့ရှိနေတဲ့ မီဒီယာဥပဒေကြမ်းမှာ သတင်းသမားတွေရဲ့ လုံခြုံရေး သတင်းလွတ်လပ်ခွင့်ကို အဓိကထား ထည့်သွင်းဖို့ လိုတယ်ဆိုပြီး ဥပဒေပြု လွှတ်တော်အမတ်တွေနဲ့ သတင်းစာဆရာတွေက ပြောဆိုကြပါတယ်။ သတင်းလွတ်လပ်ခွင့် နိမ့်ကျတဲ့ နိုင်ငံအဖြစ် သတ်မှတ်ခံထားရပြီး သတင်းရယူမှုကြောင့် သတင်းထောက်တွေ ထောင်ချခံထားနေရတဲ့ မြန်မာနိုင်ငံမှာ မီဒီယာဥပဒေက သတင်းထောက်တွေကို တကယ်ပဲ အကာအကွယ် ပေးနိုင်မလား၊ ဒါမှမဟုတ် အရင်ကထက်ပိုပြီး တင်းကျပ်လာလေမလား ဆိုတဲ့ မေးခွန်းတွေလည်း စာပေနယ်ပယ် အသိုင်းအဝိုင်းမှာ ထွက်ပေါ်နေပါတယ်။ ဒီအကြောင်း ဒေါ်မေငြိမ်းက တင်ပြထားပါတယ်။
ဆယ်စုနှစ်တွေနဲ့ချီ သတင်းလွတ်လပ်ခွင့် ပိတ်ပင် ကန့်သတ်ခံနေရဆဲဖြစ်တဲ့ မြန်မာနိုင်ငံမှာ မီဒီယာဥပဒေ ပြဌာန်းဖို့ ပြန်ကြားရေး ဝန်ကြီးဌာနက လွှတ်တော်မှာ တင်ပြဖို့ပြင်ဆင်နေတဲ့ တချိန်တည်းမှာပဲ လွှတ်တော် အမတ်တွေကလည်း ဥပဒေကြမ်းမှာ ဘာတွေ ပါရှိသင့်တယ်ဆိုတာကို သတင်းမီဒီယာ အသိုင်းအဝိုင်းက ပုဂ္ဂိုလ်တွေနဲ့ ဆွေးနွေးနေကြပါပြီ။
ဥပဒေကြမ်းကို အတည်ပြုပေးရမယ့် လွှတ်တော်အမတ် တချို့ကတော့ မီဒီယာဥပဒေ မပြဌာန်းခင်မှာ အရင်ကရှိနေတဲ့ ၁၉၆၂ ခုနှစ် ပုံနှိပ်ထုတ်ဝေသူများ ဥပဒေ၊ အီလက်ထရောနစ် ဆက်သွယ်ရေးဥပဒေ၊ အသရေဖျက်မှုဆိုင်ရာ ဥပဒေ စတဲ့ ပြဌာန်းချက်တွေကို ဖျက်သိမ်းဖို့ လိုတယ်လို့ ပြောဆိုကြပါတယ်။ မီဒီယာဥပဒေကြမ်းဟာ နိုင်ငံတကာ လူ့အခွင့်အရေး ကြေညာစာတမ်းပါအချက်တွေနဲ့ ညီညွတ်ဖို့လိုမယ်လို့ သင်္ကန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွှန့်က ပြောပါတယ်။
“လွှတ်တော်မှာ သတင်းမီဒီယာ လွတ်လပ်ခွင့်ကို ၂၁ ရာစုနဲ့ကိုက်ညီအောင် ပြန်လည် ပြုပြင်ရေးဆွဲဖို့၊ အထူးသဖြင့် လူ့အခွင့်အရေး ကြေညာစာတမ်းတွေမှာ ပါတဲ့အချက်တွေနဲ့အညီ ပြန်လည် ဆွေးနွေးဖို့ ကျနော် လွှတ်တော်မှာ တင်ပြခဲ့တာရှိပါတယ်။ အဲဒီအထဲမှာ ကျနော် အပိုင်းနှစ်ပိုင်း ခွဲကြည့်တယ်။ မီဒီယာ လွတ်လပ်ခွင့်ကို ပေးတော့မယ်ဆိုရင် မီဒီယာတွေကို ဖိနှိပ်ထားတဲ့ ဥပဒေတွေကို အရင် ပယ်ဖျက်၊ ပြင်ဆင်၊ အသစ်ရေးဆွဲဖို့လိုပါတယ်။”
ဖဆပလခေတ်၊ ဆိုရှယ်လစ်ခေတ်နဲ့ တပ်မတော် အစိုးရခေတ်တွေကို ဖြတ်သန်းလာခဲ့တဲ့ စာရေးဆရာကြီး မြောင်းမြ ဗဆွေကတော့ ဒီမိုကရေစီ အစိုးရတရပ် အုပ်ချုပ်တဲ့နိုင်ငံတစ်နိုင်မှာ မီဒီယာလွတ်လပ်ခွင့် ရှိဖို့က အရေးပါတဲ့နည်းတူ သတင်းသမားတွေဘက်ကလည်း တာဝန်ယူမှု၊ တာဝန်ခံမှုတွေ ရှိဖို့ အရေးကြီးတယ်လို့ သူက ရှုမြင်ပါတယ်။
“ဒီမိုကရေစီအစိုးရလက်ထက် ခေတ်ကျလို့ရှိရင်လည်း စတုတ္ထမဏ္ဍိုင်ကိုတော့ ဦးစားပေးရမှာပဲ။ ဒါ စည်းတော့ စောင့်ရမှာပေါ့။ စာနယ်ဇင်းကလည်း စည်းစောင့်ရမယ်။ ဒီမိုကရေစီကို အလွဲသုံးစားလုပ်ပြီးတော့ ထင်ရာဆိုင်းရေးမယ် ဆိုရင်တော့ ပြဿနာတွေ အများကြီး ပေါ်လာနိုင်တယ်။”
ထွက်ပေါ်လာမယ့် မီဒီယာဥပဒေဟာ မီဒီယာလွတ်လပ်ခွင့်ကို ထိန်းချုပ်လိုက်မယ့်ဥပဒေမျိုး ထပ်ပြီးမဖြစ်ဖို့ လိုတယ်လို့ သုံးသပ်သူတွေလည်း ရှိပါတယ်။ အစိုးရသစ် ပြောင်းလာတဲ့အချိန်မှာပဲ သတင်းမီဒီယာနဲ့ ပတ်သက်ပြီး အရင်ကရှိခဲ့တဲ့ စာပေစိစစ်ရေးဘက်က ဖြေလျှော့ပေးမှု တချို့ ရှိခဲ့ပါတယ်။ ဂျာနယ်တွေ ထုတ်ပြီးမှ စာပေစိစစ်ရေးကို တင်ရတာမျိုးလို ဖြေလျှော့မှု တချို့ ရှိလာပေမဲ့ သတင်းအားလုံးကိုတော့ စာပေစိစစ်ရေးက တစ်နည်းတဖုံနဲ့ ဆင်ဆာ တည်းဖြတ်နေဆဲ ဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်ကတော့ လာမယ့် မီဒီယာဥပဒေကြမ်းဟာ သတင်းလွတ်လပ်ခွင့်ကို အာမခံဖို့လိုမယ်လို့ ပြောပါတယ်။
“မီဒီယာဥပဒေ ဆိုတာဟာ သတင်းစာ၊ စာနယ်ဇင်းလုပ်ငန်းတွေ၊ စာနယ်ဇင်းသမားတွေ လွတ်လွတ်လပ်လပ် ပြည်သူလူထုရဲ့ဆန္ဒအတိုင်း သတင်းမှန်တွေကို မြန်မြန်ဆန်ဆန်နဲ့ ထုတ်နိုင်ဖို့၊ အဲဒီလိုဖြစ်မယ်ဆိုရင်တော့ အလွန်ကို အကျိုးရှိမယ်လို့ ကျနော် တစ်ယောက်တည်းအနေနဲ့ မြင်တယ်။”
မီဒီယာဥပဒေမှာ ဘယ်အချက်အလက်တွေ ပါဝင်သင့်တယ် ဆိုတာကိုတော့ သတင်းစာနယ်ဇင်းသမားတွေနဲ့ ဥပဒေပြု လွှတ်တော်အမတ်တွေ ဆွေးနွေးခဲ့ကြပါတယ်။ သတင်းလွတ်လပ်ခွင့်အတွက် ဘာတွေ ထည့်သွင်း ပြင်ဆင်သင့်တယ် ဆိုတာကို လွှတ်တော်အမတ် ဦးသိန်းညွှန့်က အခုလို ပြောပါတယ်။
“မီဒီယာဥပဒေဟာ စတုတ္ထမဏ္ဍိုင် မီဒီယာသမားတွေ လုပ်ရဲကိုင်ရဲ၊ ရေးရဲဆိုရဲ၊ ပြောရဲသတင်းယူရဲအောင် အကာအကွယ်ပေးဖို့ လိုပါတယ်။”
လတ်တလောမှာတော့ မြန်မာနိုင်ငံဟာ သတင်းလွတ်လပ်ခွင့် မရှိတဲ့ နိုင်ငံတစ်ခုအဖြစ် သတ်မှတ်ခံနေရဆဲပါ။ သတင်းရယူတဲ့အတွက် သတင်းထောက်တွေ ထောင်ချခံနေရဆဲ ဖြစ်ပြီး သတင်းလွတ်လပ်ခွင့်ကို ကန့်သတ်တဲ့ ဥပဒေတွေလည်း ရှိနေဆဲဖြစ်ပါတယ်။ ပြည်တွင်း စာပေ အနုပညာ ထုတ်ဝေမှုမှန်သမျှကို စာပေစိစစ်ရေးနဲ့ မှတ်ပုံတင်ဌာနက ဆင်ဆာ တည်းဖြတ်နေဆဲလည်း ဖြစ်ပါတယ်။ ဒါကြောင့် ပြည်တွင်း သတင်းသမားတွေကတော့ အသစ်ပြဌာန်းမယ့် ဥပဒေက သတင်းလွတ်လပ်ခွင့်နဲ့ သတင်းသမားတွေရဲ့ လုံခြုံရေးကို အာမခံချက်ရှိတဲ့ ဥပဒေတရပ် ပေါ်ပေါက်လာဖို့အရေး ဆန္ဒရှိနေကြတာ ဖြစ်ပါတယ်။